>Tin Moe by Phong Myat Kyaw

>

အလင်္ကာပန်းသခင် ဖန်မီးအိမ်ရှင်
ဘုန်းမြတ်ကျော်

ဇန်န၀ါရီ ၁၈၊ ၂၀၀၉
(၁)

၂ဝဝ၇ ဇန်နဝါရီလ၊ ၂၂ ရက်နေ့၊ လော့စ်အိန်ဂျယ်လိစ်၊ ဒေသစံတော်ချိန် ၃နာရီ။ ယူနီယံစတေရှင် ဘူတာရုံထောင့်ထဲအဖြတ်မှာ ထိုင်ခုံကလေးတွေကို ထီးရောင်စုံမိုးထားတဲ့ နေရာလေးကို တွေ့လိုက်ရတော့ သူအတော်လေး သဘောကျသွားတယ်။

တခါမှ မရောက်ဖူးတဲ့နေရာမို့ အသစ်အဆန်းဖြစ်ရတယ်။ ဒါကြောင့် အဖော်ပါလာတဲ့ ကိုတင်မောင်မြင့်ကို ဒီဆိုင်လေးမှာ ထိုင်ဖို့ အဖော်ညှိလိုက်တယ်။ တဆက်ထဲပဲ ဆိုင်လေးဘာလေးမရှိဘူးလားလို့ မေးလိုက်တယ်။ သူ့အထာကို သဘောက်ပေါက်တဲ့ ကိုတင်မောင်မြင့်က ခေါင်းညိတ်ပြီး ထွက်သွားတော့တယ်။ မကြာပါဘူး။ လက်ထဲမှာ အငွေ့တလူလူနဲ့ ကော်ဖီတခွက်။

ရထားလက်မှတ်လည်း ဝယ်ပြီးပြီဆိုတော့ ကော်ဖီကို ခပ်သွက်သွက် သောက်လိုက်ရတယ်ပေါ့။ ရင်ထဲ နွေးသွားတယ်။ ၃နာရီ ၂ဝ ရထားထွက်မှာကြောင့် ဘူတာစင်္ကြန်ဆီ နှစ်ယောက်သား ခပ်သုတ်သုတ် ထွက်လာခဲ့ကြတယ်။ ရထားပေါ်တက်တာနဲ့ ရထားက လူးလွန့်စပြုပြီ။ ရထားထိုင်ခုံ ထိုင်မိတာနဲ့ သူ စိတ်ပျက်ရတယ်။

ရထားလားရာနဲ့ သူထိုင်တဲ့နေရာက ပြောင်းပြန်ဖြစ်နေတယ်။ ပြတင်းပေါက်က ရှုခင်းတွေကို သူ ကြည့်လိုက်တော့ မြင်ကွင်းတွေက သူ့အပါးက အဝေးဆီဖယ်ခွာနေတယ်။ သူ မနှစ်သက်။ ဒါကြောင့် ထိုင်ခုံရှေ့က အသားမည်းမလေးကို “ကျေးဇူးပြု၍” ဆိုတဲ့ စကားတခွန်းနဲ့ နေရာလဲလိုက်ရတယ်။

ရထားပြတင်းကနေတဆင့် အပြင်ဘက် မြင်ကွင်းတွေကို မျက်နှာချင်းဆိုင် ကြည့်ရတာ အတော် နှစ်ခြိုက်စရာကောင်းတယ်။ ရှခင်းလှလှတွေက ကလေးငယ်တွေ ကိုယ့်ရင်ခွင်ထဲ ပြေးဝင်လာသလိုပဲ။ လက်ဆန့်တန်း ပွေ့ဖက်မိတယ်။ ရထားက အရှိန်ရလာသလို တရွေ့ရွေ့ ပြေးလွှားနေတဲ့ မြင်ကွင်းတွေကလည်း ဇာတ်ခုံနောက်ခံ ပန်းချီကားချပ်တွေနှယ် ဖျတ်ခနဲ ဖျတ်ခနဲ ပြောင်းလဲနေတယ်။

ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ အဆောက်အဦးတွေ၊ ပန်းခြံ၊ ခရစ္စမတ် ထင်းရှုးပင် ချွန်ချွန်တွေ။ နေခြည်လဲ့လဲ့က သစ်ပင်အဆောက်အဦးတွေကြား ပေါ်လိုက်ပျောက်လိုက်နဲ့။ ဒီအချိန်ဆိုရင် သူ့ဇာတိ မွေးရပ် အညာမြေမှာ – – – ။

သူက ပြည်ပရောက်တာ ၈နှစ်ရှိခဲ့ပေမဲ့ ဘာရှုခင်း ဘာအဆောက်အဦ တွေ့တွေ့ ကိုယ့်မြို့ ကိုယ့်ရွာ ကိုယ့်ဒေသနဲ့ပဲ နှိုင်းကြည့်ကာ သတိတရဖြစ်မိတာ အကျင့်ဖြစ်နေပြီလေ။ နိုင်ငံချစ်စိတ်နဲ့အတူ ဇာတိလွမ်းစိတ်က ခွဲခြားမရအောင် အသွေးအသားထိအောင် စွဲနေတော့လည်း အလွမ်းစိတ်နဲ့ ကဗျာတွေ ရေးမိပြန်တယ်။

‘ကဗျာဆရာ ငါဖြစ်တော့
ငါချစ်တဲ့ အမိမြေ
အလွမ်းတွေ ဝေ၏ ။
သူတို့ပြည် သူတို့ရွာ
တိုက်တာတွေ လမ်းတွေ အသစ်နဲ့
ခေတ်မီမီ ပုံစံကျ
အစစပြည့်စုံ
နတ်ဘုံလိုအရောင်တောက်ပေမဲ့
ဝမ်းမြောက်ဖွယ်ရှိသော်လည်း
လွမ်းလောက်ဖွယ်မရှိ။’

ရထားက တဝေါဝေါ ရွေ့လျားနေတယ်။ လမ်းကွေ့အကောက်မှာ ရထားခေါင်းတွဲက မြွေတကောင်လို တရှောရှော၊ ကျောပြင်ကပြောင်ချောချော။ ဘူတာမှတ်တိုင်တွေကို ရေတွက်မိတော့ တဘူတာ၊ နှစ်ဘူတာ၊ နောက်တဘူတာပြီးရင် သူတို့ခရီးဆုံးမဲ့ ဘော်ဒွင်ပါ့ခ်ကို ရောက်တော့မယ်လို့ ကိုတင်မောင်မြင့်က လှမ်းပြောလိုက်တယ်။

ဘူတာသုံးခု၊ နာရီဝက်၊ သူက ရှုခင်းတွေက ခံစားလို့အားမရသေး။ အဲဒီကတဆင့် ကိုယ်ြ့ပည်ကိုယ့်ရွာအလွမ်းကို ပန္နက်ရိုက်တုန်းရှိသေး။ ရွာ ဆိုတာက သူရဲ့ ဇာတိမွေးရပ်မြေ ဇဂျမ်းကန်မြဲ။

(၂)

ရခိုင်ရိုးမနဲ့ ပဲခူးရိုးမနှစ်ခုတို့ အတားအဆီးကြောင့် ဗမာပြည်အလယ်ပိုင်းကို မုတ်သုံလေက ကျော်ဖြတ်မလာနိုင်ခဲ့တာကြောင့် မိုးခေါင်ရပ်ဝန်းဒေသ ဖြစ်ခဲ့ရတယ်။ အပူပိုင်းလွင်ပြင် ဖြစ်ခဲ့ရတယ်။

‘မြူတွေကဆိုင်းဆိုင်း
မုန်တိုင်းကမှုန်မှုန်
ဖုံတွေကတထောင်းထောင်း
လှည်းလမ်းကြောင်းပေါ်မှာ
ထနောင်းကြောင်ခြစ်
ဆူးရစ်ပွင့် ခါ
မိုးမရွာသည်
ရွာပါသော်လည်း၊မိုးမသည်း။ ’

မြောက်မှ တောင်သို့ စီးဆင်းနေတဲ့ ဧရာဝတီမြစ် ကြီးက အညာဒေသကို ဖြတ်တော့ တနေရာအရောက် ဆီမီးခုံ၊ မြင်းခြံ၊ ညောင်ဦး စတဲ့မြို့တွေကို လက်မောင်းနဲ့ပွေ့ချီပြီး ဗမာပြည်အတွင်းပိုင်း ရင်ခွင်ထဲဆွဲသွင်းနေသလိုပါပဲ။

မြင်းခြံနဲ့တောင်သာကြားမှာတော့ သူ့ ဇာတိမွေးရပ်မြေ ဇဂျမ်းကန်မြဲ။

‘ ဇဂျမ်းကန်မြဲမှာ
နှမ်းကြဲတာ စမ်းဆွဲတာ မင်းအသိ’
‘ ဇဂျမ်းကန်မြဲမှာ
ပန်းလဲအဖြာဖြာနဲ့
စခန်းလဲသာပါဘိ။ ’

‘ဇဂျမ်းကန်မြဲ
ဝမ်းနည်းစရာက
လမ်းလဲမသာဘိ။’

ညွန့်ဗွက်တွေအထဲမှာ
ထွန်စက်တွေ ကျွဲလိုမောင်း
တဂျောင်းဂျောင်းနေ၏။’

‘ဇဂျမ်းကန်မြဲမှာ
ရဟန်းလဲတဝါဝါ နဲ့
ဆွမ်းပွဲတကာတွေ အပြည့်
လမ်းထဲမှာ အရမ်းဆဲတာလဲ မရှိ။’

‘ရွာလုံး ကြီး သလောက်
ရွာဘုန်းကြီး ရွာအဆုံးအမတွေနဲ့
ရတနာ သုံးဝရှိ။’

သူက ဇာတိမွေးရပ်မြေကို သတိရလွမ်းဆွတ်မိတိုင်း ကဗျာတွေ ရင်ထဲဖိတ်အန်ပွင့်ထွက်လာစမြဲပင်။ ဘယ်တော့များမှ ကိုယ့်ရပ်ဌာနေမှာ ခေါင်းချပျော်နိုင်လေမလဲလို့ စိတ်အစဉ်မှာ တွေးနေဆဲ။

‘မြေသားရဲရဲ၊ ပဲနှမ်းကြဲလို့
ကန်မြဲ ဇဂျမ်းမှာ ပျော်ချင်တယ်။ ’

သူက လောကကိုချစ်သူ၊ ကဗျာကိုမြတ်နိုးသူ၊ ဂီတကိုတွယ်တာသူ၊ စာပေမွေ့လျော်သူ၊ အမှန်တရားနဲ့ငြိမ်းချမ်းရေးကို အလိုရှိသူ၊ ပြည်သူ့ဘက်ရပ်တည်တဲ့ ကဗျာဆရာဘဝ ခံယူမိပြန်တော့လဲ ဒါတွေအားလုံးက သူ့အတွက်သစ္စာတရား ဖြစ်ခဲ့ရတယ်။

(၃)

၂ဝဝ၇ ဇန်နဝါရီလ၂၂ ရက် နေ့၊ လော့စ်အိန်ဂျယ်လိစ်၊ ဒေသစံတော်ချိန် ၃နာရီ ၅၅မိနစ်။ ဘော်ဒွင်ပါခ်ဘူတာကိုရောက်တော့ လူတွေအသီးသီး ရထားပေါ်က ဆင်းကြတယ်။ ကိုယ်လိုရာ ခရီးဆုံးပြီမဟုတ်လား။ ရထားကတော့ဆက်ထွက်သွားပြီ။

ဆရာဦးသုခရဲ့ ‘ခရီးပန်းတိုင်မရောက်မချင်း တယောက်ဆင်း တယောက်တက် ဆက်လက်ထွက်ခွာလာ’ ဆိုတဲ့ ဘဝသံသရာ သီချင်းထဲကလိုပါပဲ။ သူလည်း သံသရာခရီးသည်တယောက်မို့ ခရီးပန်းတိုင်မရောက်မချင်း ဆက်လက်ချီတက်ဖို့ပဲပေါ့။ တရွာထဲသား ကန်မြဲကိုအေးကျော်ရဲ့ ကဗျာ တပိုင်းတစကို သူ ရွတ်မိသေးတယ်။

‘သံသရာဘဝ ဓာတ်ပြားပြင်ဆီ
နာမ်ခန္ဓွာနှစ်ဝ ဇာတ်လျားအစဉ်သည်
ကံကြမ္မာက အပ်သွားတင်လေပြီ’

ကိုတင်မောင်မြင့်နဲ့ ဘူတာရုံထဲကနေ ပစိဖိတ်အဲဗဲနယူးလမ်းမပေါ် နှစ်ယောက်သား တွဲလျှောက်လိုက်တယ်။ မီးပွိုင့်တခုအရောက် သူက ကိုတင်မောင်မြင့်ကို လက်ကာပြလိုက်ပြီး အနားက ကျောက်ခုံလေးပေါ် ခဏ နားလိုက်တယ်။ အပြင်မှာ အအေးဓာတ်က လွမ်းခြုံထားပေမဲ့ သူ့ရင်ထဲမှာ ဘာရယ်မသိ ပူရှိန်းရှိန်းခံစားနေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူငယ်ချင်းကြည်အောင်နဲ့ မန္တလေးတက္ကသိုလ် ကျောက်သားလှေကားရင်းမှာ သီချင်းတွေဆိုခဲ့တာ အမှတ်ရမိသေးတယ်။

‘ အသက်ရထား
မောင်းနှင်သွား ပြီပေါ့လေ။
ခံစားမှုဆိုတဲ့
ငွေသားခရီးစရိတ်
အိတ်ထဲမှာကျန်သေးရဲ့လားမိတ်ဆွေ’
ကျောက်ခုံလေးပေါ် ထိုင်နေရာကထပြီး မီးပွိုင့်ကတဆင့် သူတို့နှစ်ယောက် လမ်းဖြတ်ကူးလိုက်ကြတယ်။ လမ်းဘေးပလက်ဖောင်းပေါ် ဖြတ်အလျှောက် ကုန်စုံဆိုင်လေးတဆိုင်မှာ စီးကရက် ၂ဘူး ဝင်ဝယ်လိုက်တယ်။

“ဆေးပေါ့လိပ် တဖွာနှစ်ဖွာ
ငါသာယာနေ၏။

စီးကရက်ကိုတော့
မီးမပျက်အောင် ငါခဲပေမဲ့
အစွဲအလမ်းမရှိ။”

သူ ဆေးလိပ်မပြတ်ဖွာတိုင်း အနီးအနားက မိတ်ဆွေတစုက စေတနာ၊ ကရုဏာ၊ မေတ္တာအပြည့်နဲ့ အမြဲတစေ ပြောကြတယ်။ “ဆရာဆေးလိပ်သောက်တာများလှတယ်၊ လျှော့ပါဆရာ။ဖြတ်ပါဆရာ။” “ဆရာသိပ်ဝနေတယ်။ ကျန်းမာရေးဂရုစိုက်ပါအုံး။ လိုအပ်တဲ့ဆေးတွေကောသောက်ရဲ့လား။ လက်ဖက်ရည်လဲလျှော့ပါအုံး”

သူက မျက်လုံးပိတ်အောင် ရယ်မောတတ်တယ်။ သူ့မှာ ဘာအနှောင်အဖွဲ့မှ မရှိချင်။ လွတ်လပ်ချင်တယ်။ ဆေးကို ပုံမှန်သောက်ရတာလည်း သူ့အတွက် အတားအဆီးတခုလို။ ဆေးစစ်သွားရတာလဲ သူ့အတွက် အနှောက်အယှက်တခုလို။

တဖြည်းဖြည်းနဲ့ လျှောက်လာလိုက်ကြတာ ကျောက်ခုံလေးတွေကို ထီးတွေမိုးထားပြီး သားသားနားနား ပြင်ဆင်ထားတဲ့ မက္ကဆီကိုဆိုင်လေးကို ရောက်လာခဲ့ကြတယ်။ ဒီနေရာနဲ့ဆို သူ့အိမ် သိပ်မဝေးတော့တဲ့ခရီးမို့ ခဏနားချင်သေးတယ်။ ပြီးတော့မှ အိမ်ပြန်မယ်ပေါ့။

ကြည်အောင်က “ဆေးလိပ်တွေလည်း တိုပြီ၊ နေလည်း ညိုပီ၊ ကျနော်အိမ်ပြန်တော့မယ်”တဲ့။ အဲဒီလျှပ်တပြက်အချိန်လေးမှာပဲ “ဟေ့ – – ခဏနေဦးဆိုပြီး ရှေ့မှာ ချထားတဲ့ ဗလာစာအုပ်လေးထဲမှာ ကောက်ခြစ်မိလိုက်တယ်”။ ‘ဧည့်သည်ကြီး’ လို့ ခေါင်းစဉ်တပ်လိုက်မိတယ်။

ဘူတာရုံတုန်းက ကော်ဖီသောက်လာတော့ ဒီဆိုင်မှာ အအေးရရင် အအေးပဲသောက်တော့မယ်လို့ စိတ်ကူးမိတယ်။ ခုနက ရင်ထဲပူထားတာကြောင့်လည်း ဖြစ်နိုင်တယ်။ ညနေစောင်းလာတော့ အအေးဓာတ်နဲ့ အမှောင်ဓာတ်က မိတ်ဆွေဖွဲ့ တိုက်ခိုက်ကြလေပြီ။ ကောင်းကင်မှာတော့ မြူပဝါပါးပါးလှပ်လှပ်က အလင်းဓာတ်ကို ပိတ်ဆီးထားတယ်။

အလင်းက မှိန်ဖျော့ဖျော့။ ကားသံလူသံဆူညံသံ ရုတ်တရက် တိတ်ဆိတ်သွားတယ်။ အရာဝတ္ထုပုံရိပ်တွေက မှုန်ဝါးသွားတယ်။ သူတယောက်ထဲ အထီးကျန်သွားသယောင်ယောင်။ အို- – တကယ်ဖြစ်နေတာတွေလား။ အိပ်မက်လား။ ဒါဟာ ကဗျာတပုဒ်ထက်တော့ မပိုလောက်ဘူးထင်ပါရဲ့။ သူ့လက်ထဲက အအေးခွက်ကိုနှုတ်ခမ်းမှာတေ့ပြီး တငုံသောက်လိုက်တယ်။ နှာခေါင်းဝမှာ အေးမြမြ တချက်စိမ့်ကနဲ ဖြစ်သွားတယ်။လည်ချောင်းဝမှာလဲ ပူရှိန်းရှိန်းနဲ့။ ချောင်းဟန့်လိုက်တော့ ‘သီး’သွားတယ်။

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုအိမ်ပြန်ပို့ကြပါလေ။ တဲ့

ကြည်အောင်က “ဟော – – – ဟုတ်တယ်ဗျို့ – – – ကျနော်ပြန်တော့မယ်”။ တဲ့။ သူပျောက်ကွယ်သွားပါတယ်။

ဆရာတင်မိုးကွယ်လွန်ခြင်း(၂)နှစ်ပြည့်အမှတ်တရ

၁၅-၁-ဝ၉

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts