>Decades-Long conflict (1)

>

သက်တမ်းရှည်ပဋိပက္ခ (အပိုင်း ၁)
အောင်သာငယ်
ဇန်န၀ါရီ ၁၅၊ ၂၀၀၉

နိဒါန်း

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၊ အာရပ်-အစ္စရေး ပဋိပက္ခဟာ ရာစုနှစ်ပေါင်းများစွာ တောက်လောင်နေခဲ့တဲ့ မီးပုံတခုပါပဲ။ ယခု လက်ရှိ ခေတ်ကာလမှာလည်း ဒီမီးပုံကြီးဟာ ငြိမ်းမလိုလိုနဲ့ ပြန်လည် ကြီးထွားလာတာကို စိတ် မချမ်းမြေ့စရာ မြင်တွေ့ ကြားသိနေရပါတယ်။ ကိုယ်နဲ့ အဝေးကြီးလို့ ပြောလို့ ရပေမယ့် အနည်းဆုံး အဆင့် ကတော့ တီဗွီ မျက်နှာပြင်ပေါ်မှာ တောက်လောင်နေတဲ့ မီးတွေကို တွေ့မြင်ရတိုင်း ကိုယ့်ကိုလည်း အပူတွေ လာဟပ်တာပါပဲ။ ကမ္ဘာ့ အဝေးဆုံး ထောင့်ကြားမှာ နေခဲ့ရင်တောင် တီဗွီ ဖွင့်ကြည့်မိရင် အပူတွေ ဟပ်တယ်။ တကယ်တော့လည်း မီးပုံကြီးတခုဟာ အလိုအလျောက် မကြီးထွားလာပါဘူး။ မီးပွားလေးတွေကနေ စလာရတာ ပါပဲ။ ဒီတော့လည်း ဒီမီးပုံကြီးကို မငြိမ်းသတ်နိုင်သေးခင်မှာ ငြိမ်းသတ်ဖို့ နည်းလမ်းရှာတဲ့ အနေနဲ့ မီးပွားလေးကနေ မီးတောက်ကြီး၊ မီးတောက်ကြီးကနေ မီးပုံကြီးအထိ အဆင့်ဆင့် ရောက်သွားအောင် အစပြုခဲ့တဲ့ နဂိုမူလ မီးပွားလေးတွေကို ပြန်ကြည့်မိပါတယ်။

ဒီအခါမှာ အလွန်ရှုပ်ထွေးလှတဲ့ တကမ္ဘာလုံးဆိုင်ရာ အခင်းအကျင်းတွေကို သတိပြုမိပါတယ်။ အရှေ့နဲ့ အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင်၊ ခရစ်ယာန်နဲ့ မွတ်ဆလင်၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ အာဃာတနဲ့ အမုန်း တရား၊ နိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွား အားလုံးဟာ ခွဲခြားလို့ မရနိုင်အောင် စုပြုံရောပြွမ်းနေတာကို တွေ့မြင်မိတဲ့အခါမှာ ဒီဆောင်းပါးကို ရေးမိပါတယ်။ ဘာလို့ဆို အမိဗမာပြည်ရဲ့ အရေးကိစ္စတိုင်းကလည်း ဒီလိုပဲ ရောပြွမ်း ရှုပ်ထွေးနေတာကို သတိပြုမိလို့ပါပဲ။ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောလို့မရတဲ့ တကမ္ဘာလုံးရဲ့ ပတ်သက် ဆက်စပ်နေတဲ့ အခင်းအကျင်းတွေဟာ သတိမပြုလို့ မရနိုင်အောင် ဖြစ်နေတာကြောင့်ပါပဲ။

အာဆီယံနိုင်ငံတွေ၊ အီးယူနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေ ပါဝင် ပတ်သက်နေတဲ့၊ ပြီးရင် အထက်မှာ ပြောခဲ့သလို အရှေ့နဲ့ အနောက်၊ ကွန်မြူနစ်နဲ့ အရင်းရှင်၊ စီးပွားရေးနဲ့ နိုင်ငံရေး၊ အာဃာတနဲ့ အမုန်းတရား၊ နိုင်ငံတွေရဲ့ ကိုယ်ကျိုးစီးပွား ဒါတွေအားလုံး စုရုံးရှုပ်ထွေးနေတဲ့ ကျနော်တို့ နိုင်ငံ အတွက် အာရပ်-အစ္စရေး ပဋိပက္ခဟာ လေ့လာစရာ (Case Study) တခု ဖြစ်ခဲ့မယ်ဆိုရင် ဒီဆောင်းပါးအတွက် အားထုတ်ရကျိုး နပ်ပါပြီ။

ပြဿနာ စတော့မယ်
အာရပ်-အစ္စရေးပဋိပက္ခ၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခကို ကြည့်မယ်ဆိုရင် ဆွဲယူ ထုတ်နှုတ်စရာတွေက များပြား လွန်းလှပါတယ်။ သို့သော်လည်း လက်ရှိ အနီးကပ်ဆုံး ကျနော်တို့ ရှင်သန်နေကြတဲ့ ကာလကိုပဲ အာရုံပြုမယ် ဆိုရင် ဒုတိယ ကမ္ဘာစစ်အပြီး ကာလတွေကနေပဲ အစပြုကြရမှာပါ။

သို့သော်လည်း အခြေခံကျတဲ့ အချက်အလက် တချို့ကိုလည်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။ ဒီတော့ ပထမ ကမ္ဘာစစ် အပြီးမှာ ပေါ်ပေါက်လာခဲ့တဲ့ ကမ္ဘာ့နိုင်ငံပေါင်းချုပ် အသင်းကြီး (League of Nations) က အတည်ပြုခဲ့ပြီး စစ်နိုင်ခဲ့တဲ့ မဟာမိတ် နိုင်ငံတွေနဲ့ သူတို့ရဲ့ ပတ်သက်စပ်ဆိုင်ရာ နိုင်ငံတွေက အဆိုပြုခဲ့တဲ့ British Mandate of Palestine ဆိုတဲ့ ပါလက်စတိုင်း ဒေသ အဆိုပြုချက်ကနေ စတင်ရမှာပါပဲ။

ပါလက်စတိုင်းဒေသ အဆိုပြုချက်ဟာ ၁၉၂၂ ခုနှစ်မှာ ပေါ်ပေါက်လာပါခဲ့တယ်။ ဒီအဆိုပြုချက်ရဲ့ ရည်ရွယ်ချက်ထဲမှာလည်း ဂျူး လူမျိုးများ အတွက် နေထိုင်စရာ အိမ်ယာနိုင်ငံတခု ဖြစ်လာရေး ဆိုတာလည်း ပါဝင် ပါတယ်။ ဒီအဆိုပြုချက်မှာ ပါတဲ့ ပထ၀ီဆိုင်ရာ နယ်နိမိတ် သတ်မှတ်မှုတွေကလည်း သမိုင်းတွင်အောင်ကို အငြင်းပွားမှုတွေ ဖြစ်ခဲ့တာပါပဲ။ ဒီလိုနဲ့ ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၇ နိုဝင်ဘာ ၂၉ မှာ United Nations Partition Plan for Palestine (United Nations General Assembly Resolution 181) ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုလိုက်ပါတယ်။

ပြဿနာ စပြီ
ဒီဆုံးဖြတ်ချက်အရ British Mandate of Palestine ကို ၁၉၄၈ သြဂုတ် ၁ ရက်နေ့မှာ တရားဝင် ရပ်စဲရမှာဖြစ်ပြီး ဂျူးနဲ့ အာရပ်ဒေသ ၂ ခုအဖြစ် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို အာရပ်နိုင်ငံတွေက လက်မခံဘဲ ပယ်ချခဲ့ကြပါတယ်။

ဒီကြားထဲမှာမှ မေလ ၁၄ ရက်မှာ အစ္စရေးက လွတ်လပ်ရေး ကြေညာခဲ့ပါတယ်။ သူ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အာရပ်နိုင်ငံတွေက ဒီ ကြေညာချက်ကို လက်မခံတဲ့အခါ စစ်ပွဲတခု စတင် ဖြစ်ပွားခဲ့ပါတော့တယ်။ ။


(ဆက်ရန်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts