>Mar Mar Aye 253

>

ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၃)
မာအေး ရွှင်ပြုံး တန်ဆောင်မုန်း
မာမာအေး
နိုဝင်ဘာ ၁၆၊ ၂၀၀၈
အသံနားဆင်ရန် ဤနေရာကို နှိပ်ပါ

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်-
မာအေးချစ်တဲ့ သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့ အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဒီနေ့ ‘တန်ဆောင်မုန်းလပြည့်နေ့လေ’ လို့ မာအေးရှေ့မှောက် မှန်ပြူတင်းပေါက်က တောက်လျှောက် ထင်းထင်း အလင်းကြီးလင်းနေတဲ့ လ၀န်းပြည့်ပြည့်ကြီးက ပြုံးဖြီးဖြီးနဲ့ အပေါ်စီးက ကြည့်ပြီးတော့ ပြောနေသလိုပါပဲ။ လပြည့်နေ့တွေထဲမှာ တန်ဆောင်မုန်းလပြည့်နေ့ဟာ အပြည့်ဆုံးလို့ ပြောလေ့ရှိတာကို ကြားဖူးနေလို့ ကြည့်ကြည့်နေတာနဲ့ ပိုသိလာသလိုလိုပေါ့နော်။ အခု မာအေးနေတဲ့ အရပ်မှာကျတော့ ကိုယ့်ရှေ့မှာ လာဖြတ်သွားတော့မလောက် လကြီးက နီးနေတယ်၊ မြင်နေရပါတယ်။ မနေ့တနေ့ကပဲ ကိုယ့်တိုင်းပြည်က ကြွလာတော်မူတဲ့ ဓမ္မကထိက ဆရာတော်တပါး ဟောကြားခဲ့တဲ့ ကထိန်ဒေသနာအခံက ကျန်နေသေးတော့ “မလွမ်းဘယ်သူနေပါ့မယ်”လို့ မဆိုတော့ပါဘူး သောတရှင်တို့ရယ်။

အကိုချစ်ဆွေတို့ အကိုမောင်မောင်ကြီးတို့ ကိုခင်မောင်လွင်တို့ အကိုမြကြီးတို့နဲ့ မာအေးတို့ စခဲ့ကြတဲ့ ကေသီပန်အဖွဲ့သားတွေ ဖန်ဆင်းတဲ့ ခံစားချက်တေးသီချင်းတွေကို ညလုံးပေါက် မိုးမသောက်မီ ကျီးမနိုးပွဲ ကြည်စယ်တဲ့အချိန် မရောက်မချင်း ကိုယ်စီးလာတဲ့ဖိနပ်ကလေး ကိုယ်ခုထိုင်ပြီး ကတ္တရာလမ်းကို ပွဲခင်းလုပ် နားထောင်လာကြတဲ့ အနောက်ပိုင်းမာဃစင်ရှေ့က ချစ်ပရိသတ်တွေကို အောက်မေ့မိတယ်။ အညာက ရွာတွေ ဈေးတွေရဲ့ ကထိန်တော်တွေ၊ ပဒေသာပင်ပေါက်ပေးခဲ့တဲ့ ရှေးဦးခေတ်ကလို စည်စည်ကားကား စည်းစည်းလုံးလုံး ကျုံးရုန်းလှူကြ တန်းကြတဲ့ ပွဲလမ်းတွေကိုလည်း ရင်ထဲမှာ ဘယ်ပျောက်နိုင်ပါ့မလဲလို့တော့ ပြောချင်တာပေါ့ရှင်။ ဆရာတော်ကတော့ ကထိန်ဆိုတာ သံဃာတို့ကိစ္စပါ တဲ့။ ရှင်းပြ ဟောကြားရှာတာပါ။ လူတွေက ကထိန်ပွဲ စည်ကားအောင် ရတဲ့ကုသိုလ် ပိုလာအောင် ၀င်နွှဲကြတယ်လို့ ထင်တာပါပဲရှင်။ နယ်တွေ ရွာတွေက ကထိန်ပွဲဆိုရင် ပိုတောင် ပျော်စရာကောင်းပါတယ်။

x x x အရှေ့ပိုင်းက ဖိုးသာအောင်၊ ဇရာအိုနဲ့ကညာပျို၊ ကြည့်လို့အလွန်ကောင်း နှစ်ကိုယ့်တစိတ်အက၊ x x x အနောက်ပိုင်းက မရွှေမိ၊ (အိုးစည်ဝိုင်းနဲ့)၂ တသောသောပါ၊ တောင်ပိုင်းက ကိုကြီးသာခင် ဦးရွှေရိုးအက (အပျိုလေးတွေအသည်းစွဲ)၂ x x x ကာလသားတွေ ဘိုကေကိုကြက်တောင်စည်း၊ အမျိုးသမီးသဏ္ဌာန်အဟုတ် ဟန်လုပ်တယ်တော့၊ (ငါတို့ကြက်ဖနိုင်နိုင် ရွှေဖလားနဲ့ ကြက်သားကိုင်၊ နင်တို့ကြက်ဖ ရှုံးရှုံး ကြေးဖလားနဲ့ ကြက်ချေးတုံး)၂၊ တောင်သူ ရွှင်ပြုံး တန်ဆောင်မုန်း တရွာလုံး စည်းစည်းလုံးလုံး ညီညွတ်ခြင်းကိုပြ (ဘုံကထိန်ပွဲတော်)၂ မှာ x x x
(ဘုံကထိန်ပွဲတော်သီချင်းမှ)

‘ဘုံကထိန်ပွဲတော်’ ဆိုတဲ့သီချင်းလေးထဲကပါ သောတရှင်တို့ရယ်။ ဆရာလင်းခေးလုင် ရေးသွားတဲ့ ရွာဓလေ့ ကြည်နူးစရာ စင်ပါခုန်က ညီညွတ်ခြင်းကို ပြတာလို့ တင်စားရေးသားပေတယ်ရှင်။ ဖြစ်နိုင်ရင် ပြန်ရှင်စေ့ချင်တယ်။ ၀င်းဦးကိုလည်း ဒီလိုပဲ ဖြစ်စေချင်တာပဲ။ အဲ – အခု မာအေး မိတဲ့ ၀င်းဦးက နှုတ်ခမ်းမွှေးမင်းသား ၀င်းဦးမဟုတ်ပါဘူး။ ထရမ်းပက်ဝင်းဦး ဆိုတဲ့ ဂီတမောင်ငယ် ၀တုတ်ကလေးကို ပြောတာပါရှင်။

ဆရာလင်းခေးရဲ့ ကျေးလက်ဆန်တဲ့ သီချင်းလေးတွေမှာ တပိုဒ်နဲ့တပိုဒ် ကူးတဲ့ ဆက်တဲ့ အခင်းလေးတွေ အခုလေးတွေ အတောလေးတွေ ညှပ်ထည့်လေ့ရှိပါတယ်။ ထရမ်းပက်ဝင်းဦး ဂီတအလှဆင်လိုက် ဖြည့်ဆည်းလိုက်ရင် ပိုပြီးလွယ်သွားတယ်၊ ချိုသွားတယ် လို့ မာအေး ခံစားရပါတယ်။ ချစ်ဆွေတို့ သီချင်းနားထောင်ဖြစ်တဲ့အခါ ဂီတမှူးထရမ်းပက်ဝင်းဦး လို့ ဖော်ပြထားတဲ့ အခွေတွေ စီဒီတွေမှာ နားစိုက်ကြည့်ရင် မာအေးလိုပဲ ခံစားရမှာပါ။ သီချင်းစာ မပါတဲ့ နေရာ၊ အတီးသက်သက် နေရာတွေမှာ ရှာပါနော်။ နောက်ကြုံတော့ သူ့အကြောင်းလည်း ပြောရဦးမှာပါပဲ။ ခုတော့ တန်ဆောင်မုန်းအကြောင်းကို ဆက်ပြောလိုက်ဦးမယ်။ မာအေးက တန်ဆောင်မုန်းကို သီတင်းကျွတ်ထက် ပိုပြီးတော့ သဘောကျလို့ပါရှင်။

ဝါလကင်းလွတ် သီတင်းကျွတ်ဆိုတာ မြင့်မိုရ်ပွဲ အကြောင်းပြုပြီး ကုသိုလ်ယူနိုင်တာ ဖြစ်ပေမယ့် တခါတလေ သီတင်းကျွတ်ပွဲမှာ မိုးမလွတ်ပါဘူး။ မိန်းကလေးငယ်တွေ ရှိုးပေးဖို့ မသေချာဘူးပေါ့ရှင်။ သီတင်းကျွတ်မှာ လူကြီးမိဘ ဆရာသမားတွေကို ကန်တော့လေ့ရှိတာကိုလည်း မာအေးက တန်ဆောင်မုန်းကို ရွှေ့ထားတယ်။ ခြေခင်းလက်ခင်းသာသာနဲ့ သွားနိုင်တယ်။ ဒီလကျရင် ကန်တော့တဲ့သူ မရှိတော့ ကိုယ့်ပစ္စည်းကို ဟိုပေးဒီဝေ မလုပ်တော့ဘဲ ကိုယ်တိုင် သုံးလိမ့်မယ် လို့လည်း တွက်တယ်လေ။ ဆောင်းဦးရာသီလေးမို့ အေးမြမြ နေရတာကိုလည်း ကြိုက်ပါတယ်။ လူငယ်တွေ၊ ရိုးရာစရိုက် အပျော်ကြိုက်တဲ့သူတွေ ‘ကျီးမနိုးပွဲ’ နောက်ပြောင်ထားတာ လပြည့်ကျော်တရက် မနက်ဆို ၀ါးလုံးကွဲ ရယ်နိုင်တယ်။ ကိုယ့်ရပ်ကွက်မှာ ရွှေတိဂုံဘုရား တည်ထားတော့ မသိုးသင်္ကန်းယက်ပြိုင်ပွဲ ပြေးကြည့်လိုက်၊ ကားစောင့်ခရတဲ့ ကားတွေ ပြေးကြည့်လိုက်၊ တွက်ချေကိုက်တာကိုး။

ခုကျတော့ သိချင်တတ်လာပြီ။ ဘာဖြစ်လို့ ဒီလကို ဒီလိုနာမည်ပေးတာလဲ။ ဘာတွေ ထူးထူးခြားခြားရှိတဲ့လဖြစ်မလဲ၊ ကလေးတွေမေးရင် ဖြေဖို့ ကိုယ့်ဖာသာ မေးမိပါတယ်။ ဒီခေတ်ကလေးတွေက ရွှီးလို့ရတာ မဟုတ်ဘူး။ သိတယ်မှုတ်လား။

ဟိုတုန်းက တန်ဆောင်မုန်းလကို တန်ဆောင်မှုန်းလလို့ ရေးခဲ့တဲ့အကြောင်း၊ အင်းဝခေတ်ကျမှ ‘တန်ဆောင်မုန်း’ လို့ ကျောက်စာတွေမှာ ရေးထိုးတာ တွေ့ရကြောင်း၊ ဆရာကြီး ဦးဖိုးလတ်ရေးတဲ့ ‘မြန်မာလအမည်များ’ ဆိုတဲ့ စာအုပ်မှာ ရှာတွေ့ပါတယ်။ ‘တန်ဆောင်’ ဆိုတာဟာ မီးရှူးမီးတိုင် ဆီမီးတိုင်တွေကို ရှေးကခေါ်ကြတဲ့ အမည်တမျိုးပေါ့ရှင်။ ဒါကြောင့် မီးရှူးမီးတိုင်တို့ကို ထွန်းလင်းစေသော ‘တန်ဆောင်မုန်း’လ လို့ ခေါ်ကြတာ ဖြစ်နိုင်ပါတယ်။ မြန်မာလ ဆယ့်နှစ်လထဲမှာ ‘အဋ္ဌမ’မြောက် ဗြိစ္ဆာရာသီလို့ ခေါ်တဲ့လပါပဲ။

မာအေး အံ့သြမိတဲ့ ကိစ္စကတော့ အဖသတ်သား ‘အဇာတသတ်’မင်းကြောင့် တန်ဆောင်မုန်း မီးထွန်းပွဲ စတာလို့ ဆိုလို့ပါ။ ကဲ – နောက်မှ ဆက်ကြတာပေါ့နော်။ ။

(မူရင်း – ဘီဘီစီအသံလွှင့်ဋ္ဌာန၊ မြန်မာပိုင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts