>Than Soe Hlaing – Under the regime’s blackout, Burma’s shock


>

စစ်အာဏာရှင် အမိုက်တိုက်အောက်က

ဓာတ်လိုက်နေတဲ့ မြန်မာပြည်

သန်းစိုးလှိုင်

ဒီဇင်ဘာ ၂၀၊ ၂၀၀၈

မြန်မာပြည်ကို အပြန်လမ်းမှာ စင်ကာပူလေဆိပ်ပေါ် လေယာဉ် ၀ဲတဲ့အခါ အောက်ငုံ့ကြည့်လိုက်တော့ တိုက်တွေတာတွေက မီးရောင်တွေ၊ လမ်းမကြီးတွေက မီးတိုင်တန်းတွေကို မြင်ရပြီး “စင်ကာပူဆိုတာ ဒီလိုပါလား … ” လို့ခံစားရပါတယ်။ တဖန် ဘန်ကောက်မြို့ကို ဆင်းပြန်တော့ မျက်စေ့တဆုံး မြို့ရဲ့မီးရောင်တွေ၊ အမြန်လမ်းမကြီးတွေရဲ့ မီးတိုင်တွေ တန်းစီနေတာ မြွေကြီးတကောင် လဲလျောင်းနေသလို ထင်ရပါတယ်။ လေယာဉ်ဆင်းပြီးတော့လည်း မီးရောင်စုံ ထိန်ညီးနေတဲ့ ဘန်ကောက်မြို့ကို ရှုမြင်ရပါတယ်။


အဲဒီကနေ ရန်ကုန်ပြန်တော့ တနာရီခန့်အကြာမှာ လေယာဉ်မယ်က “မကြာခင် ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်ပါတော့မယ် …” လို့ဆိုပါတယ်။ အောက်ကို ငုံ့ကြည့်လိုက်တော့ အ၀ါရောင်မီးပွင့် ကြိုးတိုးကြဲတဲနဲ့ နီယွန်မီးချောင်းရောင် အနည်းငယ်ကလွဲရင် မှောင်မည်းနေပါတယ်။ “ရန်ကုန်မြို့ကြီးမှ ဟုတ်ရဲ့လား၊ ရောက်မှ ရောက်သေးရဲ့လား …” လို့ ထင်မိပါတယ်။ ဒါပေမယ့် မိနစ်ပိုင်းအတွင်းမှာ လေယာဉ်ကွင်းပေါ် ဆင်းသက်လိုက်တော့ “ရန်ကုန်ပါလား …” လို့ ယုံကြည်လိုက်ရပါတယ်။



လျှပ်စစ်မီးဒုက္ခ

လွန်ခဲ့တဲ့လ မှစပြီး ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ လျှပ်စစ်မီး အလှည့်နဲ့ ပေးတဲ့အပြင် တရက်ကို ၆ နာရီ သာသာပဲ ပေးနိုင်ပါတော့တယ်။ ခါတိုင်းနှစ်တွေဆိုရင် ရန်ကုန်မြို့မှာ ဇန်န၀ါရီလကုန်လောက်မှ ဆည်ရေ နည်းသွားလို့ ဆိုပြီး လျှပ်စစ်မီး အလှည့်ကျ ပေးပါတယ်။



မိုးရာသီ အလယ်လောက်ကနေ နှစ်ကုန်လောက်အထိ တနေ့ ၁၆ နာရီ ၁၈ နာရီ ၀န်းကျင်ရပေမယ့်၊ ဒီနှစ်ကတော့ ဆောင်းရာသီတောင် မရောက်သေးတဲ့ နိုဝင်ဘာလ အစမှာကတည်းက လျှပ်စစ်မီးတွေ အခြေအနေ တော်တော်ဆိုးနေတာ တွေ့ရပါတယ်။



“ရန်ကုန်မြို့ကို တဖက်တလမ်းက လျှပ်စစ်ဓါတ်အား ထုတ်ပေးနေတဲ့ စီအင်ဂျီ သုံး တာဘိုင်စက်တွေ ပျက်တာလား၊ စီအင်ဂျီ မလာလို့လား …” စတဲ့ ခန့်မှန်း ပြောဆိုမှုတွေ အမျိုးမျိုး ထွက်ပေါ်ခဲ့ပေမယ့်၊ သက်ဆိုင်ရာ ၀န်ကြီးဌာနကတော့ အကြောင်းရင်းကို ဘာမှ မပြောဘဲ ရေငုံ နှုတ်ပိတ်သာ နေပါတယ်။



ဒီလို အချိန်အခါမှာ သတင်း ဂျာနယ်တွေက ရန်ကုန်တိုင်း လျှပ်စစ်ရုံး၊ အလုံလျှပ်စစ်စွမ်းအားရုံး(ယခင်ဝန်ကြီးရုံး) ကိုဖုန်းဆက်ကာ မေးပေမယ့်လည်း ရေရေရာရာ ဖြေကြားလေ့မရှိပါဘူး။



ဂက်စ်ပိုက်လိုင်းပေါက်လို့ ရက်ပိုင်းလောက်သာ ဖြစ်သလိုမျိုး စီးတီးအက်ဖ်အမ်က ပြောပြီး ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မရှိပါဘူး။ မြန်မာနိုင်ငံက ၀န်ကြီးဌာနအများစုဟာ ၀န်ကြီးဌါနရဲ့ လုပ်ဆောင်ချက်တွေကို ၀ါဒဖြန့်ဖို့ လောက်သာ သတင်းဂျာနယ်တွေကို အသုံးချကြပါတယ်။ လူထုအတွက် ဘယ်လောက်ပဲ အရေးကြီးတဲ့ သတင်းဖြစ်ပါစေ၊ ၀န်ကြီးဌာန အကျိုးမရှိဘူး ဆိုပါက တရားဝင် ဘယ်တော့မှ မပြောပါဘူး။ ယခုလည်းပဲ လူဦးရေ ၅ သန်းကျော်ရှိတဲ့ ရန်ကုန်မြို့ လျှပ်စစ်မီး လာတချက် ပြတ်တချက် ဖြစ်နေတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း အသိမပေးပါဘူး။



တင်းကြပ်တဲ့ စာပေစိစစ်ရေးအောက်က မြန်မာ့ပုံနှိပ်မီဒီယာဟာ တကယ့်အဖြစ်မှန်ရဲ့ အရိပ် အရောင် ပြန်ဟပ်ရုံလောက်ကလေးနဲ့သာ သတင်းတွေကို ဖေါ်ပြနိုင်တာမို့လို့ ယခုတပတ် မြန်မာတိုင်းမ် ဂျာနယ်မှာ “ရန်ကုန် မီးစက်ရောင်းအား ထိုးတက်လာတယ် …” ဆိုတဲ့ သတင်းပါရင် ရန်ကုန်မှာ လျှပ်စစ်မီး အခြေအနေ တော်တော် ဆိုးနေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

မြို့ပြမီးသုံးစွဲမှုနဲ့ လူတွေရဲ့ဘဝ

မြန်မာနိုင်ငံသားများအတွက် လျှပ်စစ်မီးပျက်ခြင်းဟာ နေ့တဓူဝ အတွေ့အကြုံလို ဖြစ်နေပြီး ရန်ကုန်မြို့နဲ့ မန္တလေးမြို့က မြို့ခံတွေအတွက် လျှပ်စစ်မီးအကြောင်း ခေါင်းထဲ ထည့် မစဉ်းစားရတာ ဆိုလို့ တစ်နှစ်မှာ ၃ လ တောင် မပြည့်တတ်ပါဘူး။

နေ့စဉ် “ မီး ဘယ်အချိန် ပျက်မလဲ၊ ဘယ်အချိန် ပြန်လာမလဲ …” ဆိုတာကို ခေါင်းထဲ ထည့်ထားရပါတယ်။ ကျောင်းသားလည်း ကျောင်းသားမို့လို့၊ အိမ်မှာနေရင်း ကိုယ်ပိုင်စီးပွားရေး လုပ်တဲ့သူလည်း သူ့လုပ်ငန်းနဲ့ လျှပ်စစ်မီးနဲ့ ဆက်စပ်နေသလို၊ အလတ်စား လုပ်ငန်းရှင်တွေလည်း လျှပ်စစ်မီးလာဖို့အတွက် ပေးရ ကမ်းရနဲ့ အားလုံးအတွက် ၁၂ ရာသီပတ်လုံး ဗျာများနေကြရတဲ့ ဘ၀ပါ။

လူတွေရဲ့ နေ့စဉ် လှုပ်ရှားမှုတွေကို လျှပ်စစ်မီးလာချိန်နဲ့ လိုက်ညှိပြီး လှုပ်ရှားကြရတဲ့သူ မြန်မာနိုင်ငံမှာ အများအပြားရှိပါတယ်။ လျှပ်စစ်မီးက ညသန်းကောင်ကျော်မှလာလို့ ရေစုပ် တင်ဖို့၊ အ၀တ်လျှော်ဖို့၊ မီးပူတိုက်ဖို့ကအစ မနက်စောစော လျှပ်စစ်မီး မပြတ်ခင် လျှပ်စစ်ထမင်းအိုး ထပြီးချက်ရတဲ့အထိ အိမ်ရှင်မတွေလည်း နေ့ခင်း နားနေပြီး၊ ညသန်းခေါင်မှာ အိမ်အလုပ် ထ လုပ်ရတဲ့ ဘ၀ပါ။

ကျောင်းသားတွေအနေနဲ့လည်း မီးမလာလို့ စာကျက်ချိန်၊ အိပ်ချိန်ကို လျှပ်စစ်မီးနဲ့ လိုက်ညှိရတဲ့ ဒုက္ခလည်း မသေးလှပါဘူး။ မြန်မာနိုင်ငံက မြို့နေလူတွေမှာ မီးလာတာ မြင်နေရင်၊ တခုခု ဘယ်လို အသုံးချရမလဲလို့ စိတ်ကူးတဲ့အကျင့်တောင် လူတွေမှာ စွဲလာပါတယ်။ အဲဒီအထိ လျှပ်စစ်မီးက လူတွေရဲ့ဘ၀ကို ထိန်းချုပ်ထားပါတယ်။

လျှပ်စစ်မီးလက်ထဲက စီးပွားရေးဘဝ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေအတွက်ကတော့ စီးပွားရေး မလုပ်ခင် လုပ်ကိုင်မယ့် ရပ်ကွက်ဟာ နှိုင်းယှဉ်မှုအားဖြင့် လျှပ်စစ်မီးလာချိန် များရဲ့လားဆိုတာ အရင် ရွေးရပါတယ်။ အဲဒီနောက် မီးမလာခဲ့ရင်သုံးဖို့ မီးစက်ကိုလည်း ၀ယ်ယူ ရင်းနှီးရပါသေးတယ်။ ရန်ကုန်မြို့ထဲမှာ စာစီစာရိုက်၊ ကွန်ပျူတာဆားဗစ်၊ အင်တာနက်ကဖေးလိုမျိုး လုပ်ငန်းသေးအတွက်တောင် ကျပ်ငွေ ၅ သိန်းမှ ၁၀ သိန်း ၀န်းကျင်ဖိုး မီးစက်အတွက် သုံးရပါတယ်။

ဒီထက် အနည်းငယ်ကြီးတဲ့လုပ်ငန်းမျိုး၊ စားသောက်ဆိုင်လိုမျိုးဆို မီးစက်ကြီးကြီး လိုတာမို့ ကျပ်ငွေ သိန်း ၂၀၊ ၃၀ အနည်းဆုံး သုံးကြရပါတယ်။ စီးပွားရေးလုပ်ငန်း တခု ထူထောင်ရာမှာ လျှပ်စစ်မီးအတွက် ရင်းနှီးရတဲ့ငွေက အရင်းအနှီးအားလုံးရဲ့ ၁၀% မှ ၁၅% အကြား ရှိပါတယ်။ ရန်ကုန်မြို့ထဲမှာ လမ်းလျှောက်တဲ့အခါ အိမ်တွေ၊ လုပ်ငန်းတွေ၊ ကုမ္ပဏီတွေကသုံးတဲ့ လေးထောင့်ပုံ သံသေတ္တာတွေလို မီးစက်တွေက လမ်းလျှောက်ရ ခက်ခဲလောက်အောင် ပလက်ဖောင်းတလျောက် တန်းစီနေတာပါ။

ကုမ္ပဏီကြီးတွေနဲ့ ဟိုတယ်လို ပလာဇာလိုမျိုးက သုံးတဲ့မီးစက်တွေဆိုရင် တလုံး တလုံးကို သိန်း ၁၀၀ ကျော်ကနေ သိန်း လေး ငါး ခြောက်ရာ အထက်ထိ ရှိပါတယ်။ အထည်ချုပ်စက်ရုံတရုံဆိုရင် သိန်း ၂၀၀ ကျော်တန်၊ တပတ်ရစ်မီးစက် ၂ လုံး ၃ လုံး ၀ယ်ထားရတယ်လို့ ဆိုပါတယ်။ အရံအနေနဲ့ ထားတာ၊ လုပ်ငန်းလည်ပတ်မှုပမာဏအလိုက် အကြီး အသေး သုံးတာမျိုးကြောင့် အရွယ်အစား မတူတာမျိုးကိုလည်း ၀ယ်ထားကြရပါတယ်။

မန္တလေးမြို့က ဟိုတယ်လုပ်ငန်းရှင်တွေဆိုရင်လည်း မီးစက် အကြီး အသေး ၃ မျိုး ၃ စား ထားပြီး ဧည့်သည်ကို ၀န်ဆောင်မှုပေးကြရပါတယ်။ နေ့ခင်းမှာ၊ အဲယားကွန်းမလိုတဲ့အချိန်မှာ မီးစက်အသေး၊ သိုမဟုတ် အခန်းများရင် အလတ်ကိုသုံးပြီး၊ ညဘက် မီးမလာတဲ့အချိန်မှာမှ စက်အကြီးကို လှည့်ရပါတယ်။

ထို့အတူပဲ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရဲ့ ဆွဲဆောင်မှုတရပ်လို့ ခေါ်ဆိုတဲ့ ငွေဆောင် ချောင်းသာက ဟိုတယ်တွေလည်း မီးစက် အကြီး အသေး ၃ မျိုးလောက် ထားရှိကြရတာပါ။ ငွေဆောင်လို ပြည်တွင်းဧည့်သည် အ၀င်နည်းတဲ့ ဟိုတယ်တွေမှာ တည တညကို မီးစက် ဒီဇယ်ဖိုးက သောင်း ဂဏန်း၊ သိန်း ဂဏန်း အထိရှိတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ငွေဆောင်ကမ်းခြေရဲ့ ဟိုတယ်လုပ်ငန်း မတိုးတက်နိုင်ရတဲ့ အကြောင်းအချက်တွေအနက် လျှပ်စစ်မီး သွယ်တန်းနိုင်ခြင်းမရှိလို့ ဟိုတယ်တွေရဲ့ ၀င်ငွေထဲက ရာခိုင်နှုန်း အများစုကို လျှပ်စစ်မီးအတွက် သုံးစွဲလိုက်ကြရတာပါ။

လျှပ်စစ်မီးအတွက် မြန်မာနိုင်ငံက လူတန်းစားအသီးသီး ဒီလောက်အထိ ငွေသုံးနေကြရတာ ဘာလို့ စုပေါင်းပြီး မီးစက် လှည့်တာတို့၊ မီးပေးတာတို့ မလုပ်ကြသလဲလို့ မေးကောင်း မေးပါလိမ့်မယ်။ အစိုးရက ခွင့်မပြုလို့ပါပဲ။

လျှပ်စစ်မီး ကလာတဲ့ ပါဝါ ပြီးတော့ …

အချို့သော ရပ်ကွက်ငယ်တွေမှာ မီးပေးချိန် အလွန် နည်းလွန်းတာ၊ ဒါမှမဟုတ် ရက် အတန်ကြာမှ မီးလာတာမျိုးဆိုရင် အိမ်တွေကို ၀ါယာကြိုး သွယ်တန်းပြီး တညကို ၁၀၀၊ ၂၀၀ အနေနဲ့ မီးပေးတာမျိုး ရှိပေမယ့် ဒိထက်ပိုပြီး ပုဂ္ဂလိကလျှပ်စစ်မီးပေးတာမျိုးကို ခွင့်မပြုပါဘူး။



လှိုင်သာယာ စက်မှုဇုန်လိုမျိုးမှာ စက်ရုံတိုင်း စက်ရုံတိုင်း မီးစက်ကြီးတွေ ထားပြီး မောင်းနေကြတာ တနေ့ တနေ့ကို ဒီဇယ်ဖိုး သိန်းဂဏန်းနဲ့ ကုန်ကျပါတယ်။ အဲဒီလို စက်ရုံပေါင်း ရာနဲ့ ချီပြီး တရက် တရက်ကို သိန်းနဲ့ချီတဲ့ လောင်စာတွေ သုံးနေမယ့်အစား စုပေါင်းပြီး မီးစက်ကြီးကြီး တည်လိုက်ရင် လုပ်ငန်းတခုချင်း မီးစက်ဖိုးလည်း သက်သာ၊ လောင်စာဖိုးလည်း သက်သာမှာ ကို လူတိုင်းတွေးမိကြပါတယ်။



အဲဒီအခြေအနေကို မြင်လို့ အက်ဖ်အမ်အိုင်ကုမ္ပဏီပိုင်ရှင် ဆာ့ဂ်ျပန်းက စက်မှုဇုန်ကို မီးပေးဖို့ အစိုးရနဲ့ ညှိပါသေးတယ်။ ဒါပေမယ့် ခွင့်မပြုပါဘူး။ အစိုးရသွယ်တန်းထားတဲ့ လျှပ်စစ်မီးလိုင်းပဲကို အခပေးပြီး ငှားသုံးပါမယ်လို့ ကမ်းလှမ်းပေမယ့်လည်း အစိုးရက ခွင့်မပြုတဲ့အတွက် စက်ရုံတိုင်း ကိုယ့်မီးစက်နဲ့ ကိုယ်မောင်းကာ သုံးစွဲနေရပါတော့တယ်။



စစ်အစိုးရအနေနဲ့ လျှပ်စစ်မီးကိုလည်း နိုင်ငံရေးအာဏာရဲ့ အခြေခံတခုလို့ ရှုမြင်ထားပုံ ရပါတယ်။ မြန်မာတနိုင်ငံလုံး လျှပ်စစ်မီးအခြေအနေ ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ။ ပြိုင်ဆိုင် လုပ်ကိုင်ခွင့်ရှိတဲ့ ပုဂ္ဂလိကကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးဖို့ ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး။



လျှပ်စစ်မီးနဲ့ နိုင်ငံရေး

လျှပ်စစ်မီးကြောင့် လူတွေ အစိုးရကို ထောက်ခံမှု လျော့နည်းနေရတာကို အစိုးရအနေနဲ့ တဖက်မှာ ကြားသိပေမယ့်၊ ဘယ်တုန်းကမှ လျှပ်စစ်မီးစီမံကိန်းတွေကို ရေရှည်အမြင်နဲ့ ချမှတ် လုပ်ကိုင်ခဲ့တာ မတွေ့ရပါဘူး။ နိုင်ငံတကာ အလယ်မှာ တရုတ်ရဲ့နိုင်ငံရေး ထောက်ခံမှုကို ရလိုတာကြောင့် တရုတ်လုပ် ရေအားလျှပ်စစ် တပတ်ရစ်တွေ၊ လောင်စာသုံး တာဘိုင် တပတ်ရစ်တွေ ၀ယ်ယူပြီးနောက် အလုပ်မဖြစ်တာတွေလည်း မကြာခဏ ကြားနေရပါတယ်။



ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲ မတိုင်ခင်က ကားပွဲစားတဦးကို ထောက်ခံမလား၊ ကန့်ကွက်မလားမေးရာမှာ …

“လျှပ်စစ်မီးတောင် မှန်အောင် မလုပ်နိုင်တဲ့ အစိုးရကို ဘာ အကြောင်းကြောင့် ထောက်ခံရမှာလဲ၊ အိမ်မှာ မဲပေးပိုင်ခွင့်ရှိသူ ၅ယောက် ရှိတယ်၊ အားလုံး ကန့်ကွက်မဲ ပဲ

လို့ ပြန်ဖြေပါတယ်။



ဒါပေမယ့် စစ်အစိုးရဟာ မဲလိမ်တဲ့ နည်း၊ ၀န်ထမ်းနဲ့မိသားစုတွေကို ခြိမ်းခြောက်တဲ့ နည်းနဲ့ အတည်ပြုကြောင်း ကြေငြာခဲ့ပါတယ်။ တဘက်မှာ လျှပ်စစ်မီးအခက်အခဲကြောင့် လူတွေ အစိုးရကို မထောက်ခံတာ၊ စိတ်ကုန်တဲ့အကျိုးဆက် ဖြစ်ပေါ်သလို၊ အခြားတဘက်မှာလည်း အစိုးရရဲ့ တလွဲ စီမံခန့်ခွဲမှုကြောင့် လူတွေ လျှပ်စစ်မီးနဲ့ အချိန်ကုန် ငွေကုန်ဖြစ်နေရတာကိုများ စစ်အစိုးရက နှစ်သက်စွာ ရွေးချယ်ထားသလားလို့ စဉ်းစားစရာပါ။



မြန်မာနိုင်ငံမှာ လူအများအပြားရဲ့ လုပ်အားတွေ၊ အချိန်တွေ၊ ၀ိရိယတွေဟာ အစိုးမရတဲ့ လျှပ်စစ်မီးအတွက် အချည်းနှီး သုံးစွဲနေကြရပါတယ်။



မီးစက်နဲ့ ဖိထားတဲ့ မြန်မာလူနေမှုဘဝ

အိမ်တိုင်း အိမ်တိုင်း အင်ဗာတာ၊ ဘက်ထရီအိုးကြီး၊ ကွန်ပျူတာမှာ ပါဝါ ဘက်အပ်လုပ်တဲ့ ယူပီအက်စ်တွေ၊ အိမ်သုံး မီးစက်တွေနဲ့ ငွေ၊ အချိန်၊ လုပ်အားတွေ သုံးစွဲလိုက်ကြရသလို၊ အဲဒါတွေနဲ့ အချိန်ကုန်နေတာကြောင့် စစ်အစိုးရကို ဆန့်ကျင်ဖို့ အချိန်နဲ့ လုပ်အားမရှိအောင်များ ရည်ရွယ်သလား လို့ အချို့က သံသယ ရှိကြပါတယ်။ လူတွေကို အဲဒီလိုအခြေအနေမှာ ကျင်လည်နေအောင် တမင် ရည်ရွယ် လုပ်ဆောင်ထားတာလို့ ယုံကြည်သူတွေလည်း မြန်မာနိုင်ငံမှာ ရှိပါတယ်။

စစ်အစိုးရ ရဲ့အာဏာရှင်စရိုက်

စစ်အစိုးရရဲ့ အာဏာရှင်စရိုက် နောက်လက္ခဏာတခုကတော့ စစ်အစိုးရအုပ်ချုပ်သူတွေဟာ၊ စစ်တပ်ဟာ ဘယ်တော့မှ အရပ်သားတွေနဲ့ အခွင့်အရေး တတန်းထဲ မနေတာပါပဲ။


လျှပ်စစ်မီးသုံးစွဲရာမှာလည်း ယခင် ရန်ကုန်မှာ နေထိုင်စဉ်က “ဗီအိုင်ပီလိုင်း”လို့ခေါ်တဲ့ ၂၄ နာရီ လုံးလုံး မပျက်စေရတဲ့ လိုင်းကို စစ်အစိုးရ ခေါင်းဆောင်တွေ၊ ၀န်ကြီးတွေနေတဲ့ အိမ်တွေ၊ ရပ်ကွက်တွေမှာ သွယ်တန်းထားစေပြီး၊ သာမန်လူတွေနဲ့ အဆင့်အတန်း ခွဲခြားထားခဲ့ပါတယ်။



တခါ ပျဉ်မနားကို ပြောင်းသွားပြီးနောက်မှာ “ပျဉ်းမနားနေပြည်တော်”ဟာ ပထမဆုံး ဦးစားပေးဖြစ်လာပြီး ပေါင်းလောင်း ရေအားလျှပ်စစ်က ထုတ်ယူလို့ရတဲ့ ဓါတ်အားတွေကို နေပြည်တော်က လူမရှိတဲ့လမ်းတွေမှာ နေ့ခင်းပါ ထွန်းညှိထားရလောက်အောင်သုံးပြီး ရန်ကုန်ကိုတော့ အမှောင်ထဲမှာ ထားထားခဲ့ပါတယ်။



စစ်အာဏာရှင်တွေဟာ စစ်သားမဟုတ်တဲ့သူတွေ သူတို့နဲ့တန်းတူ ရည်တူ သွားလာနေထိုင်မှာကို ဘယ်တုန်းကမှ မလိုလားပါဘူး။ ကားမှန်တွေမှာ နေကာ စတစ်ကာအနက်ကို စစ်အရာရှိကြီးတွေစီးတဲ့ ကားမှာသာ ကပ်ခွင့်ရှိပြီး၊ သာမန်အရပ်သားပိုင် ကားမှာ ကပ်ရင် အရေးယူသလိုပဲ၊ စစ်အရာရှိတွေနေတဲ့ နေရာ၊ စစ်တပ်နေရာတွေမှာ လျှပ်စစ်မီး လာစေပြီး သာမန်အရပ်သားတွေကို တဆင့်နိမ့်သဘောနဲ့ ဒုက္ခခံထားခိုင်းတဲ့ သဘောထားဟာ စစ်အာဏာရှင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ (ဆိုက်ကို) အတွေးအခေါ်တခု ဖြစ်နေပါတယ်။



မစားရ၀ခမန်း လျှပ်စစ်စီမံကိန်းတွေ

ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ သတင်းစာတွေမှာ၊ တီဗီတွေမှာ မစားရ၀ခမန်း ပြောဆိုလာတာ ဆယ်စုနှစ် ပေါင်း နှစ်ခု မက ကြာခဲ့တာကြောင့် ပြည်သူလူထုကလည်း အယုံအကြည် မရှိတော့ပါဘူး။



ပြီးခဲ့တဲ့ ၁၀ စု နှစ် တခုလောက်က ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်း ပြီးရင် မီဂါဝပ် ဘယ် နှစ်ထောင် ထွက်မယ်၊ သုံးလို့တောင် မကုန်ဘူး … ဆိုတဲ့ အပြောတွေ၊ ရေးသားတာတွေဟာ မှတ်မိနေကြဆဲပါ။



ပေါင်းလောင်းပြီးတော့လည်း ပျဉ်းမနားနေပြည်တော်မှာပဲ သုံးပြီး၊ နဂိုက မစားရ၀ခမန်း ပြောဆိုချက်တွေဟာ လက်တွေ့မှာ တရုတ်က တပတ်ရစ် တာဘိုင်တွေနဲ့ ပြောသလောက် မထွက်တာကလည်း စစ်အစိုးရရဲ့ စီမံကိန်းတွေရဲ့ သဘာဝပါပဲ။



ယခုလို ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့တွေမှာ အမှောင်ကျနေတာတောင်မှပဲ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ရေအားလျှပ်စစ်ကထွက်တဲ့ ဓါတ်အားတွေ အများအပြား ရှိနေပြီး၊ တောင်ပိုင်းသို့ ပို့ဆောင်မယ့် ဓါတ်အားလိုင်းတွေ မရှိတာကြောင့်လို့ လျှပ်စစ်ဓါတ်အား ပို့လွှတ်ရေး စီမံကိန်း(တောင်ပိုင်း) ညွှန်ကြားရေးမှူး ဦးသိန်းလှိုင်က ပြောကြားတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် သတင်းစာမှာ ဖေါ်ပြထားပါသေးတယ်။



မြောက်ပိုင်းမှာ လျှပ်စစ်ဓါတ်အား မီဂါဝပ် ၂၀၀၊ ၃၀၀ ပိုနေပြီး တောင်ပိုင်းကို ပို့စရာ ဓါတ်အားလိုင်းတွေ တည်ဆောက်နေပြန်ပြီလို့ လူထုကို ချွေးသိမ့်ဦးမယ့် သဘောပါပဲ။ ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော်ဖြစ်တဲ့ လားရှိုးကို ညမှောင်ခါစ ၀င်လာတဲ့အခါ တမြို့လုံး အမှောင်ထဲမှာ နေနေကြတာတွေ့ရပါတယ်။



လားရှိုးဇာတိ ဗင်ကားမောင်းသူ ကိုမြတ်မင်းက

“မီးစက် မနှိုးကြသေးတာ၊ ဒိထက်မှောင်မှ ငွေတတ်နိုင်တဲ့သူတွေက မီးစက်နှိုးကြလိမ့်မယ်။ အစိုးရလျှပ်စစ်မီးကတော့ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှာပဲ လာတယ်။ ကျွန်တော်တို့မြို့က ဒီလိုပဲ မီးက ၃ ရက်လောက်မှ တခါ လာတယ် လို့ပြောပါတယ်။



ဒါကြောင့် ယခုပြောတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှ လျှပ်စစ်ဓါတ်အားဆိုတာတွေက မြန်မာပြည်သူတွေကို ပုံပြောတာလို့ပဲ လူတွေက ထင်မှတ်ထားလိုက်ပါတယ်။

စစ်အာဏာရှင်တိုက်ထားတဲ့ လျှပ်စစ်ကျိန်စာ

တရုတ်ပြည်နယ်စပ်မှာ တရုတ်ပြည်ဘက်က၀ယ်သုံး၊ ထိုင်းနိုင်ငံနယ်စပ်မှာ ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ၀ယ်သုံးပြီး၊ မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကိုတော့ တရုတ်၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကိုတောင် ရေအားလျှပ်စစ်ထုတ်ဖို့ ရောင်းချထားပါတယ်။


မြန်မာနိုင်ငံမှာ မြစ်ချောင်းတွေ ပေါများပေမယ့်၊ တလွဲစီမံခန့်ခွဲမှုနဲ့ လာဘ်စားမှုတွေကြောင့် ပြီးသွားတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေဟာ ထင်ထားတာနဲ့ လွဲပြီး၊ လက်တွေ့ အသုံးမတည့် ဖြစ်နေတာပါ။


အခုလည်း “ရဲရွာ”ရေအားလျှပ်စစ်စီမံကိန်းကို မစားရ၀ခမန်း ပြောဆိုနေပြန်ပါတယ်။ အဲဒီ စီမံကိန်းပြီးရင် ဘယ်လောက် ထွက်မယ် ဆိုတာကို ဘယ်မြန်မာပြည်သူကမှ မယုံစားတော့ပါဘူး။ ရန်ကုန်မြို့ကိုပေးနေတဲ့ စွန့်ပစ်လောင်စာသုံး တာဘိုင်တွေကို ပြီးခဲ့တဲ့ ၂ နှစ် ၀န်းကျင်မှာ စီအင်ဂျီ ပြောင်းခဲ့ပါတယ်။



သို့ပေမယ့်လို့ နိုင်ငံခြားကိုတော့ တနှစ်နဲ့ တနှစ် တိုး ရောင်းနေပြီး၊ လျှပ်စစ် တာဘိုင်တွေကိုတော့ စီအင်ဂျီ လုံလောက်အောင် မပေးနိုင် တာကြောင့် ရန်ကုန်မြို့ဟာ ပိုပြီးတောင် အခြေအနေဆိုးလာပါသေးတယ်။



သတင်းစာတွေမှာ လျှပ်စစ်မီးအကြောင်း ရေးလွန်း၊ တီဗီတွေမှာ လျှပ်စစ်စီမံကိန်းတွေ အကြောင်း ပြောလွန်းဖေါ်ပြလွန်းလို့ စစ်အစိုးရကို ထိထိမိမိ ပျက်လုံးထုတ်သူ လူရွှင်တော် ဇာဂနာက “စစ်အစိုးရ သတင်းစာတွေ ကိုင်တောင် မကိုင်ရဲဘူး။ ဓါတ်လိုက်မှာစိုးလို့ …” ပြောခဲ့တာဟာ ထိမိလွန်းလို့ လူတွေကြားထဲ စွဲခဲ့ပါတယ်။



နောက်ဆုံးကောက်ချက်ချ ပြောရရင်တော့ မြန်မာလူထုကို လျှပ်စစ်မီး မပေးနိုင်တာဟာ စစ်အစိုးရရဲ့ အာဏာရှင်စရိုက်၊ အများပြည်သူအပေါ် စေတနာမရှိတာကို ပေါ်လွင်စေတဲ့ အထင်ရှားဆုံး ဥပမာတခုပါ။

(photos – “Inverter – Than Soe Hlaing, Others – Internet)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts