>a letter on the coming school

>

ဝမ်းမြောက်ကြည်သာ သာဓု စာ
အရှင်ဉာဏိက

ဇန်န၀ါရီ ၁၅၊ ၂၀၀၉

ဒကာကြီး (ကိုယ့်အဖေ) အလွန်ဆန္ဒရှိနေတဲ့ ရွာအလယ်တန်း ကျောင်းဆောင်လေး ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး ‘အဖေပေးတဲ့ အားဆေးတခွက်’ ခေါင်းစဉ်နဲ့ ဆောင်းပါးလေးတပုဒ် ရေးဖြစ်ခဲ့တယ်။ ရေးလိုက်တုန်းကတော့ ဘာရယ်လို့ မဟုတ်ဘူး။ ကိုယ့်စိတ်ထဲ ရေးလိုစိတ်ပေါက်လို့ ရေးဖြစ်လိုက်တာ။ ဦးတည်ချက်လည်း ကြီးကြီးမားမား မရှိဘူး။ ပြောရလျင် အများတကာ ဖတ်ဖို့အထိတောင် ရည်ရွယ်ပြီး ရေးခဲ့တာ မဟုတ်ဘူး။ စိတ်လိုလက်ရရှိတဲ့အခါများမှာ ရေးလေ့ရှိတဲ့ နေ့စဉ်မှတ်တမ်းရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ရေးလိုက်တာ။

ရေးပြီးခါမှသာ ကိုယ်လို ဘဝတူတွေရှိလို့ ကိုယ့်လိုပဲ အမှတ်တမဲ့နေသူတွေရှိခဲ့လျင် ကိုယ့်ရပ်ကိုယ့်ဒေသကို ပြန်လည်အမှတ်ရစေဖို့ဆိုတဲ့ စိတ်ကူးလေး ဝင်လာတာနဲ့ အများတကာ ဖတ်နိုင်အောင်ဆိုပြီး ကိုယ့်ဆီမှာရှိနေတဲ့ အီးမေးအချို့နဲ့ မီဒီယာအချို့ကို ပေးပို့လိုက်တာ။ ပြည်တွင်းက အလင်းတန်းဂျာနယ်နဲ့ ပြည်ပရှိ မီဒီယာအချို့က အများသူငါ ဖတ်နိုင်အောင် အဲဒီဆောင်းပါးလေး ဖော်ပြပေးခဲ့ကြတယ်။ ဒီအတွက် ကျေးဇူးပါ။

လက်ရှိသင်ကြားနေသော ကျောင်းဆောင်လေး

ကိုယ့်အထင်နဲ့ ရည်ရွယ်ချက်လေး မှန်ကန်သွားတယ်လို့ပြောရမယ်။ ကိုယ့်လိုပဲ ပြည်ပနိုင်ငံတနိုင်ငံမှာ နှစ်ပေါင်းများစွာ သီတင်းသုံးနေတဲ့ဆရာတော်တစ်ပါးက ကိုယ့်ဆီ အီးမေး ပို့လာတယ်။ သူလည်း ငယ်စဉ်က ကိုယ့်လိုအဖြစ်မျိုး ကြုံခဲ့ရကြောင်း။ သို့ပေမယ့် အခြားနေရာ တော်တော်များများအတွက် သူတတ်နိုင်သလောက် အလှူဒါနတွေ ပြုခဲ့ပေမယ့် သူ့မွေးရပ်ရွာမှာ မရှိသေးတဲ့ အထက်တန်းကျောင်း ပေါ်ပေါက်ရေးအတွက်တော့ သူ လုံးဝ မစဉ်းစားခဲ့ကြောင်း။ သူ့ စိတ်ထဲမှာ စွဲထားတာက ခုလို အထက်တန်းပညာရေးကို ကျေးလက်နေ လူငယ်လူရွယ်တွေ ဆည်းပူးခွင့် ရအောင် ဖန်တီးပေးဖို့ဆိုတာက အစိုးရရဲ့ တာဝန်တစ်ခုလို့သာ သူ ယူဆ ထင်မြင်ထားကြောင်း။ သူ လက်ရှိ နေထိုင်နေတဲ့ နိုင်ငံမှာ ဆိုရင်လည်း လူငယ်တွေရဲ့ ပညာရေးဆိုတာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရရဲ့ ဘတ်ဂျက်ကသာ လာတာဖြစ်ကြောင်းကိုလည်း ဆရာတော်က ရေးပါတယ်။ သို့ပေမယ့် သူမေ့နေတာက ဒီမှာနဲ့ ဟိုမှာ မတူညီနိုင်တဲ့ အခြေအနေကိုဖြစ်တယ် စသဖြင့် အကျယ်တဝင့် ရေးပါတယ်။ သူမိန့်တဲ့ အချို့ အကျယ်တွေကိုတော့ အကျဉ်းချုံးလိုက်တာကပဲ ပို ကောင်းမှာမို့ ဒီနေရာမှာ ချုံးလိုက်ပါရစေ။

အချုပ်ပြောရရင်တော့ ကိုယ့်ဆောင်းပါးကို ဖတ်ဖြစ်တဲ့အတွက် သူလည်း သူ့ရပ်သူ့ရွာက လူငယ်များရဲ့ ပညာရေးအတွက် တခုခုလုပ်ပေးမယ်လို့ ခိုင်ခိုင်မာမာ ဆုံးဖြတ်ဖြစ်ကြောင်းလည်း ထည့်ရေးထားပါတယ်။ သူ့စာကို ဖတ်ရတော့ ကိုယ့်ဆောင်းပါး စာတိုလေးက လူငယ် တော်တော်များများရဲ့ ဘဝအခြေအနေတွေ အကောင်းဖက်ဆီ ဦးတည် ပြောင်းလဲသွားနိုင်စေဖို့ အခွင့်အလမ်း ဖွင့်ပေးလိုက်သလိုဖြစ်လို့မို့ ကြည်နူးဝမ်းသာ ဖြစ်ရပါတယ်။

ဒါတင်မကသေးပါဘူး။ ကိုယ်ရေးခဲ့တဲ့ ဒီစာလေးက ကိုယ့်လုပ်ငန်းအတွက်လည်း အထောက်အပံ့ကောင်းကောင်း ရခဲ့ပါသေးတယ်။ ပြောရရင် ဒီဆောင်းပါးတိုလေးကို ဖတ်ပြီး စိတ်ပါဝင်စားသူအချိ့က ဘယ်လို ကူညီနိုင်မလဲလို့ မေးပါတယ်။ ကိုယ်ကလည်း ကိုယ်လုပ်မယ့် အစီအစဉ်လေးကို ပြောပြပါတယ်။ လုပ်မယ့်အစီအစဉ်ဆိုတာထက် လုပ်ချင်တဲ့ အစီအစဉ်ဆိုက ပိုမှန်မယ် ထင်ပါတယ်။ အချို့အရာတွေက ကိုယ်ကလုပ်ချင်ပေမယ့် တကယ့်လက်တွေ့မှာ လုပ်လို့ မဖြစ်နိုင်တာတွေက အများကြီး ရှိနေသေးတာ။ ငွေရေးကြေးရေးကအစ ဟိုဟာ ဒီဟာ အရာရာမှာ အကန့်အသတ်က ရှိနေတတ်တာ။

ကိုယ်က ဒီကနေ ထိုက်သင့်တဲ့ ငွေကြေး အကူအညီနဲ့ ဖုန်းကနေ စကားပဲပြောနိုင်တာ။ တကယ်လုပ်ကြမှာက ဟိုက ကိုယ့်ရွာသားတွေ။ ဒီအထဲမှာ ဦးဆောင်ဦးရွက် ပြုလုပ်ပေးမယ့်သူတွေထဲ တစ်ယောက် အပါအဝင်ဖြစ်တဲ့ ညီတော်မောင်ကို လက်ရှိကျောင်း အနေအထားနဲ့ ကိုယ်လုပ်ချင်တဲ့ ကျောင်းဆောင် အနေအထားရဲ့ အထွေထွေ ကုန်ကျစရိတ် စတာတွေကို စနစ်တကျ တွက်ခိုင်းပြီး ပေးပို့ဖို့ မှာခဲ့တယ်။ မကြာမီကပဲ မြန်မာပြည်ကနေပြန်လာတဲ့ လူကြုံနဲ့အတူ ကုန်ကျမယ့် စာရင်းဇယား အသေးစိတ်နဲ့ လက်ရှိအဆောက်အဦး ပုံစံကိုပါ ဓာတ်ပုံရိုက်ထည့်ပေးလိုက်တယ်။

ကိုယ့်ဒကာကြီး ခန့်မှန်းစဉ်က သိန်း ၅ဝ လောက် တဲ့။ ခု ညီတော်မောင်ဆီက စာရင်း အသေးစိတ်ရတော့ လက်ရှိ ပေါက်ဈေးနှုန်းနဲ့ တွက်ပေးလိုက်တာ ခုနစ်ဆယ့်သုံးသိန်း လေးသောင်း ရှစ်ထောင် ခြောက်ရာ (၇၃၄၈၆ဝဝ) ကုန်ကျမည် တဲ့။ ဒါတောင် ကွမ်းဆေး လက်ဖက်ရည် ကယိကထ အသေးစိတ် ကုန်ကျငွေလေးတွေ မပါသေးဘူးလို့ ညီတော်မောင် က စာထဲမှာ ထည့်ရေးလိုက်သေးတယ်။ သူ့ ကွမ်းဆေးလက်ဖက် အသေးထွက်က ပြောလောက်အောင်တော့ များမယ် မထင်ပါဘူး။ နောက်ပြီး ညီအစ်ကိုချင်းဆိုတော့ အများပြောကြတဲ့ လက်ဖက်ရည်ဖိုးမျိုး ဟုတ်လိမ့်မယ်လို့တော့လည်း မထင်မိပါဘူး။

စကတည်းကိုက ကိုယ်ခန့်မှန်းတာထက် ပိုကုန်မယ်ဆိုတာ မျှော်လင့်ပြီးသားပါ။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားပဲဟာ။ အရေးကြီးတာက အဆောက်အဦး ဆောက်တာကို နှောင့်နှေးကြန့်ကြာ မနေစေဖို့ပါပဲ။ ဒါကြောင့် ခုကတည်းက စပြီး ကြိုတင်ဝယ်ယူသင့်တာ ဝယ်ယူထားဖို့၊ တံခါးပေါက်၊ ကျည်းခွေ စတဲ့ ကြိုတင်လုပ်ထားလို့ရတာတွေကို ကြိုတင် လုပ်ထားနိုင်အောင် ထိုက်သင့်သလောက် ငွေပို့ထားလိုက်တယ်။ နောက်ပြီး ဒီနှစ် အတန်းတင်စာမေးပွဲတွေပြီးလို့ နွေကျောင်းပိတ်ချိန်အတွင်း အပြီးဆောက်လုပ်နိုင်အောင်လည်း တိုက်တွန်းထားတယ်။ နွေအလွန် ကျောင်းတွေပြန်ဖွင့်ချိန်မှာ ကျောင်းသားတွေ ကျောင်းဆောင်သစ်ထဲမှာ နေလုံ မိုးလုံ လေလုံ အေးအေးချမ်းချမ်း စာသင်နိုင်အောင် အပြီးဆောက်ရမယ်လို့လည်း မှာကြားလိုက်တယ်။

လုံခြုံမှုဆိုတာက ဘဝအတွက် သိပ်အရေးကြီးတာ။ လုံခြုံမှုကင်းမဲ့စွာ ဘဝရှင်သန် ရပ်တည်နေရတာမျိုးဟာ အဆိုးတကာ့ အဆိုးဆုံးရောဂါလို့ ဆိုနိုင်ပါတယ်။

နေမလုံ လေမလုံလို့ ဘဝနွမ်းကြရသလို အနေမလုံ အစားမလုံလို့ ဘဝပျက်ကြရသူတွေ ဆိုတာကလည်း ဒုနဲ့ဒေးပါ။ ပိုဆိုးတာကတော့ အသိပညာ မကုံလုံ မပြည့်ဝလို့ နုံတုံတုံ အတတ ဘဝမလှ ဖြစ်ကြရပြီဆိုရင်ဖြင့် တဘဝတင်မက သံသရာ အဆက်ဆက်အထိပင် နစ်မွန်းနိုင်ပါတယ်။ ပညာဆိုတာ အရာအားလုံးအတွက် အဖြေမဟုတ်ခဲ့ရင်တောင် အရာများစွာအတွက်တော့ အကောင်းဆုံး အဖြေကို ထုတ်ပေးနိုင်တဲ့ တန်ဆာပလာတစ်ခုပါ။ (ပညာ သမာ အာဘာ နတ္ထိ) ပညာနှင့်တူသော အလင်းရောင်ဆိုတာ မရှိ – လို့ ဆိုတယ် မဟုတ်လား။ လူသားကျင့်ဝတ်အဖြစ် လိုက်နာကျင့်သုံးနိုင်စေဖို့ ဗုဒ္ဓညွှန်ကြားတော်မူခဲ့တဲ့ မင်္ဂလာတရားတော်ထဲမှာကိုပဲ ဗာဟုဿစ္စဉ္စ၊သိပ္ပဉ္စ ဆိုတဲ့ မင်္ဂလာ

တရားတော်တွေကို ထည့်သွင်းထားတယ် မဟုတ်လား။ အကြားအမြင် ဗဟုသုတနဲ့ နှုတ်မှုပညာ လက်မှုပညာ အတတ်ပညာတွေဆိုတာ လူတိုင်းလေ့လာ သင်ယူတတ်မြောက်သင့်တဲ့ အရာတွေပဲ မဟုတ်လား။

အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီက ပြောခဲ့ဖူးတယ်။ တိုင်းပြည်အတွင်းမှာရှိတဲ့ လူဆင်းရဲတွေကို ဆင်းရဲတွင်း က ကယ်တယ်ဖို့ဆိုလျင် Poverty cycle (ဆင်းရဲခြင်းသံသရာ)ကို ဖြတ်ပေးဖို့လိုတယ်။ အဲဒီလို ဖြတ်ပေးဖို့အတွက် လူဆင်းရဲသားသမီးငယ်တွေကို ပညာတတ်တွေ ဖြစ်လာအောင်၊ အထက်တန်းပညာတွေကို သင်ယူခွင့် ရလာအောင် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးဖို့ လိုတယ်-တဲ့။ ဒီအတွေးအခေါ်ကို အခြေခံပြီး အမေရိကန်သမိုင်းမှာ အလွန် ထင်ရှားတဲ့ Affirmative Action ဆိုတဲ့ အစီအစဉ်တစ်ခု ပေါ်ပေါက်လာတယ်။ အကျိုးဆက်အဖြစ် လူဆင်းရဲ သားသမီးတွေ ပညာသင်ခွင့် ရလာကြတယ်။ ပညာတတ်တွေ ဖြစ်လာကြတယ်။ ဒီအစီအစဉ်ကနေ မွေးဖွားပေးလိုက်တဲ့ ပညာတတ်တွေ ခုဆို အမေရိကန်နိုင်ငံရဲ့ အလွှာအသီးသီး နယ်ပယ်အသီးသီးမှာ တာဝန်တွေ ယူနေကြပြီ။ သူတို့ကိုယ်တိုင် ဆင်းရဲသံသရာကနေ လွတ်မြောက်လာရုံမက အခြားသော ဘဝတူ လူဆင်းရဲတွေကိုပါ ဆင်းရဲသံသရာထဲကနေ ရုန်းထွက်နိုင်အောင် လမ်းပြနိုင်လာကြပြီ။ အားပေး ကူညီနိုင်လာကြပြီ။ ဒါကြောင့် ဆင်းရဲသားလူငယ် တွေကို ပညာသင်ကြားနိုင်အောင် အထောက်အပံ့ပေးရေး အစီအစဉ်မျိုးဆိုတာ ကုသိုလ်ရေး ရှုထောင့်ကနေပြီးသာ ရှုကြည့်ရမယ့်အရာမျိုး မဟုတ်ဘူး။ တိုင်းနိုင်ငံ ထူထောင်ရေးအတွက်၊ လူသားဖြစ်စဉ်ဘဝ ဖွံ့ဖြိုး တိုးတက်လာရေး အတွက်ပါ ရှုကြည့်ရမယ့် အလွန်အကျိုးများတဲ့ လုပ်ငန်းစဉ်မျိုးဖြစ်တယ်။ စင်ကြယ်တဲ့အလုပ်၊ မွန်မြတ်တဲ့ ကိစ္စ၊ အလေးထားကာ ဂရုတစိုက် လုပ်ကြရမှာ။

ကိုယ်ဆောက်လုပ်မယ့် ကျောင်းဆောင်အတွက်

ကိုကိုသန့် ခိုင်ခိုင်ညွန့် မိသားစု(၃ဝဝ)၊
မနွယ်နွယ်ကောင်း(၂ဝဝ)၊
ဦးရစ်ချတ် ဒေါ်ဘေဘီမိသားစု(၁ဝဝ)၊
ဦးစောထွန်း ဒေါ်အေးအေးမော် မိသားစု (၁ဝဝ)၊
ဦးသန့်စင် ဒေါ်ညွန့်ညွန့်ကြည် မိသားစု(၄၅)၊
ဦးကြည်တိုး ဒေါ်သန်းငြိမ်း မိသားစု(၂ဝဝ)၊
ဒေါ်မြမြဦး(ခ)ဒေါ်နီ(၃ဝဝ)၊

Lucy Chin family (၂၅ဝ)၊
ဦးဝင်း ဒေါ်နှင်းကြည် မိသားစု(၁ဝဝ)၊

ဦးဝင်း ဒေါ်ကြင်မှုန် (၁ဝဝ)၊

ဒေါ်သန်းကျင်မိသားစု(၁ဝဝ)၊
ဦးအောင်မြင့် ဒေါ်ခင်ခင်ဝင်း မိသားစု(၉ဝ)၊

ဦးအောင်ကျော် ဒေါ်သန်းသန်းဌေးမိသားစု(၁ဝဝ)၊

ကိုသန်းဌေး(၁ဝဝ)၊
ဒေါ်ခင်နှင်းအုန်း (၁ဝဝ)၊

ဦးညီလွင် ဒေါ်ခင်ချိုထွေး မိသားစု(၁ဝဝ)၊

ဦးခင်မောင်ကျော် ဒေါ်တင်ဌေးမိသားစု(၂ဝဝ)၊
ခိုင်ဝေလွင်၊ စောမြသန္တာဝင်း (၂၅ဝ)၊
A
dam & Cindy Lwin (၁ဝဝ)
ဒေါ်လာစီ အသီးသီး လှူဒါန်းထားတယ်။

ဒီအလှူရှင်ထဲကပဲ အချို့အလှူရှင်များက ဆက်လက်လှူဒါန်းသွားဦးမယ်လို့ လျှောက်ထားတာရှိသလို အခြားလျှောက်ထားသူများလည်း ရှိပါသေးတယ်။ ကရုဏာလွှမ်းတဲ့ စေတနာစွမ်းအားနဲ့ ပညာကို တန်ဖိုးထားသူများရဲ့ ဝိုင်းဝန်းမှုကြောင့် မကြာခင် အချိန်မှာပဲ ကျောင်းဆောင်လေး ဆောက်လုပ် ပြီးစီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အထူးသဖြင့်တော့ ဆောက်လုပ် လှူဒါန်းမယ့် ကိုယ့်မွေးရပ်ရွာက အလယ်တန်းကျောင်းဆောင်လေးမှာ ပညာဒါန အဖြစ် ပါဝင်လှူဒါန်းထားကြတဲ့ အထက်ပါ အလှူရှင်တွေကို ကျေးဇူးစကားနဲ့အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြစေဖို့ကို ဒီစာတိုလေးနဲ့အတူ ကြည်နူးစွာ တောင်းဆု ဆိုလိုက်ပါတယ်။ ။

မေတ္တာဖြင့်

အရှင်ဉာဏိက


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts