News Features အောင်ဒင်

Aung Din – Parliament (28)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၃၊ ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၂၈)


အောင်ဒင်

အပိုင်း (၂၈) လွှတ်တော်နှင့် ကြားဖြတ်ရွေးကောက်ပွဲများ
၂၀၁၃ ခုနှစ် ဇွန်လ ၂၆ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ယောက်က ကြားဖြတ်ရွေးကောက်ပွဲများကျင်းပရေးနဲ့ ပါတ်သက်ပြီး မေးခွန်းများမေးကြပါတယ်၊ အဲဒီ ကိုယ်စားလှယ် နှစ်ယောက် ပုသိမ်မြို့နယ်မဲဆန္ဒနယ်က ဦးဝင်းမြင့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)နဲ့ မြေပုံမဲဆန္ဒနယ်က ဦးဖေသန်း (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ)တို့ ဖြစ်ကြပါတယ်၊ သူတို့မေးတာကတော့ လွှတ်တော်အဆင့်ဆင့်မှာ လစ်လပ်နေတဲ့ ကိုယ်စားလှယ်နေရာများ ဘယ်လောက်ရှိသလဲဆိုတာနဲ့ အဲဒီလစ်လပ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ဘယ်တော့ကျင်းပပေးမလဲ ဆိုတာပါ၊ သူတို့ရဲ့ မေးခွန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ကော်မရှင်ကိုယ်စားဖြေကြားပါတယ်၊ ဦးတင်အေးက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၄ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ နေရာလစ်လပ်နေကြောင်း၊ ဒါပေမည့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်နေရတာကြောင့် ဒီလစ်လပ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ အစီအစဉ်မရှိဘူးလို့ ဖြေသွားပါတယ်၊
ဒီဖြေကြားချက်နဲ့ ပါတ်သက်ပြီး စိတ်ထဲ ဘဝင်မကျမိတဲ့ အချက်နှစ်ချက်ကို ဆွေးနွေးချင်ပါတယ်၊
(က) မကြေညာသော လစ်လပ်မဲဆန္ဒနယ်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံကိုယ်စားလှယ်အရေအတွက်ဟာ ပြည်သူ့လွှတ်တော်မှာ ၃၃၀ မဲဆန္ဒနယ်နဲ့ အမျိုးသားလွှတ်တော်မှာ ၁၆၈ မဲဆန္ဒနယ်ရှိပါတယ်၊ ဒါပေမည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများကျင်းပရာမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အားလုံးမှာ ကျင်းပနိုင်ခဲ့ပေမည့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲများကိုတော့ မဲဆန္ဒနယ် ၃၂၅ ခုမှာသာ ကျင်းပနိုင်ခဲ့ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းထဲမှာပါဝင်တဲ့ မိုင်းမော၊ ပန်ဝိုင်း၊ နားဖန်၊ ပန်ဆန်း မြို့နယ်များနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းလား မြို့နယ်၊ စတဲ့ မဲဆန္ဒနယ် ၅ ခုမှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါ၊ အဲဒီ မြို့နယ် ၅ခုမှာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲများလဲ မကျင်းပနိုင်ခဲ့ပါ၊
ဦးတင်အေး ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာ လစ်လပ်နေရာများကို ကြေငြာတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၄၀ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၆ နေရာ၊ နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ နေရာ လစ်လပ်တယ်လို့ ကြေညာခဲ့ပါတယ်၊ ရှမ်းပြည်နယ်က ၅ မြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၅ နေရာနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၀ နေရာ လစ်လပ်နေဆဲဖြစ်တယ်ဆိုတာကို မကြေညာခဲ့ပါ၊
၂၀၁၂ ခုနှစ် ဧပြီလ ၁ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကြေညာထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၄၀ ထဲက ၃၇ နေရာမှာပဲ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ပြီး ကချင်ပြည်နယ်က ဖားကန့်၊ ဗန်းမော် နဲ့ မိုးကောင်းမြို့နယ်မဲဆန္ဒနယ်များမှာ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါ၊
၂၀၁၃ခုနှစ် ဇွန်လ ၂၆ရက်နေ့မှာ ဦးတင်အေးက ပြည်သူ့လွှတ်တော်မှာ ဖြေကြားရာမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၆ နေရာ (ဟားခါးမြို့နယ်၊ ကံမမြို့နယ်၊ ရေနံချောင်းမြို့နယ်၊ မင်းပြားမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ပန်းတနော်မြို့နယ်)၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၄ နေရာ (စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂၊ တနင်္သာရီတိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ်  အမှတ် ၂၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၆၊ နဲ့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၄)၊ နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၅ နေရာ (ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂၊ ဂွမြို့နယ်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၂၊ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁၊ ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ် ၁) လစ်လပ်နေတယ်လို့ ဖြေကြားသွားပါတယ်၊ ဦးတင်အေး တင်ပြတဲ့ စာရင်းထဲမှာ ၂၀၁၀ ရွေးကောက်ပွဲကထဲက လစ်လပ်နေတဲ့ ရှမ်းပြည်နယ်က ၅ မြို့နယ် ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် များ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်တဲ့ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် များ မပါဝင်ပါ၊
ဒါကြောင့်မို့ ဒီနေ့အမှန်တကယ် လစ်လပ်နေတဲ့ လွှတ်တော်မဲဆန္ဒနယ်များဟာ ဦးတင်အေး တင်ပြတာထက်များနေပါတယ်၊ စုစုပေါင်း ၃၃ နေရာရှိပါတယ်၊အောက်ပါဇယားကိုကြည့်ပါ၊
ပြည်သူ့လွှတ်တော် လစ်လပ်မဲဆန္ဒနယ်မြေများ (၁၄ နေရာ)၁၊ ပန်ဝိုင်းမြို့နယ် (ရှမ်းပြည်နယ်)
၂၊ မိုင်းမောမြို့နယ် (ရှမ်းပြည်နယ်)
၃၊ နားဖန်မြို့နယ် (ရှမ်းပြည်နယ်)
၎၊ ပန်ဆန်းမြို့နယ် (ရှမ်းပြည်နယ်)
၅၊ မိုင်းလားမြို့နယ် (ရှမ်းပြည်နယ်)
၆၊ ဖားကန့်မြို့နယ် (ကချင်ပြည်နယ်)
၇၊ ဗန်းမော်မြို့နယ် (ကချင်ပြည်နယ်)
၈၊ မိုးကောင်းမြို့နယ် (ကချင်ပြည်နယ်)
၉၊ ဟားခါးမြို့နယ် (ချင်းပြည်နယ်)
၁၀၊ ကံမမြို့နယ် (မကွေးတိုင်းတိုင်းဒေသကြီး)
၁၁၊ မင်းပြားမြို့နယ် (ရခိုင်ပြည်နယ်)
၁၂၊ ရေနံချောင်းမြို့နယ် (မကွေးတိုင်းတိုင်းဒေသကြီး)
၁၃၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (ရန်ကုန်တိုင်းဒေသကြီး)
၁၄၊ ပန်းတနော်မြို့နယ် (ဧရာဝတီတိုင်းဒေသကြီး)
အမျိုးသားလွှတ်တော် လစ်လပ်မဲဆန္ဒနယ် (၄ နေရာ)
၁၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၂
၂၊ တနင်္သာရီတိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ်  အမှတ် ၂
၃၊ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၆
၎၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် ၎
တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် လစ်လပ်မဲဆန္ဒနယ်များ (၁၅ နေရာ)
၁၊ ပန်ဝိုင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ (ရှမ်းပြည်နယ်)
၂၊ ပန်ဝိုင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ (ရှမ်းပြည်နယ်)
၃၊ မိုင်းမောမြို့နယ်  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ (ရှမ်းပြည်နယ်)
၎၊ မိုင်းမောမြို့နယ်  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ (ရှမ်းပြည်နယ်)
၅၊ နားဖန်မြို့နယ်  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ (ရှမ်းပြည်နယ်)
၆၊ နားဖန်မြို့နယ်  ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ (ရှမ်းပြည်နယ်)
၇၊ ပန်ဆန်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ (ရှမ်းပြည်နယ်)
၈၊ ပန်ဆန်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ (ရှမ်းပြည်နယ်)
၉၊ မိုင်းလားမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ (ရှမ်းပြည်နယ်)
၁၀၊မိုင်းလားမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ (ရှမ်းပြည်နယ်)
၁၁၊ရေကြည်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ (ဧရာဝတီတိုင်းဒေသကြီး)
၁၂၊ ဝိုင်းမော်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ (ကချင်ပြည်နယ်)
၁၃၊ ဂွမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ (ရခိုင်ပြည်နယ်)
၁၄၊ မိုင်းယောင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၁ (ရှမ်းပြည်နယ်)
၁၅၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ (ရှမ်းပြည်နယ်)
(ခ) မလုံလောက်သော အကြောင်းပြချက်
အထက်ပါစာရင်းအရ မြန်မာနိုင်ငံတစ်ဝှမ်းက မဲဆန္ဒနယ် ၃၃ ခုက ပြည်သူတွေဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များကို ကိုယ်စားလှယ်စေလွှတ်ခွင့်ဆုံးရှုံးနေရပါတယ်၊ 
ဦးတင်အေးက ” ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၅ ခုနှစ်အတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍တရားမျှတစွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်နေရတာမို့ အနည်းငယ်သာ လစ်လပ်လျက်ရှိသော မဲဆန္ဒနယ်မြေများအတွက် ကြားဖြတ်ရွေးကောက်ပွဲများကျင်းပပေးရန် လောလောဆယ်အစီအစဉ်မရှိသေးကြောင်း” အတိအလင်းပြန်ကြားခဲ့ပြီမို့ ဒီ မဲဆန္ဒနယ်မြေ ၃၃ ခုက ပြည်သူတွေဟာ လွှတ်တော်ကိုယ်စားလှယ်မဲ့ပြည်သူများဘဝနဲ့ ၂၀၁၅ ခုနှစ် နောက်တစ်ကြိမ်ရွေးကောက်ပွဲများကျင်းပချိန်အထိ နေရမည့် လက္ခဏာရှိနေပါတယ်၊
ဒီနေရာမှာ အားနည်းချက်တစ်ခုက ကြားဖြတ်ရွေးကောက်ပွဲများကို အချိန်ကာလ သတ်မှတ်ကျင်းပနိုင်ရေးအတွက် ပြဋ္ဌန်းချက်များကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာရော၊ လွှတ်တော်ရွေးကောက်ပွဲဥပဒေများမှာပါ ထည့်သွင်းရေးဆွဲထားခြင်းမရှိပါ၊ ဒါကြောင့်မို့ ကြားဖြတ်ရွေးကောက်ပွဲဆိုတာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ သင့်တော်သလိုစီစဉ်ကျင်းပနိုင်ပြီး မသင့်တော်ဘူးထင်ရင် မကျင်းပနိုင်ခွင့်ရှိနေပါတယ်၊ တနည်းအားဖြင့် လူထုရဲ့ သက်ဆိုင်ရာဥပဒေပြုလွှတ်တော်များထံ ကိုယ်စားလှယ် ရွေးချယ်စေလွှတ်ခွင့်ဆိုတာ ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုမှသာ ဖြစ်နိုင်ပါလိမ့်မယ်၊
ဒါဟာဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ပုဒ်မ (၃၄၇) မှာ ပြဋ္ဌန်းထားတဲ့ “နိုင်ငံတော်သည် မည်သူ့ကို မဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည်၊ ထို့ပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဆိုတဲ့ ပြဋ္ဌန်းချက်ကို နိုင်ငံတော်ကိုယ်၌က ချိုးဖောက်လိုက်သလိုပါပဲ၊
အမေရိကန်ပြည်ထောင်စုမှာတော့ ကြားဖြတ်ရွေးကောက်ပွဲများကို ပြည်နယ်အုပ်ချုပ်ရေးမှူး (State’s Governor) များက ဆုံးဖြတ်ကျင်းပပါတယ်၊ ပြည်နယ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေများအရ ကွဲပြားမှုအနည်းငယ်ရှိပေမည့် ယေဘူယျအားဖြင့် သက်ဆိုင်ရာပြည်နယ်မှာ လစ်လပ်သွားတဲ့ အောက်လွှတ်တော်အမတ် သို့မဟုတ် အထက်လွှတ်တော်အမတ်နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးများက လစ်လပ်သွားတဲ့နေ့ကစပြီး ရက်ပေါင်း ၆၀ သို့မဟုတ် ၉၀ အတွင်းမှာ ကျင်းပပေးရပါတယ်၊ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက်လွှတ်တော်ဟာ ပြည်နယ်ပေါင်း ၅၀ က ရွေးချယ်စေလွှတ်တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတာမို့ ပြည်နယ်တိုင်းက သူတို့ပြည်နယ်ကိုယ်စားပြုအမတ်များ အကြောင်းအမျိုးမျိုးကြောင့်လစ်လပ်သွားရင် အမြန်ဆုံးပြန်လည်ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားကြပါတယ်၊ 
လူဦးရေအချိုးအစားနဲ့ ရွေးချယ်ဖွဲ့စည်းတဲ့ အောက်လွှတ်တော်က သက်တမ်း နှစ်နှစ်ပဲရှိတာမို့ အောက်လွှတ်တော်အမတ်တစ်ယောက် လစ်လပ်ချိန်ဟာ နောက်တစ်ကြိမ်လုပ်မည့် ပုံမှန်ရွေးကောက်ပွဲနဲ့ နီးကပ်နေရင်သာ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ကြပါ၊ ပြည်နယ်တစ်ခုကို နှစ်ယောက်နှုံးနဲ့ သက်တမ်း ၆ နှစ်ရှိတဲ့ အထက်လွှတ်တော်မှာတော့ လစ်လပ်သွားတဲ့ အထက်လွှတ်တော်အမတ်နေရာမှာ သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးက ယာယီအထက်လွှတ်တော်အမတ်တစ်ယောက်ကို လစ်လပ်ချိန်ကနေ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပြီးချိန်အထိ တာဝန်ယူဖို့ ခန့်အပ်နိုင်တာလည်း ရှိပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန်ပြည်သူတွေဟာ သူတို့ကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များ ကွန်ဂရက်လွှတ်တော်ထဲမှာ သက်တမ်းပြည့် ရှိနေစေတဲ့ အခွင့်အရေးများရှိကြပါတယ်၊ ကျနော်တို့ မြန်မာပြည်သူများလည်း ဒီလိုအခွင့်အရေးမျိုးရှိသင့်ပါတယ်၊
(ဂ) ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာသက်ရောက်မှုမရှိသော နယ်မြေများ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉၊ ပုဒ်မခွဲ (င) မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို “သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရသော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခွင့်” အာဏာအပ်နှင်းထားပါတယ်၊ ဒါကြောင့်လည်း ကော်မရှင်က ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်တွင်းက ၅ မြို့နယ်မှာ နယ်မြေလုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းခဲ့တာပါ၊ 
ဒါပေမည့် ရွေးကောက်ပွဲ ကျင်းပဖို့သင့်မသင့် ဆုံးဖြတ်ရာမှာ အချိန်နဲ့အမျှ အခြေအနေကို မပြတ်လေ့လာသုံးသပ်ဖို့လိုပြီး ရွေးကောက်ပွဲများကို ဆက်လက်ရွှေ့ဆိုင်းထားဖို့ ကော်မရှင်က ဆုံးဖြတ်ရင်လည်း နိုင်ငံရေးပါတီများနဲ့ လူထုကို ပွင့်ပွင့်လင်းလင်းအသိပေးသင့်ပါတယ်၊ ၂၀၁၀ခုနှစ်မှာ ရွှေ့ဆိုင်းခဲ့ရတဲ့ ရှမ်းပြည်နယ်က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅ နေရာနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၀ နေရာကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်နေရာများစာရင်းမှာ ထည့်သွင်းကြေညာခြင်းမရှိပါ၊ တစ်ခါ အဲဒီမဲဆန္ဒနယ်တွေအပြင် ၂၀၁၂ ကြားဖတ်ရွေးကောက်ပွဲမှာ မကျင်းပနိုင်ခဲ့တဲ့ ကချင်ပြည်နယ်က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃ နေရာကိုလည်း ဦးတင်အေးရဲ့ ၂၀၁၃ခုနှစ် ဇွန်လ ၂၆ ရက်နေ့ ပြည်သူ့လွှတ်တော်သို့ တင်ပြချက်မှာ ထည့်သွင်းထားခြင်းမရှိပါ၊ အခုဆိုရင် နယ်မြေလုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲရွှေ့ဆိုင်းထားရတာ ရှမ်းပြည်နယ်မှာ ၅ မြို့နယ်၊ ကချင်ပြည်နယ်မှာ ၃ မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၈ နေရာ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၀နေရာရှိနေပါပြီ၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၁ မှာ “ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်ထောင်စုလွှတ်တော် ပထမအကြိမ်အစည်းအဝေး စတင်ကျင်းပသည့်နေ့မှစ၍ နိုင်ငံတော်တစ်ဝှမ်းလုံး၌ အာဏာတည်သည်၊” လို့ ပြဋ္ဌန်းထားပါတယ်၊ လက်တွေ့မှာတော့ ရွေးကောက်ပွဲတွေ နှစ်ကြိမ် ရွှေ့ဆိုင်းထားရတဲ့ ရှမ်းပြည်နယ်က ငါးမြို့နယ်၊ ကချင်ပြည်နယ်က သုံးမြို့နယ်မှာ အခြေခံဥပဒေ အာဏာသက်ရောက်မှုရှိတာ မတွေ့ရသေးပါ၊
လေးစားစွာ၊
အောင်ဒင်
ဇူလိုင် ၄၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts