>world economic crisis effects on Burma

>

ကမ္ဘာ့စီးပွားရေး အကြပ်အတည်း မြန်မာနိုင်ငံကိုလည်း ထိခိုက်

မိုးမခ အထောက်တော်(ရန်ကုန်)
နိုဝင်ဘာ ၁၀၊ ၂၀၀၈
ရန်ကုန်မြို့လယ်မြင်ကွင်း (ဓာတ်ပုံ-မိုးမခ)
စက်တင်ဘာလဆန်းတွင် အမေရိကန်နိုင်ငံ ငွေကြေးနှင့် ဘဏ္ဍာရေး ဈေးကွက်ဖြစ်သည့် ဝေါလ်စထရိ မှ စတင်လိုက်သည့် ကမ္ဘာ့လုံးဆိုင်ရာ အကြပ်အတည်းသည် မြန်မာပြည် စီးပွားရေးကိုလည်း ရိုက်ခတ်လာကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။
ယခုလောလောဆယ် တွေ့မြင်ရသည့် လက္ခဏာများမှာ ပို့ကုန်လုပ်ငန်းတွင် ပဲ၊ ရေထွက်ပစ္စည်း၊ ရော်ဘာ စသည့် ကုန်ပစ္စည်း ၀ယ်ယူမှုနှင့် ဈေးနှုန်းကျဆင်းခြင်း၊ ပြည်ပနိုင်ငံများတွင် အလုပ် သွားရောက် လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ အလုပ်အကိုင် ၀င်ငွေ ထိခိုက်ခြင်း၊ ပြည်တွင်း အိမ်ခြံမြေဈေးကွက် ဆုတ်ဆိုင်းသွားပြီး အရောင်းအ၀ယ် အေးသွားခြင်းတို့ ဖြစ်သည်။ အဆိုပါ လက္ခဏာများမှာ လွန်ခဲ့သည့် တစ်လ၀န်းကျင်အတွင်း သိသာထင်ရှားလာ သည်ဟုစီးပွားရေးနယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်များက ပြောဆိုကြသည်။
ရန်ကုန်မြို့ရှိ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောဆိုရာတွင် “လွန်ခဲ့တဲ့ သုံးပတ်လောက်က စပြီး အိမ်ခြံမြေ အရောင်းအ၀ယ် လုံးဝ ရပ်သွားတယ်။ အစိုးရကလည်း ငွေလိုတော့ ၀န်ကြီးဌာနပိုင် ရုံးတွေ၊ မြေကွက်တွေကို လေလံတင်ဖို့ စီစဉ်နေတယ်။ ရန်ကုန်မှာတော့ ဒီဇင်ဘာလမှာ လို့ သိရတယ်။ အထူးသဖြင့် စက်မှု ၁ ပိုင်တဲ့ဟာတွေပေါ့။ အဲဒီလို လေလံကြောင့်ပဲ အိမ်ခြံမြေ ဈေးကွက် ရပ်သွားတာလား ဆိုရင် ဒီတခုထဲကြောင့် မဟုတ်ဘူး။ ကမ္ဘာ့စီးပွားရေး ကျဆင်းတဲ့ ဂယက်ကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ ထိခိုက်တော့ မြေကိုဝယ်ထားတာထက် လောလောဆယ်မှာ ငွေကပိုပြီး အသုံးတည့်မယ့် အနေအထားကြောင့် အ၀ယ်တွေ ရပ်ကုန်တာ။ တချို့ဆိုရင် အရောင်းအ၀ယ် တည့်ပြီးသား စရံချထားပြီးသားဟာတွေမှာတောင် စရံအရှုံးခံတာတွေ ရှိတယ်။ သိန်းရာဂဏန်းကနေ ထောင်ဂဏန်းအထိ အရှုံးခံတာတွေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ရှိခဲ့တယ်။ ပေးထားတဲ့ စရံကိုအရှုံးခံတာက နောက်ထပ် လျော့ကျနိုင်တဲ့ ပမာဏထက် နည်းကောင်းနည်းနိုင်လို့ အရှုံးခံကြတာပါ” ဟုပြောဆိုသည်။
ထိုင်းနိုင်ငံ တောင်ပိုင်းတွင် အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အနေဖြင့်လည်း ရော်ဘာဈေးကျဆင်းမှုကြောင့် အလုပ်အကိုင်ရှားပါးခြင်း၊ ၀င်ငွေကျဆင်းခြင်းများ ဖြစ်ပေါ်လျက်ရှိသည်ဟု ထိုင်းနိုင်ငံတောင်ပိုင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ပညာရေး၊ လူမှုရေး အကူအညီပေးနေသည့် အန်ဂျီအိုမှ ၀န်ထမ်းတစ်ဦးက ပြောဆိုသည်။ ထိုင်းနိုင်ငံတ၀ှမ်းတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၁သန်းကျော် အလုပ်လုပ်ကိုင်လျက်ရှိကြပြီး လုပ်ကိုင်ရရှိသည့် ၀င်ငွေများကို မြန်မာနိုင်ငံတွင် ကျန်ရှိသည့် မိသားစုများ၊ ဆွေမျိုးသားချင်းများထံသို့ ပြန်လည်ပေးပို့လျက် ရှိနေခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ အလုပ်အကိုင် ထိခိုက်ခြင်းသည်လည်း မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည်ဟု စီးပွားရေး လေ့လာသူများ ကဆိုသည်။

ရန်ကုန်မြို့၊ ဟံသာဝတီ ကားပွဲစားတန်း (ဓာတ်ပုံ – မိုးမခ)
ရန်ကုန်မြို့၏ ကားဈေးကွက်မှာလည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း၊ ရန်ကုန်၊ တောင်ငူ၊ မန္တလေးမြို့တို့တွင် ၂၀၀၅ခုနှစ် အစပိုင်းက သိမ်းဆည်းထားသည့် လိုင်စင်မဲ့ကားများကို ဆက်တိုက် လေလံတင် ရောင်းချနေခြင်းကြောင့် ဈေးကျပြီးရင်း ဆက်ကျနေသည်ဟု ကားပွဲစားများက ပြောဆိုသည်။ ပြီးခဲ့သည့် ၂လကျော်က ကျပ်သိန်း ၃၀၀ ၀န်းကျင်ရှိခဲ့သည့် ဆန်နီဆူပါဆလွန်း အမျိုးအစားကားမှာ ယခုအခါ ကျပ် သိန်း၂၃၀ ၀န်းကျင်သာရှိတော့သည်ကို တွေ့ရသည်။
နအဖ အစိုးရက ထိုသို့ လိုင်စင်မဲ့ကားများ၊ အစိုးရပိုင်မြေကွက်များကို ရောင်းချနေခြင်းသည် နအဖ အစိုးရကိုယ်တိုင် ငွေလိုနေခြင်းကြောင့် ဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ကောက်ချက်ချလျက်ရှိပြီး အချို့ကလည်း ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ၀န်ကြီးဌာနများ၏ ရငွေသုံးငွေ စာရင်းများကို ရှင်းလင်းထားလိုသည့်အတွက် ဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုမှုများလည်း ရှိကြောင်း ကြားသိရသည်။
ကမ္ဘာ့စီးပွားရေး အကြပ်အတည်း နှင့် ပတ်သက်ပြီး နိုင်ငံတကာခေါင်းဆောင်အသီးသီး စုပေါင်းဆွေးနွေးကာ အဖြေရှာလုပ်ဆောင်လျက် ရှိသည်ကို နိုင်ငံတကာ သတင်းများတွင် ကြားသိနေရသော်လည်း မြန်မာနိုင်ငံမှ နအဖ အစိုးရအနေဖြင့်မူ လတ်တလော တွေ့မြင်လာရသည့် မြန်မာနိုင်ငံ စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုများကို အသိအမှတ်ပြုခြင်း၊ ထည့်သွင်းစဉ်းစားသည့် လက္ခဏာ လုံးဝမတွေ့ရကြောင်း ရန်ကုန်မြို့ သတင်းဂျာနယ်မှ အယ်ဒီတာ တစ်ဦးက ပြောဆိုသည်။ “နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ် အာရှစီးပွားရေး အကြပ်အတည်းတုန်းက သူများနိုင်ငံတွေမှာ စတော့ရှယ်ယာဈေးကွက် ကျတယ်၊ ထိခိုက်တယ် ဆိုတော့ မြန်မာပြည်မှာ အဲဒီဈေးကွက်မရှိတော့ ထိခိုက်စရာ မရှိဘူးလို့ ကောက်ချတဲ့ပုဂ္ဂိုလ်မျိုး” ဟုလည်း အဆိုပါ အယ်ဒီတာက ပြောဆိုသည်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးထွက်ကုန်ဖြစ်သည့် ဆန်စပါး၊ ပဲ၊ နှမ်းနှင့် အခြားအသီးအနှံများ၊ တွင်းထွက်ကျောက်မျက်၊ သစ်တောထွက်ပစ္စည်း သဘာဝဓာတ်ငွေ့နှင့် ရေထွက်ပစ္စည်း တင်ပို့မှုတို့အပေါ် အဓိကမှီခိုလျက်ရှိသည့် နိုင်ငံဖြစ်ပြီး ရေထွက်ပစ္စည်း၊ တွင်းထွက်ကျောက်မျက်များကို ၀ယ်ယူလျက်ရှိသည့် နိုင်ငံများတွင် စီးပွားရေးကျဆင်းလျှင် မြန်မာနိုင်ငံသည်လည်း ချွင်းချက်ထား၍ ရမည်မဟုတ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ကောက်ချက်ချကြသည်။
အရေအတွက်အားဖြင့် မြန်မာနိုင်ငံသားအများဆုံး အလုပ်လုပ်ကိုင်လျက်ရှိသည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ကမ္ဘာ့စီးပွားရေး အကြပ်အတည်းဒဏ်ကို သိသာစွာ ခံစားရလျှင် ထိုနိုင်ငံများမှ ပြန်လည်ပေးပို့လျက်ရှိသည့် ၀င်ငွေကိုမှီခိုနေရသည် မြန်မာနိုင်ငံသားများအတွက် ကြီးမားသည့် အကျိုးသက်ရောက်မှုရှိနိုင်သည်ဟုလည်း စီးပွားရေး လေ့လာသူများက ဆိုသည်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts