>Burmese Censorship Board added its opinion on NLD’s news

>

NLD ပါတီ မှတ်ပုံမတင်မည့် သတင်းတွင် စိစစ်ရေး၏အာဘော်ကို ထည့်သွင်းပြီးမှ ဖော်ပြခွင့်ရ

မိုးမခ အထောက်တော်၊ ရန်ကုန်
မတ် ၃၀၊ ၂၀၁၀
ယနေ့ထုတ် အပတ်စဉ် သတင်းဂျာနယ် အချို့တွင် ယမန်နေ့က NLD ပါတီ၏ ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ချက် ဖေါ်ပြထားသည့် သတင်းတွင် စာပေစိစစ်ရေးမှ သူတို့သဘောဖြင့် စာပိုဒ် တပိုဒ်ဖြည့်သွင်းပြီးမှ ဖေါ်ပြရန် ခွင့်ပြုစေခဲ့သည်ဟု မီဒီယာလောကမှ ပြောဆိုချက်အရ သိရသည်။
ယနေ့ ထုတ်ပြည်မြန်မာ ဂျာနယ်တွင် ဖေါ်ပြထားသည့် အဆိုပါ NLD သတင်း အဆုံးပိုဒ်တွင်
“ယခုကဲ့သို့ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ၀င်ရောက်ခြင်း မပြုရန် ဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီ စနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အတိုင်းအတာ တစ်ခုအထိ ထိခိုက်နိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူအချို့က ဝေဖန် သုံးသပ်လျက်ရှိသည်ကို သိရသည်”
ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။
ယနေ့ထုတ် အခြားဂျာနယ် တစ်စောင်ဖြစ်သည့် ရန်ကုန်တိုင်းဂျာနယ်တွင်လည်း အလားတူ ဝေဖန်ချက် သဘောပါရှိသည့် စာပိုဒ် တပိုဒ်ကိုဖြည့်စွက်ထားသည်ကို တွေ့ရပြီး အဆိုပါ ဂျာနယ်တွင်မူ ပြောကြားသူကို နိုင်ငံရေး သမားဟောင်းတဦးဟုဖေါ်ပြပါရှိသည်။

NLD ပါတီနှင့် နီးစပ်သူတဦး၏ ပြောဆိုချက်အရ ပါတီမှ တာဝန်ရှိသူက ဂျာနယ်တိုက်သို့ ဖုန်းဆက်မေးမြန်း ရာတွင် စာပေစိစစ်ရေးမှ အဆိုပါအပိုဒ် ထည့်သွင်းရန် ညွှန်ကြားခဲ့ပြီး ထိုစာပိုဒ်မပါရှိက ဖေါ်ပြခွင့် မပြုကြောင်း ဂျာနယ်တိုက်မှ ဖြေကြားခဲ့သည်ဟု ပြောဆိုသည်။

နအဖ အစိုးရအနေဖြင့် ရွေးကောက်ပွဲ ဥပဒေ ထွက်ရှိလာပြီး တစ်ပတ်ခန့်အကြာထိ ပြည်တွင်းဂျာနယ်များအား ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သတင်းဖေါ်ပြခွင့်မပြုဘဲ ဒုတိယ သီတင်းပတ်မှစတင် စိစစ်ဖြတ်တောက်ပြီး အနည်းငယ်ခွင့်ပြုခဲ့သည်ဟု ပြည်တွင်းမီဒီယာ သမားများက ပြောပြသည်။
စာပေကင်ပေတိုင်ဟု လူသိများသည့် စာပေစိစစ်ရေးမှ ထိုသို့ ဖြတ်တောက် ဖြုတ်ပယ်ခြင်းများ ပြုလုပ်ပြီးနောက် ခွင့်ပြုနေရာမှ ယခုတဖန်ထည့်သွင်းသည့် သတင်းကို ပုံဖျက်ပြီး ဖေါ်ပြစေသည့် နည်းကို ထပ်မံ ကျင့်သုံးလျက်ရှိသည်ကို တွေ့ရခြင်းဖြစ်သည်။
မီဒီယာအနေဖြင့် ရွေးကောက်ပွဲတွင် ပြည်သူလူထုအား ရွေးကောက်ပွဲ နိုင်ငံရေးပါတီ၊ နိုင်ငံရေး သမားများနှင့် ပတ်သက်ပြီး အသိပေး ရန် တာဝန်ရှိသည်ဟု မြန်မာနိုင်ငံမှ မီဒီယာသမားများအနေဖြင့် ခံယူထားပြီး သတင်းများ၊ အင်တာဗျူးများ၊ ပြည်သူလူထုအား ရွေးကောက်ပွဲ ပညာပေးသည့် အစီအစဉ်များကို ဖေါ်ပြရန်ကြိုးစားလျက် ရှိသော်လည်း စာပေစိစစ်ရေး၏ များပြားလှသည့် ပယ်ခြင်း ဖြုတ်ခြင်းများကြောင့် လုပ်ကိုင်ရ ခက်ခဲလျက်ရှိသည်ဟု ပုံနှိပ်မီဒီယာ လောကသားများက ပြောဆိုကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts