>Nyunt Htwe – Rangoon News on the run on 19th Nov 2008

>

ရန်ကုန်တ၀ိုက်က အပြေးအလွှား သတင်းများ

ညွန့်ထွေး

နိုဝင်ဘာ ၁၉၊ ၂၀၀၈



ကျောင်းမြေကို စိုက်ပျိုးမြေအဖြစ် ငှားရမ်းခွင့် စစ်တပ်က ပိတ်



မြောက်ဥက္ကလာမြို့နယ်က စာသင်ကျောင်းများက မြေလွတ်တွေမှာ ဟင်းရွက်စိုက်ခင်းအဖြစ် ငှားရမ်းနေတာကို စစ်အာဏာပိုင်တွေက ပိတ်ပင်လိုက်ပါတယ်။ စီးပွားကြပ်လို့ ပညာရေးဝန်ထမ်းတွေက ကြားပေါက်ဝင်ငွေအဖြစ် ဟင်းရွက်စိုက်သူတွေကို မြေကွက်များ ငှားစားနေကြတာ ကြာမြင့်ပြီ ဖြစ်ရာ ယခုလိုပိတ်ပင်လိုက်တဲ့အတွက် တချို့က ကျေနပ်ကြသလို တချို့ကလည်း မကျေနပ်ကြဘူးလို့ ဆိုပါတယ်။



“ကျောင်းမြေလွတ်တွေမှာ ကျောင်းသားကလေးတွေ မကစားရဘူး၊ ကျောင်းအုပ်တွေက သူတို့သီးခြားဝင်ငွေရအောင် လေလံပစ် ကန်ထရိုက်ပေးနေတာ။ တခင်းကို တနှစ် ၄ သိန်း ၅ သိန်း ရကြတယ်။ တချို့မြေကွက်ကြီးတွေမှာဆို ၁၀ သိန်းကျော် ငှားခရကြတယ်။ စိုက်တာကတော့ ကန်စွန်းပင်တွေ အများဆုံးပဲ။” လို့ ကျောင်းသားမိဘ တဦးက ပြောပြပါတယ်။



ကျောင်းစိုက်ခင်းများ ငှားရမ်းပြီး ၀င်ငွေရှာတာဟာ အထက်က မြို့နယ်ပညာရေးမှူးများအထိ အဆင့်ဆင့် တင်ပြပြီး ဆောင်ရွက်တာပါလို့ တချို့ကျောင်းအုပ်တွေက ရှင်းပြတယ်လို့ သိရပါတယ်။ တချို့ကျောင်းဆရာ ဆရာမတွေကတော့ သူတို့အတွက် ဘယ်သက်သာချောင်ချိရေး ဝေစုမှ မရပါဘူး လို့ ပြောကြပါတယ်။



“နေရာတိုင်းမှာ အဂတိလိုက်စားတာတွေ၊ အလွဲသုံးစားလုပ်နေတာတွေ ချည်းပါပဲ။ ကျောင်းဆရာတွေကတော့ ကျုရှင်တောင် ပေးခွင့်မရှိပါဘူး။ လက်ရှိ ကျူရှင်ဥပဒေကြောင့် အရေးယူခံရနိုင်တယ်။ ဒါပေမယ့် ကျောင်းဆရာတွေက လစာနဲ့ မလောက်ငှလို့ ကျုရှင်ပြကြရတယ်။ အများစုက တတ်တဲ့ ကျောင်းဆရာပညာနဲ့ စားဝတ်နေရေးကို ဖြေရှင်းရတာပါ။ အခုလို ကျောင်းမြေကို စိုက်ခင်းငှားစားကြတာကတော့ မနှစ်ကမှ မြောက်ဥက္ကလာတ၀ိုက် ခေတ်စားတာပါ။ အခုဆို ရန်ကုန်တ၀ိုက်က ကျောင်းမြေတွေမှာ စိုက်ခင်းငှားစားကြတာ များလာတယ်” လို့ မူလတန်းပြ ကျောင်းဆရာတဦးက သူ့သဘောထားကို ပြောပြပါတယ်။



မိုးစပါးပေါ်ချိန် လေဘေးသင့်သမားများ အခက်ကြုံဆဲ



မိုးစပါးပေါ်ချိန်မှာ မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်တိုင်းက လေဘေးသင့်လယ်သမားများမှာ အလုပ်သမား ရှားပါးမှု၊ လုပ်ငန်းခွင် ကိရိယာ မစုံလင်မှုတို့ကြောင့် အခက်ကြုံနေတယ်လို့ သိရပါတယ်။ မျိုးစပါးအတွက်လည်း မျိုးမအောင်တဲ့ စိုက်ခင်းတွေက များနေတယ်လို့ တောင်သူတွေက ပြောပြကြပါတယ်။



“လူ အသေအပျောက်များတယ်။ အလုပ်သမားရှားတယ်။ ကျွဲနွားလည်း ရှားတယ်။ တံဇဉ်တောင် မနည်း ရှာကြရတာ။ စပါးနယ်ဖို့ နွားလည်း မလောက်၊ ကောက်လှိုင်းကို မြေအမာပေါ် ရိုက်ချွေနေရတယ်။”

ဒေးဒရဲက လယ်သမားတဦးက ပြောပါတယ်။



“ အစိုးရက ကူတယ်ဆိုတာက ပြောပလောက်အောင် မဟုတ်ဘူး။ ကိုယ်ထူကိုယ်ထ လုပ်ကြရတာ များပါတယ်။ လယ်တွေမှာ မြေဆီ မသုံးနိုင်ဘူး။ ရတဲ့မျိုးတွေက ဒီဒေသနဲ့ တည့်တဲ့ မျိုးမဟုတ်တော့ သိပ် မအောင်ဘူး။ ပိုက်ဆံကတော့ ချေးပါရဲ့။ ခု ထွက်တဲ့စပါးတွေက အကြွေးဆပ်တာနဲ့တောင် လောက်မှာ မဟုတ်ဘူး”



အဆိုပါ လယ်သမားက လက်ရှိ အခြေအနေကို ရှင်းပြတာ ဖြစ်ပါတယ်။



ယခင်လက စပါး တင်း ၁၀၀ ငွေကျပ် ၈ သိန်း ရှိခဲ့ပေမယ့် အခုတော့ ၅ သိန်းအထိ ထိုးကျနေပါတယ်။ ပြည်ပသို့ ဆန်ပို့ခွင့် ပြန်ဖွင့်ပြီးနောက်ပိုင်း အခုလို စပါးဈေး ထိုးကျတာ ဖြစ်ပါတယ်။ ကုန်သည်တွေက စပါးကို စိတ်တိုင်းကျ ချယ်လှယ်ပြီး ဈေးကစား အမြတ်ထုတ်ကြမှာလားလို့လည်း သူတို့က စိုးရိမ်နေကြပါတယ်။ နွေစပါးကို ဆားငန်ရေ၀င်ထားတဲ့ မြေမှာ ဘယ်လိုစိုက်ကြမှာလဲ ဆိုတဲ့ မေးခွန်းကလည်း လယ်သမားများကို ခေါင်းခဲစေတယ်လို့ ဆိုပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts