>Passing of U Nann Wai – Taryar Wai Yan

>

(Illustration – Paw Oo Thet , 1970)

ကွယ်လွန်သွားတဲ့ ပန်းချီ ဦးနန်းဝေသို့ အမှတ်ရသမျှ

တာရာဝေယံ

ဒီဇင်ဘာ ၂၁၊ ၂၀၀၈

မြန်မာပန်းချီလောကမှာ ဆီဆေးဓါးချက်ရေးနည်းကို ပိုင်နိုင်ကျွမ်းကျင်စွာ ရေးဆွဲခဲ့တဲ့ ပန်းချီဆရာကြီး ဦးနန်းဝေ ( ၈၃ နှစ် ) ဟာ ဒီဇင်ဘာ ၁၈၊ ၂၀၀၈ ကြာသာပတေးနေ့ ညနေ ၃:၂၅ က အမှတ် ၁၂၊ စံရိပ်ငြိမ် ၅ လမ်းရှိ ညီမဖြစ်သူ ဒေါက်တာ ဒေါ်မြင့်မြင့်ခင်ရဲ့ နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ဆရာရဲ့ ဈာပနကို ဒီဇင်ဘာ ၂၀၊ ၂၀၀၈ စနေနေ့ နံနက် ၁၁ နာရီက ထိန်ပင်သုဿန်မှာ မီးသဂြိုလ်ပြီးစီးခဲ့ပါတယ်။



ဆရာဟာ ခရမ်းမြို့မှာ နေထိုက်ရာမှ ညီမဖြစ်သူထံ ဆေးလာကုရင်း ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်အထိ ဆရာဟာ လူပျိုကြီးဘ၀နဲ့ အနုပညာကို ဖက်တွယ်ရင်း နေထိုင်ခဲ့သူပါ။

(Saya U Nann Wai and His Mother Daw Than, file photo)

ဆီဆေးဆရာကြီး ဦးနန်းဝေကို ၁၂၉၅ နတ်တော်လဆန်း ၇ ရက်၊ မွန်းလွဲ ၁ နာရီခန့်မှာ ခရမ်းမြို့နယ် မြို့လှရွာမှာ အဖ ဦးသွင်၊ အမိ ဒေါ်သန်းတို့မှ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၄ ယောက်နဲ့ အကြီးဆုံး သား ဖြစ်ပါတယ်။

(at Funeral, Daw Myint Myint Khin, his younger siser)

ပန်းချီပညာကို ငယ်စဉ်ကတည်းက ၀ါသနာကြီးခဲ့ပြီး ခရမ်းမြို့တွင် အထက်တန်းပညာသင်ယူရင်း ဗုဒ္ဓဘာသာ အင်္ဂလိပ် မြန်မာ အထက်တန်းကျောင်း (ခရမ်း) မှ ရေဆေးပန်းချီဆရာ ဆရာပု (ခေါ်) ပန်းချီနည်းပြ ဦးဘလှိုင်ရဲ့ အကူအညီနဲ့ ပန်းချီကျောင်းမှ ကျောင်းအုပ်ဆရာဖြစ်သူ ဦးမောင်မောင်ရီနှင့် တွေ့ဆုံကာ ၀ါသနာပါသော ပန်းချီပညာနှင့် စတင်ရင်းနှီးခဲ့ရပါတယ်။



အထက်တန်းကျောင်းသားဘ၀တွင် နိုင်ငံတော်မှ ပြုလုပ်သော ပြိုင်ပွဲများမှာ ၃ နှစ် ဆက်တိုက် ဆုများ ရရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ကာလတ၀ိုက်တွင် ဆရာဦးဘဉာဏ်သည် မြင်ဆရာ ဖြစ်ခဲ့ပါတယ်။ အခြား မြင်ဆရာများမှာ ဆရာ ဦးဘကြည်နှင့် ဆရာ ဦးဘရင်လေးတို့ ဖြစ်ကြပါတယ်။

ဆရာသည် outdoor ထွက်၍ ရေးဆွဲခြင်းကို နှစ်သက်ပါတယ်။ တက္ကသိုလ် မြန်မာစာသုတေသန ဌာနမှာ ဆရာဖြစ်ခဲ့ပါတယ်။ အင်လျားကန်နှင့် တက္ကသိုလ်တ၀ိုက်က မြင်ကွင်းများကို ပန်းချီကားရေးဆွဲလေ့ရှိသဖြင့် သူ့ကိုယ်သူ “အင်လျားနဲ့ ပန်းချီဆရာ ဖြစ်လာတာ” လို့ ပြောဆိုလေ့ရှိပါတယ်။



၁၉၅၂ မှ ပထမဦးဆုံး တကိုယ်တော် ပြပွဲကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပြီး အုပ်စုလိုက် ပြပွဲတွေကို ၂ နှစ်တကြိမ်လောက် ပြသနိုင်ခဲ့ပါတယ်။ ဆရာဟာ ၁၉၆၅ စက်တင်ဘာ ၁၅ က စပြီး ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာနနဲ့ စာအုပ်ထုတ်ရေးတို့မှာ ပန်းချီဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

(Artist U Nann Wai, file photo)

ဆရာရဲ့ ပန်းချီကားတွေမှာ အနီရောင်ကဲတဲ့ အသွေးကို တွေ့ရလေ့ရှိပြီး မြန်မာမှု ကောက်ကြောင်းပန်းချီကိုလည်း နိုင်နင်းသူဖြစ်ပါတယ်။ တက္ကသိုလ် ပရ၀ုဏ်အတွင်းမှာ ပန်းချီပြပွဲတွေ ပန်းချီအင်အားစုတွေ ပေါ်ထွက်လာအောင် အများကြီး ဆောင်ရွက်ပေးခဲ့သူပါ။



၁၉၆၂ ခုနှစ် တကသ အဆောက်အဦ ဗုံးခွဲခံရစဉ်က ဆရာ့ရဲ့ ပန်းချီကားတွေ အများအပြား ပါဝင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် ဆရာဟာ ပန်းချီရေးခြင်းကို ကာလတခု မဆောင်ရွက်ခဲ့ဘဲ စိတ်ထိခိုက်ခဲ့ရပါတယ်။



စာရေးဆရာ အောင်ပြည့်ရဲ့ “ပြိုမှာလေလား မိုးရဲ့” လုံးချင်းဝတ္ထုဟာ ဆရာဦးနန်းဝေရဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂဘ၀ ဖြတ်သန်းမှု တစိတ်တဒေသကို ရေးဖွဲ့ခဲ့တာဖြစ်တယ်လို့ ဆိုကြပါတယ်။

ဆရာဟာ ဆီဆေးဓါးချက် ပိုင်နိုင်စွာနဲ့ ရှုမျှော်ခင်း ပန်းချီကားတွေကို ရေးဆွဲနိုင်ခဲ့သလို ဆရာကြီး ဦးဖေမောင်တင်၊ ဆရာ မင်းသုဝဏ် စတဲ့ ဆရာများရဲ့ ပုံတူပန်းချီကားများကိုလည်း ပြောင်မြောက်စွာ ရေးဆွဲနိုင်သူ ဖြစ်ပါတယ်။



ဆရာရဲ့ ဈာပနကို ပန်းချီ အနုပညာ အသိုင်းအ၀ိုင်းက ပုဂ္ဂိုလ်များနဲ့ သဂြိုလ်ပြီးစီးခဲ့ပါပြီ။ ဆရာဟာ သူဖြတ်သန်းတဲ့ ခေတ်ကာလကြီးရဲ့ သမိုင်းပေးတာဝန်ကို ကျေပြွန်ခဲ့သူဖြစ်သလို မျိုးဆက်သစ်ကို ယုံကြည်စွာနဲ့ မွေးထုတ်ပေးနိုင်ခဲ့သူ တဦး ဖြစ်တဲ့အတွက် ဆရာကြီး ဦးနန်းဝေကို ပန်းချီ အနုပညာအသိုင်းအ၀ိုင်းက ထာဝရ လေးစားကြည်ညိုလျှက် ရှိတယ်ဆိုတာ ထင်ရှားလှပါတယ်။


(Funeral Service Photo – MoeMaKa)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts