>Hay Man Thazin – New Year Wish

>

နှစ်သစ်ဦးနဲ့ အတူ
ဟေမန်သဇင်
ဇန်န၀ါရီ ၁၅၊ ၂၀၀၉

နှစ်သစ်ဦးမှာ ထူးထူးထွေထွေ လိုချင်တာတွေရယ်လို့ မရှိပါဘူး။ ကြုံတွေ့ရမဲ့ အကောင်းအဆိုးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်မဲ့ စိတ်ဓါတ်ခွန်အားမျိုးပဲ အလိုရှိပါတယ်။ ဟန်ဆောင်မှုမပါ ပကာသနမဖက် အပေါ်ယံမဟုတ်တဲ့ မိတ်ဆွေတွေနဲ့ ကောင်းတူဆိုးဖက် ကြုံရသမျှကို ဖြတ်ကျော်သွားချင်ပါတယ်။ သူတို့ရဲ့ ဖြူစင်တဲ့ မေတ္တာ အကြင်နာနဲ့ ခင်မင်မှုတွေဟာ ဘာနဲ့မှ မလဲနိုင်တဲ့ စိတ်ခွန်အားတွေ ပေးစွမ်းနိုင်ပါတယ်။

ကျမတို့မိသားစုဟာ အဲဒီစိတ်ခွန်အားတွေ ရခဲ့ဖူးပါတယ်။ ကျန်းမာရေး ဂရုစိုက်လွန်းတဲ့ အဖေတယောက် ရုတ်တရက် လေဖြတ်သွားတုန်းကပေါ့။ အဖေဟာ ကျန်းမာရေးကို ဂရုစိုက်တတ်လွန်းသူပါ။ ကိုယ်အလေးချိန်ကို ဂရုစိုက်တယ်။ အစားအသောက်ကို ဆင်ခြင်တယ်။ ငါးငပိ၊ ငံပြာရည် စတာတွေကို လွန်လွန်ကဲကဲ မစားတတ်သူမို့ သွေးတိုး၊ နှလုံး၊ ဆီးချို ဆိုတဲ့ရောဂါတွေဟာ အဖေနားကို သီတောင် မသီနိုင်တဲ့ ရောဂါတွေပေါ့။


ဒါပေမဲ့ အဖေ့အသက် ၅၀ ကျော်လောက်မှာ စကားပြောရင် လေဆက်ပြတ်သလို ဖြစ်လာတယ်။ မှတ်မှတ်ရရ သင်္ကြံန် မကျခင်လေးတင်ပေါ့။အဲဒီတုံးက ရွှေဘုံသာလမ်းက မေခလာ နဲ့ အေး အထူးကုဆေးခန်းတွေကိုပဲ အားကိုးအားထားပြုကြရတယ်။ ဆေးရုံကြီးဆိုရင် နောက်ဆုံးအချိန်ရောက်မှ စဉ်းစားတတ်ကြတာကိုး။ ဒါနဲ့ပဲ အဲဒီဆေးခန်းကို အပြေးအလွှားသွားပြရတော့တယ်။ လိုအပ်တာတွေ စစ်ဆေးပြီးတော့ ဆရာဝန်က ပြောပါတယ်။ မကြာခင်လေဖြတ်လိမ့်မယ်တဲ့။ ဒါကြောင့် သူညွှန်တဲ့ဆေးကို ကိုယ့်အစီစဉ်နဲ့ ထိုးထားပြီး သင်္ကြန်ပြီးရင် ပြန်လာပြပါတဲ့။


ဆေးတွေထိုးနေရင်းကပဲ တရက်ထက် တရက် ရောဂါဟာတိုးတိုးလာပါတယ်။ နောက်ဆုံးမှာတော့ အိပ်ရာထဲ ဘုံးဘုံးလဲတဲ့ အထိဖြစ်လာတော့တာပါပဲ။ ရုတ်တရက် နေမကောင်းတဲ့သတင်းကြားတော့ အိမ်နီးချင်းတွေ လာအားပေးကြတယ်။


ကျမတို့အိမ်နဲ့ မှတ်တိုင်တခုသာဝေးတဲ့ အဖေ့ကို သိပ်ခင်တဲ့ မိတ်ဆွေကြီးမိသားစုလည်း သတင်းကြားကြားချင်း အပြေးအလွှား ရောက်လာကြတယ်။ အဖေ့ကို ရောဂါရဲ့ သဘောသဘာဝတွေကို ရှင်းပြ၊ အားမငယ်ဖို့ အားပေးတယ်။ သူအားတဲ့အချိန် အဖေ့နား အပြေးလာပြီး ပြုစုစောင့်ရှောက်ပေးပါတယ်။ တကယ်တော့ အဖေ့မိတ်ဆွေကြီးဟာ မြန်မာ့တို်င်းရင်း သမားတော်ကြီးပါ။ သွေးတိုး၊ ဆီးချို၊ နှလုံးစတဲ့ရောဂါတွေကို မြန်မာ့တိုင်းရင်းဆေးနဲ့ ကုသပေးရာမှာ နံမည်ကြီးသူ တဦးပါ။ အဖေ့ကို အနီးကပ် ပြုစုစောင့်ရှောက်ပေးပေမဲ့ သူ့ဆေးဝါးတွေနဲ့ တော့ မကုပါဘူး။ သမားတို့ထုံးစံ လူနာရှင်က မအပ်ရင် ကုသခွင့်မှမရှိပဲကိုး။ အဖေကလဲ သူ့ဘ၀တလျှောက်လုံး အင်္ဂလိပ်ဆေးပဲ ထိုးလာ သောက်လာသူ ဖြစ်တော့ အဖေ့မိတ်ဆွေကြီးဟာ အဖေ့နံဘေးမှာ အဖေ့ကိုနားလည်စွာနဲ့ပဲ တတ်နိုင်သမျှ အားပေးပြုစုပေးပါတယ်။


အဖေဟာ စကားလည်းမပြောနိုင်၊ အစာဆိုလို့ ဆန်ပြုတ်ရည်ကြဲတောင် မ၀င်နိုင်တော့တဲ့ အထိ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ အပြင်ဖက်မှာတော့ ရိုးရာသင်္ကြန်ပွဲက ပုံမှန်အတိုင်း မြူးမြူးကြွကြွနဲ့ပေါ့။


အဖေ့ရဲ့ မောင်နှမတွေ၊ တူ တူမတွေလည်း သတင်းမေး ရောက်လာကြတယ်။ အဖေရဲ့အခြေအနေကို ကြည့်ပြီး အဖေ့တူမ ဆရာဝန်က ဆေးရုံချက်ချင်းတင်ဖို့ တိုက်တွန်းပါတယ်။ ကျမတို့ကလည်း ဆေးရုံ phobia (ဆေးရုံကြောက်စိတ်) ရှိသူတွေဆိုတော့ ဆေးရုံမှာ လူမမာက ကုတင်ပေါ်မှာ ပက်လက်၊ လူနာရှင်က မျက်နှာငယ်လေးနဲ့ အားကိုးရာရှာရမဲ့ အဖြစ်မျိုးကို တွေးကြောက်မိတာပေါ့။ နောက်ဆုံးတော့ ဆေးရုံတင်ဖြစ်သွားပါတယ်။


ယောကျာင်္းဖျားနာဆောင်မှာထားတော့ ညဖက်မှာ မိန်းမစောင့်အိပ်ခွင့် မရပါဖူး။ ကျမတို့မိသားစုမှာလည်း အဖေကလွဲရင် မိန်းမသားတွေချည်းပဲမို့ အဖေ့ကို စောင့်အိပ်ဖို့ တာဝန်ကို အဖေ့ဖက် အမေ့ဖက်က တူတွေက တာဝန်ယူပေးကြပါတယ်။ ကျမတို့မိသားစုဟာလဲ အိမ်ကမနက်အစောကြီးထွက်ပြီး ဆေးရုံကို မနက်တခေါက်၊ နေ့လည်တခါ၊ ညနေတလှည့် ဧည့်ချိန်တွေမှာ အဖေ့အတွက် ထမင်းရည်၊ ဆန်ပြုတ်ရည်ကျဲ၊ ကြက်စွတ်ပြုတ် စတာတွေ စီမံပေးရပါတယ်။ လိုသမျှဆေးတွေကိုတော့ ဆေးရုံကြီးရဲ့အရှေ့ဖက် လဟာပြင်ဈေးထဲမှာ လှည့် ၀ယ်ရပါတယ်။


ကျမတို့မိသားစုကို ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေဟာ သူတို့တတ်နိုင်တဲ့ဖက်က ကူညီကြပါတယ်။ အမေရဲ့အမလည်း မအားတဲ့ကြားက အိမ်မှာကျန်ခဲ့တဲ့ အဖွားကို စောင့်ရှောက်ပေးပါတယ်။ ကျန်းမာရေးအခြေအနေ ဗြုန်းကနဲပြောင်းသွားတာ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား … လို့ သံသယဖြစ်တဲ့ ဆွေမျိုးတွေက အိမ်ခြံ သန့်မသန့် စစ်တဲ့သူကစစ်၊ ညောင်ထောက်သူကထောက်၊ သက်စေ့ငါး လွှတ်ပေးသူက လွှတ်၊ အိမ်ရှေ့ သစ်ကိုင်းမှာ စွဲနေတဲ့ ပျားတွေကို အကြမ်းမဖက်တဲ့နည်းနဲ့ (ပျားအုံအောက် ရေခံပြီး) မောင်းထုတ်သူက ထုတ်၊ ဆေးအရှိန်ကြောင့် တချိန်လုံး ကြို့ထိုးတာ နှာချေရင် ပျောက်တတ်လို့ ကတိုးနှာမှုန့် ပေးသူက ပေး၊ မယ်ဇယ်ပွင့် စိမ်ထားတဲ့ ပျားရည်ကို သောက်ကြည့်ဖို့ အကြံပြုသူကပြု၊ ဒီအတောအတွင်း ဆေးရုံမှာ အနေကြာလာလို့ ခင်မင်လာတဲ့ သူနာပြုဆရာမကြီးကလည်း အပတ်စဉ်ဆုတောင်းပွဲမှာ အဖေ့အတွက် ဘုရားသခင်မှာ ဆုတောင်းပေးသေးတယ်။ အိမ်မှာ လစဉ်ဆွမ်းစရိတ်လှူနေကြ သီလရှင်ကလဲ ဆေးရုံမှာ မေတ္တာလာပို့ ဆုတောင်းပေးပြန်တယ်။


အဝေးမှာနေတဲ့ အဖေ့အကိုလတ်လည်း ရောက်လာပြီး အင်အားလာဖြည့်တယ်။ မျက်စိမှုန်လွန်းလို့ စိတ်ထင်တိုင်း ကိုယ်မရောက်နိုင်တဲ့ အကိုကြီးတောင် အရောက်လာပြီး ညီငယ်ကို စိတ်ရောကိုယ်ပါ တတ်စွမ်းသမျှ လုပ်ဆောင်ပေးပါတယ်။


အဖေဆေးရုံမှာရှိတုံး အဖေ့ကုတင်နံဘေးမှာ သစ်သီးခြင်းတွေ ပုံ မနေခဲ့ပါဘူး။ ပန်းစည်းလှလှတွေလည်း ရှိမနေခဲ့ပါဘူး။ ဒါပေမဲ့ ဆွေမျိုး မိတ်ဆွေ အိမ်နီးချင်းတွေရဲ့ တတ်စွမ်းသလောက် ကူညီအားပေးမှုတွေ ဝေဒနာပျောက်ကင်းဖို့ဆုတောင်းပေးမှုတွေကတော့ အဖေကုတင်နံဘေးမှာသာမပာုတ် ကျမတို့မိသားစုတခုလုံးပေါ် တောင်လို ရာလို ပုံ လို့။


နှာခေါင်းပိုက်တွေ၊ ဆေးသွင်းတဲ့ ပိုက်တွေနဲ့ အဖေဟာ ဆေးရုံမှာ နှစ်လ နီးပါးလောက် နေလိုက်ရပြီးနောက်မှာ အတော်သက်သာလာတာမို့ ဆေးရုံက ဆင်းခွင့်ရပါတယ်။ ဆေးရုံပြင်ပမှာ နောက်ထပ်ခြောက်လလောက် ဆေးကုသ အပြီးမှာတော့ အဖေဟာ လူကောင်းပကတိအတိုင်း ပြန်ကျန်းမာလာပါတယ်။


နှစ်သစ်ဦးမှာ ထူးထူးထွေထွေ လိုချင်တာတွေရယ်လို့ မရှိပါဘူး။ ကြုံတွေ့ရမဲ့ အကောင်းအဆိုးတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိုင်မဲ့ စိတ်ဓာတ်ခွန်အားမျိုးပဲ အလိုရှိပါတယ်။ ဟန်ဆောင်မှုမပါ ပကာသနမဖက် အပေါ်ယံမဟုတ်တဲ့ မိတ်ဆွေတွေနဲ့ ကောင်းတူ ဆိုးဖက် ကြုံရသမျှကို ဖြတ်ကျော်သွားချင်ပါတယ်။ သူတို့ရဲ့ ဖြူစင်တဲ့မေတ္တာ အကြင်နာနဲ့ ခင်မင်မှုတွေဟာ ဘာနဲ့မှ မလဲနိုင်တဲ့ စိတ်ခွန်အားတွေ ပေးစွမ်းနိုင်တာမို့ပါ။


နှစ်သစ်ဦးမှာ အထူးသဖြင့် လှောင်ချိုင့်ထဲက မိသားစုတွေ၊ လှောင်ချိုင့်ပြင်က မိသားစုတွေဟာ မိတ်ဆွေကောင်းတွေရဲ့ ရဲရင့်တဲ့ အဖော်သဟဲပြုမှုတွေနဲ့ စိတ်ဓာတ်ခွန်းအားအပြည့်နဲ့ ဖြတ်သန်းနေကြတယ်ဆိုတာ ယုံကြည်နေမိပါတယ်။ ကျမဆီကို ရောက်လာတဲ့ ဓာတ်ပုံတပုံမှာ ဘယ်ဆီဘယ်ဝယ်က အကျဉ်းထောင်တခုထဲ ရောက်နေမယ်မသိတဲ့ သားရဲ့ မိခင် အဖွားအိုက သူ့မိတ်ဆွေတွေ ဆွေမျိုးတွေနဲ့အတူ ဓာတ်ပုံထဲကတဆင့် အဝေးက မိတ်ဆွေသားချင်းတွေကို ပြုံးပြီးလို့ ကြည့်နေပါတယ်။ ကာယကံရှင်တွေရဲ့ အားမာန်တွေဟာ ကျမတို့ကို ခွန်အားတွေ ဖြစ်စေပါတယ်ရှင် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts