>Tin Moe by Htain Linn

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၂၃)
အမျိုးသားစာဆို ကဗျာဆရာတင်မိုး
ထိန်လင်း
ဇန်န၀ါရီ ၂၃၊ ၂၀၀၉
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အကြောင်း ရေးသားတုန်းက အမေရိကန်သမ္မတ ဂျွန်ဆင်ဟာ ဦးသန့်ရဲ့ ၆၄ နှစ်ပြည့်မွေးနေ့မှာ ကွယ်လွန်ခဲ့တဲ့အကြောင်း ဦးသန့်ရေးထားတဲ့စာအုပ်ထဲက ကောက်နုတ်ပြီး ပြောပြခဲ့ပါတယ်။ တကယ်တော့ သူကွယ်လွန်ပြီးမှ သူ့မွေးနေ့မှာ ကွယ်လွန်ခဲ့တဲ့ စာဆိုကြီးတစ်ယောက်အကြောင်းတော့ ဦးသန့် သိမသွားခဲ့ပါဘူး။ သူကတော့ ကဗျာဆရာကြီး တင်မိုးဖြစ်ပါတယ်။ ဆရာတင်မိုးက ၂ဝဝ၇ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကွယ်လွန်ခဲ့တာဆိုတော့ ဦးသန့်ရဲ့ ရာပြည့်မွေးနေ့ဖြစ်တဲ့ အခုနှစ်မှာ ဆရာတင်မိုး ကွယ်လွန်ခဲ့တာ ၂ နှစ်ပြည့်ခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို ပုဆိုးနဲ့ ပင်နီတိုက်ပုံ ဝတ်ဆင်ရင်း သွားလာခဲ့တဲ့ ဆရာဟာ မြန်မာပြည်ကို သိပ်ချစ်တဲ့သူဖြစ်ပါတယ်။

မြန်မာပြည်ကို ပြန်ရင် သူ့အတွက်အန္တရာယ်ရှိလို့ ဘယ်လိုမှ မပြန်ဖြစ်ခဲ့ပေမယ့် အမြဲတမ်း မြန်မာပြည်ကို လွမ်းဆွတ်တဲ့စိတ်နဲ့ နေထိုင်သွားခဲ့သူ ဖြစ်ပါတယ်။ တခါတခါ ဖမ်းချင်လည်း ဖမ်း၊ ဖြစ်ချင်တာဖြစ် ဆိုပြီး ပြန်ဖို့ စိတ်ကူးမိတဲ့ အကြောင်းလည်း မကြာခဏ ပြောလေ့ရှိပါတယ်။ ဒါပေမယ့်လည်း ကလောင်နဲ့ တိုင်းပြည်အကျိုးကို သယ်ပိုးရင်း ပြည်ပမှာပဲ ကွယ်လွန်ခဲ့ရပါတယ်။ ဆရာကွယ်လွန်ခဲ့ရတာနဲ့ ပတ်သက်ပြီး အမေလူထု ဒေါ်အမာက “သူ့လို မနေရလို့ သေရရင် ကိုယ့်နိုင်ငံမှာပဲ သေစေ့ချင်တယ်။ နောက်ဆုံး မြင်ရ၊ တွေ့ရ၊ သင်္ဂြိုဟ်ရတာပေါ့” လို့ ကြေကြေကွဲကွဲ ပြောခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို တကယ်ချစ်တဲ့ အနုပညာသည်၊ လူထုဘက်က ရပ်တည်တဲ့ အနုပညာသည်ဆိုရင် ဒီလိုပဲ ရပ်တည်သွားရမယ်လို့ ဆရာက လက်တွေ့ကျင့်ကြံ နေထိုင်ရင်း ပြသသွားတယ်လို့ တွေးမိပါတယ်။

ဆရာတင်မိုးကို ၁၉၃၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ဆရာ့ရဲ့ ပထမဆုံး ပုံနှိပ်စာမူက ၁၉၅ဝ ပြည့်နှစ် သီတင်းကျွတ် အထူးအဖြစ် ထုတ်ဝေတဲ့ မန္တလေးမြို့ ပဟိုရ်စည် သတင်းစာမှာ ဖော်ပြခဲ့တဲ့ ‘ဝါကျွတ်သဘင်’ ဆိုတဲ့ ကဗျာဖြစ်ပါတယ်။ အဲဒီကဗျာကို ‘ကန်မြဲသက်နှင်း’ဆိုတဲ့ ကလောင်အမည်နဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ ကိုရင်ဂျမ်း၊ စန်းရောင် စတဲ့ ကလောင်နာမည်တွေနဲ့လည်း ရေးသားခဲ့ပြီး ‘တင်မိုး’ဆိုတဲ့ ကလောင်အမည်ကို ၁၉၅၈ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်သုံးစွဲခဲ့ပါတယ်။

ဆရာတင်မိုးအကြောင်းကို ပြောကြတဲ့အခါ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်းက ပထမဆုံး ထုတ်ဝေခဲ့တဲ့ ‘ဖန်မီးအိမ်’ ကဗျာစာအုပ်အကြောင်း ပြောတတ်ကြသလို ‘ထီးကလေးနဲ့ မနီ’ စာအုပ်အကြောင်း ပါဝင်လေ့ရှိပါတယ်။ တချို့ကတော့ လက်ရှိ ‘က ကလေးငယ် ချစ်စဖွယ်၊ ခ ခရေကုံး မလေးပြုံး’၊ ‘မမ ဝဝ ထထက အက ပထမ’ စတဲ့ သင်ပုန်းကြီးဖတ်စာထဲက ကဗျာတွေအကြောင်း ပြောကြပါတယ်။ အဲဒီ ကဗျာတွေလိုပဲ မြန်မာပြည်အနှံ့က လူတွေရဲ့ နေ့စဉ်သုံး စကားတွေထဲက ဘဝမေ့တတ်သူတွေကို ပြောလေ့ရှိတဲ့ ‘ဆီးသီးသည် မဗျိုင်း’ ဆိုတဲ့ စကားရပ်ဟာ ဆရာရေးသားခဲ့တဲ့ အကြောင်းအရာသာ ဖြစ်ပါတယ်။ ‘ဆီးသီးသည် မဗျိုင်း’ဆိုတဲ့ အဲဒီစာအုပ်ဟာ စာဖတ်ရှိန်မြှင့်တင်ရေး သက်ကြီးစာစဉ်တစ်ခု ဖြစ်ပြီး ၁၉၇၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ် ဖြစ်ပါတယ်။ ‘ဆီးသီးသည် မဗျိုင်း’ ပုံဝတ္ထုဟာ ဘယ်ပုံပြင် ဘယ်အကြောင်းအရာတွေကိုမှ ပြန်ရေးတာ မဟုတ်ဘဲ သူ့ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တဲ့အကြောင်း ဆရာကိုယ်တိုင် ပြောပြခဲ့ဖူးပါတယ်။

ဆရာတင်မိုးရဲ့ အထင်ကရ လုပ်ဆောင်ချက် နောက်တစ်ခုကတော့ ‘တို့ကျောင်းသား’စာစောင်ရဲ့ စာစီစာကုံးပြိုင်ပွဲတွေ ဖြစ်ပါတယ်။ တို့ကျောင်းသား ဆုရစာစီစာကုံးတွေဟာ အခုထက်ထိ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ အားထားရတဲ့ စာမူတွေဖြစ်ပြီး အဲဒီပြိုင်ပွဲမှာ ဆုရခဲ့တဲ့ တချို့ ကျောင်းသားတွေ ဆိုရင်လည်း လက်ရှိ မြန်မာစာပေလောကမှာ အယ်ဒီတာတွေ၊ စာရေးဆရာတွေအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ တို့ကျောင်းသား ထုတ်ဝေသူဖြစ်တဲ့ စာရေးဆရာ မင်းယုဝေကို အဲဒီပြိုင်ပွဲတွေ ပြုလုပ်ဖို့ ဆရာက အကြံပေးခဲ့သလို ပြိုင်ပွဲ တလျှောက်မှာလည်း အကဲဖြတ်အဖွဲ့ အတွင်းရေးမှူးအဖြစ် စာမူရွေးချယ်တာတွေ၊ မှတ်ချက်ရေးသားတာတွေ လစဉ် ပြုလုပ်ခဲ့ပါတယ်။

ဒီလို ကဗျာတွေ၊ စာပေတွေကြားမှာပဲ နေထိုင်လာခဲ့တဲ့ ဆရာဟာ ၈၈ ဒီမိုကရေစီ အရေးတော်ပုံ ပေါ်ပေါက်လာတဲ့အခါ လူထုဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တတ်သိပညာရှင် အဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုရင်၊ အာဏာရှင်ကို အံတုတယ်ဆိုရင် စာပေသမားဖြစ်ဖြစ် ဘာဖြစ်ဖြစ် သည်းမခံဘူးဆိုတဲ့ ခေတ်ဆိုတော့ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ဖမ်းဆီး ထောင်ချတာကို ခံခဲ့ရပါတယ်။ ထောင်က ပြန်ထွက်လာပြန်တော့လည်း ပိတ်ပင် တားမြစ်တာတွေ အလုပ်ခံရပြီး နောက်ဆုံး ပြည်ပမှာပဲ နေထိုင်ခဲ့ရတဲ့ အဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ ထောင်က ပြန်လွတ်လွတ်ချင်း ဆရာ့ကို စာရေးခွင့် ဖွင့်ပေးလား လို့ ကျနော်က မေးကြည့်တော့ ဆရာက အာဏာပိုင်တွေရဲ့ ဆက်ဆံပုံ တချို့အကြောင်း အခုလို ပြောပြဖူးပါတယ်။

“ဖွင့်ပေးလို့ ဘယ်ရမလဲ။ ၂ ခါလောက် လာပြီးတော့ကို ဟိုဟာပေး ဒီဟာပေး ပေးတာ။ ငွေ ဘယ်လောက်လိုသလဲ၊ ရင်းနှီးမြှုပ်နှံဖို့ ဘယ်လောက်လောက် လိုသလဲ၊ သိန်းနှစ်ဆယ် ဆိုလည်း နှစ်ဆယ်၊ ငါးဆယ်ဆိုလည်း ငါးဆယ် ပေးမှာ။ တိုက်ခန်းလိုသလား တယ်လီဖုန်း လိုသလားပေါ့။ လာပေးနေတာ။ ကျနော်က အဲဒါတွေ နားမလည်ဘူးဗျာ လို့၊ ကျေးဇူးတင်ပါတယ်။ ကျနော်က လွတ်ရင်ကိုပဲ ဝမ်းသာပါပြီ။ မဟုတ်ပါဘူး တဲ့၊ လူကြီးတွေက လွှတ်လိုက်လို့ပါ တဲ့။ ဘယ်သူ ဘယ်သူတွေကတော့ မပြောဘူး၊ တစ်ခါတောင် လာပြောတယ်။ ကျေးဇူးတင်ပါတယ် လို့၊ ကျနော် စီးပွားရေး မလုပ်တတ်တော့ ကိုယ်က စာသင်တာနဲ့ စာရေးတာ ဒါပဲ ဝါသနာပါတယ်။ ကလေးတွေလည်း ပျော်ကုန်ကြပါပြီ ကျနော်လွတ်လာတော့။ ကျေနပ်ပါပြီ၊ သည်းခံပါဗျာ လို့ အဲဒီလို ပြောလိုက်တယ်။ ယဉ်ယဉ်လေးနဲ့ ငြင်းလိုက်တာ။ သိမ်းသွင်းဖို့ ကြိုးစားတာပေါ့လေ နော်။ သြော် – ကိုယ်ကလည်း ကိုယ့်သမိုင်းကို အဲလိုကြီး ဘယ်လိုလုပ် ရောင်းနိုင်မှာလဲ။ ပထမတော့ သူက ပျူပျူငှာငှာ ဖြစ်နေတာ လွတ်လာတော့။ အဲဒါလည်း ကိုယ်က ငြင်းပြီးရော နောက် ထောက်လှမ်းရေးက လိုက်တော့တာပဲ။ ဒီကောင် မရဘူး၊ စောင့်ကြည့်မှ ဆိုပြီး နောက်ကနေ တကောက်ကောက် ဖြစ်သွားတယ်”

ဆရာဟာ ပုံနှိပ်ဖော်ပြခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကဗျာတွေကို မရပ်မနား ရေးခဲ့သူဖြစ်ပါတယ်။ ဆရာ့ရဲ့ ထူးခြားချက်ကတော့ ကဗျာတွေရေးသားတဲ့အခါ ပြင်လိုက် ဖျက်လိုက် ရေးသားတာတွေမဟုတ်ဘဲ ပြင်ရာဖျက်ရာမရှိဘဲ ရေးသားနိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ ဆရာ့ရဲ့ ကဗျာနဲ့ စကားပြေ လုံးချင်းစာအုပ်ပေါင်း ၂ဝ ကျော်ရှိပြီး ပုံနှိပ်ဖော်ပြခြင်း မရှိသေးတဲ့ ဆရာ့ကဗျာတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဒီစာမူတွေအားလုံး မပျောက်မပျက်နဲ့ တချိန်မှာ ပုံနှိပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဆရာ့ရဲ့ကဗျာတွေ စာတွေမှာ အညာရနံ့၊ မြန်မာပြည်ရနံ့တွေ အမြဲတမ်း ကိန်းအောင်းနေပြီး လက်ရှိ အချိန်အခါတွေနဲ့လည်း ကိုက်ညီတာတွေ တွေ့ရပါတယ်။ မြန်မာပြည်ကို ဘယ်လို လွမ်းဆွတ်ကြောင်း၊ မြန်မာပြည်ကို ဘယ်လို ကောင်းစားစေချင်ကြောင်း စေတနာတွေကိုလည်း သူ့စာတွေမှာ တွေ့နိုင်ပါတယ်။ ဒီလိုပညာရှင်မျိုး ဆုံးရှုံးလိုက်ရတာ တိုင်းပြည်အတွက် အရမ်း နစ်နာလှပါတယ်။ တချိန်မှာတော့ ဆရာတင်မိုး အပါအဝင် ဂုဏ်ပြုထိုက်သူတွေကို ထိုက်ထိုက် တန်တန် ဂုဏ်ပြုနိုင်မယ်လို့ ယူဆမိပါတယ်။ ။

ထိန်လင်း (၄၊ ၁၉၊ ၂ဝဝ၈)

၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂၃ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts