>U Win Tin and writings

>

ဟံသာဝတီ ဦးဝင်းတင်နှင့် စာနယ်ဇင်း ဆောင်းပါးများ
မောင်စွမ်းရည်
ဒီဇင်ဘာ ၄၊ ၂၀၀၈

ဦးဝင်းတင် “စစ်ငရဲခန်း” က လွတ်လာပြီဆိုတော့ ပြည်တွင်းပြည်ပ မြန်မာဒီမိုကရေစီသမား ပြည်သူများအနေနဲ့ အထူးဝမ်းသာ အားတက်ကြပါတယ်။ နိုင်ငံတကာက စာနယ်ဇင်းသမားအပေါင်းကရော၊ လူ့အခွင့်အရေး လေးစားသူတွေရော၊ စစ်ဖိနပ်အောက်က မြန်မာပြည်သူတွေရဲ့ဘ၀ကို စာနာသူအပေါင်းကရော ၀မ်းသာအားရဖြစ်ကြပါတယ်။ ခုလို ၀မ်းမြောက်ဝမ်းသာဖြစ်ကြသူတွေအနေနဲ့ ဦးဝင်းတင်ကို သိကြတာက ရှစ်လေးလုံးအရေးတော်ပုံကာလမှာ ပြောင်မြောက်ရဲရင့်တဲ့ ခေါင်းဆောင်မှုနဲ့ ထောင်တွင်းတိုက်ပွဲတွေမှာ ရဲရင့်စွန့်စားတဲ့ ခေါင်းဆောင်မှုအပိုင်းတွေကို သိသင့်သလောက် သိကြလို့သာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးဝင်းတင်ရဲ့ ရဲရင့်ပြတ်သားတဲ့ သတင်းစာဆိုင်ရာ အယူအဆတွေ၊ အရေးအသားတွေကိုတော့ ဖတ်ဖူးကြားဖူးသူ နည်းမယ်ထင်ပါတယ်။ ဖတ်ဖူးသူများလည်း တစုတဝေးရဖို့ မလွယ်ပါဘူး။ ခု ဒီစာအုပ်ဟာ အဲဒီလိုအပ်ချက်ကို အတော်အတန် ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယူဆပါတယ်။
ဒီစာအုပ်မှာ အပိုင်း (၂) ပိုင်းပါရှိပါတယ်။ ရှေ့ပိုင်းမှာ “သူ့ကို ဘယ်လိုမြင်” လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဦးဝင်းတင်ကို သူ့မိတ်ဆွေ၊ သူ့ရဲဘော်တွေက ဘယ်လိုမြင်ကြသလဲဆိုတာတွေကို တွေ့ရပါမယ်။ စာအုပ်အဖွင့်မှာ ကွယ်လွန်သူ ကဗျာဆရာတင်မိုးက ကဗျာနဲ့ ကန်တော့ပန်း ဆင်ထားပါတယ်။ လွမ်းစရာပါပဲ။ ဆက်လက်ပြီး မောင်စွမ်းရည်၊ မောင်စိုးချိန်၊ ရန်နိုင်ထွန်း (ကိုရီးယား) တို့ရဲ့ ဂါရ၀ ကဗျာများကို ဖော်ပြထားပါတယ်။

ဆောင်းပါးပိုင်းမှာတော့ “ဦးဝင်းတင် အထူးမိတ်ဆက်စာတမ်း” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတမ်းကို ရှေ့ဆုံးက ဖော်ပြထားပါတယ်။ ဂျပန်ပြည်ထုတ် အင်္ဂလိပ်သတင်းစာတစောင်ရဲ့ “ဗမာပြည်ကပေးစာများ” ခေါင်းစဉ်အောက်မှာ ဖော်ပြခဲ့တာကို ဘာသာပြန်ထားတာပါ။ (ဒါပေမယ့် ဘယ်ကရတယ်ဆိုတာ ဖော်ပြမထားတာဟာဖြင့် စာအုပ်ကောင်းအင်္ဂါ ချို့တဲ့ရာ ကျပါတယ်။)

ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်ကို ဂျပန်ပြည်သူတွေနဲ့ မိတ်ဆက်ပေးရာမှာ “ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဦးလွင်တို့နဲ့ မတူခြားနားတာက ၁၉၃၀ ပြည့်မှာ မွေးဖွားသူ ဦးဝင်းတင်ဟာ စစ်မှုထမ်းရယ်လို့ လုံးဝမဖြစ်ဖူးတာပါပဲ” လို့ အစချီပြီး “စာပေအသိပညာလွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို ယုံကြည်သူ”၊ “စိတ်ဓာတ်ကြံ့ခိုင်”၊ “မယိမ်းမယိုင်သူ” အဖြစ် ဂုဏ်ပြုမိတ်ဆက်ထားပါတယ်။

နောက်တပုဒ်ကတော့ လူထုစိန်ဝင်းရေးတဲ့ “တော်လဲတော် ကောင်းလဲကောင်းတဲ့သူ” ဆောင်းပါး ဖြစ်ပါတယ်။ သူ့ရဲ့သတင်းစာလုပ်သက် (၄၀) လောက် အတွင်းမှာ တော်လဲတော် ကောင်းလဲကောင်းတဲ့သူ (၁၀) ယောက်လောက် တွေ့ဖူးရာမှာ ဦးဝင်းတင်ဟာ တယောက်အပါအ၀င်ဖြစ်ပြီး ဦးဝင်းတင် “တော်ပုံ ကောင်းပုံ” တွေကို ရေးသားထားပါတယ်။ (အဲဒီဆောင်းပါးကိုလည်း ဘယ်ကရတယ်ဆိုတဲ့ ကျေးဇူးစကား ဖော်ပြမထားပါ။)

တင်မိုး၊ ၀င်းဖေနဲ့ မောင်စွမ်းရည်တို့ကလည်း လူထုစိန်ဝင်းလိုပဲ မန္တလေးက လူထုတိုက်ထွက်တွေချည်းဖြစ်ပေမယ့် သတင်းစာလောကသားစစ်စစ်တွေ မဟုတ်ကြပါဘူး။ စာပေလောက၊ ပန်းချီ ရုပ်ရှင်လောကသားတွေ ဖြစ်ပါတယ်။ သူတို့ကတော့ မန္တလေးနဲ့ ရန်ကုန် နှစ်ဌာနမှာ မြင်တွေ့ရတဲ့ ဦးဝင်းတင်ရဲ့ ပုံကြမ်းကို စာပေရုပ်ပုံလွှာသဖွယ် ရေးပြထားကြပါတယ်။ သူတို့တတွေနဲ့ ရှုထောင့် လုံးဝမတူတဲ့နေရာက ရေးသူ ဇင်လင်းရဲ့ ဆောင်းပါးကတော့ အထူးစိတ်ဝင်စားစရာ ကောင်းပါတယ်။ ပြင်ပရှုခင်းမဟုတ်ဘဲ ထောင်တွင်းရှုခင်းကို နောက်ခံထားပြီး ဖော်ပြထားတဲ့ “သူရဲကောင်းမော်ကွန်း” ဖြစ်ပါတယ်။ မယုံကြည်နိုင်လောက်အောင် ရက်စက်ကြမ်းကြုတ်တဲ့ စစ်ငရဲသားတွေရဲ့ နှိပ်စက်မှုအမျိုးမျိုးကို ဦးလည်မသုန် ဒူးမတုန် ရင်မခုန်စတမ်း ခုခံတိုက်ခိုက်ရတဲ့ စာပေသမား သတင်းစာဆရာကြီးတဦးရဲ့ ရုပ်ပုံလွှာဟာဖြင့် အံ့မခန်းပါပဲ။ ဒီဆရာတွေရဲ့ ကဗျာတွေ၊ ဆောင်းပါးတွေက ဦးဝင်းတင်ကို လူသားတဦးအနေနဲ့ မြင်ကြပုံတွေပါ။

နောက်တပိုင်းကတော့ ဦးဝင်းတင်ကိုယ်တိုင်ရေးသားတဲ့ သတင်းစာလုပ်ငန်းဆိုင်ရာ အတွေ့အကြုံတွေနဲ့ အတွေးအခေါ် ဆောင်းပါးတွေဖြစ်ပါတယ်။ ဦးဝင်းတင်ကိုယ်တိုင်ရေး ဆောင်းပါးစာတမ်းတွေချည်း (၆) ပုဒ် ပါဝင်ပါတယ်။ သူ့ရဲ့ပန်းချီနဲ့ စာပေဆိုင်ရာ ဝေဖန်စာတွေကိုတော့ သီးခြားထုတ်မယ်လို့ ဆိုထားပါတယ်။ ၁၉၄၉ ခုနှစ် ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းကစပြီး ရေးခဲ့တဲ့ ကဗျာ၊ ပြဇာတ်၊ ၀တ္ထုတိုနဲ့ ဘာသာပြန်များကိုလည်း သီးခြားထုတ်မယ်လို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဦးဝင်းတင်ကိုယ်တိုင်ရေး ဆောင်းပါးတွေကတော့
(၁) စာနယ်ဇင်း ဘာလဲ၊
(၂) ဒီမိုကရေစီအစဉ်အလာနဲ့ သတင်းစာ၊
(၃) အိပ်မက်ကြိုးမျှင်၊
(၄) ပြည်သူတို့ရဲ့ စကားပြန်၊
(၅) သတင်းစာသမားမှ စာဖတ်သူသို့ (စာတမ်း)၊
(၆) နှလုံးသားမှာ ကမ္ဘာက ကမ္ပည်းထိုးတဲ့သူ ဆိုပြီး အားလုံး (၆) ပုဒ်ဖြစ်ပါတယ်။

စာနယ်ဇင်း ဘာလဲဆိုတဲ့ ဆောင်းပါးမှာ ပထမဦးစွာ တင်ပြထားတာက သတင်းစာဘာလဲဆိုတဲ့အမေးကို ဆရာကြီး ရွှေဥဒေါင်းရဲ့ ဖြေကြားချက်ဖြစ်ပါတယ်။ အဲဒီအထဲမှာပဲ ဟံသာဝတီသတင်းစာ (၁၉၇၄ နိုဝင်ဘာ ၉ ရက်နေ့) မှာ ရေးတဲ့ “သတင်းစာဆိုတာ ဘာလဲ” ခေါင်းစဉ်အောက်က “ခေါင်းကြီးအာဘော်” ကို ကိုးကားဖော်ပြထားပါတယ်။ “သတင်းစာဆိုတာ ၀ါဒဖြန့်စာရွက်လား။ မှန်ပါ့ဘုရား သံတော်ဦး တင်လွှာလား။ ဗောင်းတော်ညိတ် စိတ်တော်သိ ဘုန်းတော်ဘွဲ့လား၊ အားလုံးကောင်းပါသည်ခင်ဗျား အစီရင်ခံစာလား။ ခိုင်းရာရေး ပေးရာ ထုတ်ပြန်သည့် ပြန်ကြားရေးစာစဉ်လား။ လက်ညှိုးညွှန်ရာရေဖြစ်ချင်သူတို၏ ဖောင်တော်စီး လက်မှတ်လား” စသဖြင့် မေးခွန်းတွေ သတင်းစာတကော်လံစာလောက်နဲ့ မေးထားတာဖြစ်ပါတယ်။ အဲဒီခေတ်က စာနယ်ဇင်းလောက တုန်လှုပ်သွားခဲ့ရတဲ့ ခေါင်းကြီးဖြစ်ပါတယ်။ အဲဒါကို ပြန်လည်ဖော်ပြတာက ၁၉၈၈ ခုနှစ် စက်တင်ဘာ (၄) ရက်နေ့ထုတ် ၀ရဇိန် ဂျာနယ်မှာလို့ အညွှန်းပါရှိပါတယ်။

“ဒီမိုကရေစီအစဉ်အလာနှင့် သတင်းစာ” ဆိုတဲ့ ဆောင်းပါးကတော့ ဗမာနိုင်ငံသတင်းစာအသင်း လစဉ်စာစောင်မှာ ဦးဝင်းတင်ရေးခဲ့တဲ့ ခေါင်းကြီးကို ပြန်လည်ဖော်ပြထားတာပါ တဲ့။ ရက်စွဲ မပါလာလို့ အံ့သြရပါတယ်။ (ကျနော် စုထားတာပါ။) ဒီဆောင်းပါးမှာ မြန်မာနိုင်ငံ ပဒေသရာဇ်ခေတ်တလျှောက် မင်းမှူးမတ်တို့ကြား ဆက်ဆံရေးမှာ ဒီမိုကရေစီသဘောတွေ ရှိခဲ့ပုံကို ကောက်နုတ်ဖော်ပြထားတယ်။

နောက်တပုဒ်ကတော့ “အိပ်မက်ကြိုးမျှင်” တဲ့။ နာမည်ကျော် ဆောင်းပါးတပုဒ်ပါပဲ။ ဒါပေမယ့် ဒါလည်း ဘယ်ကရတယ်လို့ မပါပါ။ ဦးဝင်းတင်ဟာ နယ်သာလန်နိုင်ငံမှာ စာအုပ်ထုတ်ဝေရေးကိစ္စဆောင်ရွက်ရင်း သတင်စာထုတ်ဝေမှုပညာနဲ့ ပုံနှိပ်လုပ်ငန်းတို့ကို လေ့လာခဲ့ပါတယ်။ ဒီလို ပညာသင်ဘ၀မှာပဲ ပြည်ပရောက် ပညာတော်သင်ကျောင်းသားတွေအတွက် “ဒို့ပြည်သတင်း” ဆိုတဲ့ သတင်းစာကလေးတစောင်ကို ကိုယ်ပိုင်ငွေနဲ့ အိတ်စိုက်ထုတ်ဝေခဲ့ဖူးပါတယ်။ ၁၉၅၃ ခုနှစ်ကနေ (၃-၄) နှစ် ကြာပါတယ်။ အဲဒါတွေကို ပြန်ရေးတာပါ။ အာဏာပိုင်တွေက လူကြုံနဲ့ အတန်တန်မှာကြား ခြိမ်းခြောက်ပြီး ရပ်ပစ်ဖို့ တားမြစ်ခဲ့ပေမယ့် “ခြောက်တိုင်းမကြောက်၊ ချော့တိုင်းမပျော့ဘဲ ကိုယ်ပိုင်သတင်းစာလေးတစောင် ထုတ်ဝေဖြစ်ခဲ့ပုံ” ကို တလွမ်းတဆွေး ရေးထားတာပါ။ ဒီဆောင်းပါးမှာလည်း ဆရာဦးဝင်းတင်ရဲ့ သတင်းစာသမားစိတ်ဓာတ်နဲ့ သတင်းစာသဘောတရား အတွေးအမြင်တွေ ပေါ်လွင်နေပါတယ်။ မန္တလေးက သတင်းစာဆရာကြီးတဦးဖြစ်တဲ့ ဦးကြည်မြရဲ့ သတင်းစာစိတ်ဓာတ် တစွန်းတစကိုလည်း ထင်ဟပ်ထားလေရဲ့။

နောက်တပုဒ်ကတော့ “ပြည်သူတို့၏ စကားပြန်” ဖြစ်ပါတယ်။ မဆလအစိုးရလက်အောက်ရှိ သတင်းစာလောကမှာ ဗုံးကြီးတလုံး ကွဲသွားခဲ့သလို ဖြစ်ခဲ့တဲ့ စာတမ်းတစောင်ပါပဲ။ ၁၈၇၂ ခုနှစ်ထုတ် “မြန်မာသတင်း” သတင်းစာကနေ မန္တလေး ဟံသာဝတီသတင်းစာအထိ သတင်းစာတွေရဲ့ သဘောသဘာဝကို လေ့လာတင်ပြပြီး သတင်းစာရဲ့တာဝန်၊ သတင်းသမား၊ သတင်းစာဆရာတွေရဲ့ ၀တ္တရားနဲ့ ခံယူချက်၊ သတင်းစာဖတ်တဲ့ ပြည်သူတို့ရဲ့ ဆန္ဒနဲ့ဝတ္တရား၊ အာဏာပိုင်အဆက်ဆက်အမျိုးမျိုးတို့ရဲ့ သတင်းစာအပေါ် သဘောထား စတာတွေကို လေ့လာဖော်ထုတ် တင်ပြရင်း သတင်းစာသမားတွေကိုလည်း ခံယူချက် ရှင်းလင်းပြတ်သားအောင်၊ အာဏာပိုင်တချို့ (အားလုံး) ကိုလည်း သတင်းစာဆိုတာ မင်းတို့ရဲ့ လက်ကိုင်တုတ်မဟုတ်ဘူးဆိုတာလည်း သိအောင် “ကြေညာချက်” ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ် မန်း ဟံသာဝတီသတင်းစာ (၅) နှစ်မြောက် အထိမ်းအမှတ် စာအုပ်အမှာစာမှာ အမည်မဖော် ဦးဝင်းတင် ရေးထားတာ ယူဆလို့ ထည့်သွင်းဖော်ပြလိုက်ပါတယ်။

နောက်တပုဒ်ကတော့ စာမျက်နှာ (၄၀) နီးပါးရှိတဲ့ စာတမ်းပါ။ “၁၉၇၅ ခုနှစ် စာနယ်ဇင်းသမိုင်း ဟောပြောပွဲ” မှာ တင်သွင်းခဲ့တဲ့ စာတမ်းဖြစ်ပါတယ်။ သတင်းစာရဲ့ အခန်းကဏ္ဍအမျိုးမျိုး၊ သတင်းစာအမျိုးမျိုး၊ အယူအဆ အထွေထွေကို နိုင်ငံတကာသတင်းစာဆရာကြီးတွေနဲ့ မြန်မာသတင်းစာဆရာကြီးတွေရဲ့ အယူအဆအမျိုးမျိုးကို ထောင့်စေ့အောင် လေ့လာ တင်ပြပြီး သတင်းသမား၊ သတင်းစာနဲ့ သတင်းစာဖတ်သူ ပြည်သူတွေရဲ့ တာဝန်ဝတ္တရားတွေကိုလည်း သုံးသပ်တင်ပြထားတာကြောင့် သတင်းသမားတို့ လက်စွဲပြုရမယ့် စာတမ်းတစောင်ပါပဲ။

နောက်တပုဒ်ကတော့ ကွယ်လွန်သူ သတင်းစာဆရာကြီး လူထုဦးလှအကြောင်းကို အနီးကပ်လေ့လာပြီး အလွန်ကြီးကျယ်ခမ်းနားတဲ့ စကားလုံးနဲ့ ဂုဏ်ပြုရေးသားထားတာ ဖြစ်ပါတယ်။ “ပရစိတ်ဓာတ်၊ ကျင့်ကောင်းမြတ်၊ လွှမ်းပတ်ကမ္ဘာ ခြုံစေသော်ဝ်” ဆိုတဲ့ စေတနာမျိုးနဲ့ သာသနာပြုနေသူ ပုဂ္ဂိုလ်ထူးတဦးဖြစ်လို့ “နှလုံးသားမှာ ကမ္ဘာက ကမ္ပည်းထိုးတဲ့သူ” ခေါင်းစည်းတပ်ပြီး ရေးထားတာပါ။ ၁၉၄၈ ထုတ် “လူထုချစ်သမျှ လူထုဦးလှ” ဆိုတဲ့ စာအုပ်က ထုတ်နုတ်ထားပါတယ် တဲ့။

ခြုံငုံပြီး အတိုချုပ်ပြောရရင် ဒီစာအုပ်ဟာ ဦးဝင်းတင်ကို ချစ်ခင်ကြည်ညိုသူတိုင်း သတင်းစာတာဝန်ကို ပြည့်ပြည့်၀၀ နားလည်လိုသူတိုင်း လေ့လာဖတ်ရှု၊ လက်စွဲပြုရမယ့် စာအုပ်ပါ။ မရရအောင် ကြိုးစားရှာဖွေ ဖတ်ရှုလေ့လာကာ မိမိတို့ရဲ့ အသိပညာကို ဖြည့်ဆည်းကြစေလို။

မောင်စွမ်းရည် (၂၈ နိုဝင်ဘာ ၂၀၀၈)

[ မူရင်း – ခေတ်ပြိုင်အင်တာနက်စာမျက်နှာ၊ http://khitpyaing.org/ ]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts