>Maung Yit – From Burma with Love

>

ဆရာတော်တပါးနဲ့ စကားလက်ဆုံ

(မေတ္တာ၊ ဧည့်လာဖို့ နဲ့ ခေါင်းဆောင်ကောင်း …)

မောင်ရစ်

အောက်တိုဘာ ၂၁၊ ၂၀၀၈

အစကတော့ မြန်မာပြည်က ခေတ္တလာရောက်တဲ့ ဆရာတော်တပါးက စာအုပ်စာတမ်းတချို့ ဖတ်ချင်တာတွေရှိလို့ ရှာဖွေပေးမိတာပါ။ ပြီးတော့ ဆရာတော်နဲ့ စကားစမြည် ပြောဆို တင်လျှောက်ဖြစ်ပါတယ်။ မောင်ရစ်က စကားလည်း ၄ လုံးကွဲအောင် မပြောတတ်၊ (ဒီ မို က ရေ စီ … ဟိုက် ၅ လုံး ဖြစ်သွားပြီ)။ စာလည်း တည့်တည့် ဖြောင့်ဖြောင့် မရေးတတ်ပါဘူး။ (ဒီကောင်က စောင်းပြီးပြောတယ် တဲ့၊ လက်ရေးမလှဘူးလို့ ဆိုတာနဲ့တူရဲ့)။ ဆရာတော်ကို အင်တာဗျူးဖို့ မစဉ်းစားရဲပါ။ နောက်တော့လည်း မေးဖြစ်တာလေးတွေကို ဆရာတော်က စေတနာ မေတ္တာထားပြီး ဖြေခဲ့တော့ အဲသည်အကြောင်းတော့ ရေးဦးမှပဲဆိုပြီး ရေးပါတယ်။

ဆရာတော်က ပြည်ပခရီးလှည့်ပြီး မြန်မာတွေနဲ့တွေ့ဆုံ၊ တရားရေအေး တိုက်ကျွေးခဲ့လေတော့ လမ်းမှာ တွေ့သမျှမြန်မာတွေ၊ မြန်မာမိသားစုတွေကို ဘယ်လို မြင်မိပါတုန်းလို့ မေးပါတယ်။

“မြန်မာတွေက မညီညွတ်ကြဘူး …” တဲ့

ဆရာတော်က ဖြေတယ်။

ဒါကလည်း မြန်မာတွေ မညီညွတ်တာက ပေါရာဏတောင် ဖြစ်သွားပြီ။ မော်ဒန် မဖြစ်တော့ဘူး။ ပြောနေစရာတောင် မလိုဘူး။ တမ္ဘာလုံးတောင် သိတယ် … လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒါကို ဆရာတော်က အဆန်းလုပ်ပြီး ပြောတော့ မောင်ရစ်စိတ်ထဲ ဘယ်လိုမှ မနေဘူးလေ။

မြန်မာတွေ မညီညွတ်တာကို ဘယ်လို ဖြေရှင်းကြမလဲ … လို့ မောင်ရစ်က ဆက်မေးပါတယ်။ ဆရာတော်က ဘုရားရှင်ရဲ့ တရားဓမ္မနဲ့ပဲ ဖြေရှင်းရမှာ ဖြစ်ပါတယ်တဲ့။ ဟိုက်ရော … လက်နက်ကိုင်ထားတဲ့ ဗိုလ်သန်းရွှေတပ်ကြီးကို မေတ္တာပို့ရချေဦးတော့မည် လို့ ခပ်တုံးတုံးပဲ မောင်ရစ်က တွေးမိပါတယ်။

သို့သော် ဆရာတော် ပြောတာက ဒီလိုပါ။ မိမိနဲ့ ဆက်စပ် ပတ်သက်နေသမျှ ပုဂ္ဂိုလ်တွေကို မျက်မှောက်မှာကော၊ မျက်ကွယ်မှာကော၊ ကိုယ် နှုတ် နှလုံး ၃ ပါးလုံးနဲ့ မေတ္တာထားရမှာ ဖြစ်ပါတယ် တဲ့။

မျက်မှောက်မှာလည်း စိတ်ကနေ မေတ္တာထားတာ၊ နှုတ်ကလည်း မေတ္တာထားတဲ့ စကားကို ဆိုတာ။ ကိုယ်ကာယအားဖြင့်လည်း သူ ချမ်းသာအောင် ပြုစု ဆောင်ရွက်ပေးတာ ဖြစ်ပါတယ် တဲ့။ ပြီးတော့ မျက်ကွယ်မှာလည်း သူ့ကို မှန်းဆ မေတ္တာပို့တာ၊ နှုတ်ကလည်း သူ့ကို ရည်ရွယ်သော မေတ္တာ စကားသာ ဆိုတာ။ ပြီးတော့ သူ့အကြောင်းကိစ္စ ကြုံလာလျင်လည်း သူ့ကိုယ်စား ဆောင်ရွက်ပေးတာ ဖြစ်ပါသတဲ့။

ဘုရားရှင် လက်ထက်မှာ သာဝကတွေ၊ သံဃာတော်တွေဟာ အဲသည်လို ကျင့်ကြံကြပါ သတဲ့။ ရဟန်းအချင်းချင်း မျက်မှောက်ကော၊ မျက်ကွယ်မှာပါ မေတ္တာထား စောင့်ရှောက် ကာကွယ်ကြပါသတဲ့။ တစုံတဦးက ပြစ်တင်စကား ဆိုလာလျှင်၊ မကောင်းကြံစည်လာလျှင် သံဃာတို့က စိတ်ကို သန့်ရှင်း တည်ငြိမ်စွာနဲ့ မေတ္တာထားပြီး ကာကွယ် စောင့်ရှောက်ကြပါသတဲ့။

အဲသည်တော့ သံဃာဆိုတာ သာမဂ္ဂီ ဆိုတဲ့ စည်းလုံးညီညွတ်သော အစုအဝေးဖြစ် အဓွန့်ရှည်ပြီး သာသနာကို စောင့်ရှောက် ထွန်းကားစေပါ သတဲ့။ အဲသည်လို “သမဂ္ဂါနံ တပေါ သုခေါ …” ဆိုပြီး ဒီလို သံဃာကောင်း သံဃာမြတ်တို့ စုဝေးပေါင်းဖက်ခြင်းကနေပြီးတော့ နိဗ္ဗာန် ချမ်းသာအထိ ရရှိစေအောင် အကျိုးများနိုင်ပါသတဲ့ လို့ ဆရာတော်က ရှင်းပြပါတယ်။

မောင်ရစ်လည်း သူ့ပါရမီ မမှီမကန်း ရှိသလောက်နဲ့ မရှိတဲ့ ဉာဏ်အလင်းလေး ဘာလေး နည်းနည်းတော့ မီးခြစ်ကျောက်လောက် အလင်းပွင့်သွားပါတယ်။

” ဟာ … ဆရာတော်ပြောတာ သဘောပေါက်ပြီ။ တပည့်တော်တို့ အချင်းချင်း အတင်းပြောတဲ့ အကျင့်ကို စွန့်လွှတ်ခိုင်းတာပဲ မဟုတ်လား …” ဆိုပြီး မောင်ရစ်က တရား ထောက်လိုက်မိပါတယ်။

သာဓကအနေနဲ့ ပူပူနွေးနွေး ယူအင်မှာ ထိုင်ခုံသွားဖယ်ခိုင်းတဲ့ အရေးကိစ္စကို ဆရာတော်က ထောက်ပြပါတယ်။ အချင်းချင်းမှာ ကြေလည်အောင်၊ ညီညွတ်အောင် မလုပ်နိုင်သေးဘဲ၊ အလောတကြီးနဲ့ လျောက်လွှာသွားတင်တဲ့အခါမှာ ဟိုကဖြင့် ဘာမှ မပြောရသေးဘူး၊ ကိုယ့်ဖာသာကိုယ် ထုတ်ပြော အပြစ်တင်နေတာက ရှေ့က သွားနေပြီ။ ဘာတဲ့ … ဒီကိစ္စ မအောင်မြင်ခဲ့ရင်ဖြင့် မိမိတို့ တာဝန်မဟုတ်ပါကြောင်း၊ မိမိတို့ ခေါ်တုန်းက မလိုက်ဘဲ နေခဲ့တဲ့ ဟို … အုပ်စုမှာ တာဝန်ရှိကြောင်း စတဲ့ဟာတွေက မိုးလုံးပြည့်ကုန်တော့ ဘယ်လိုလုပ် စည်းရုံးညီညွတ်တာတွေ၊ အောင်မြင်တာတွေ ရှိမှာလဲ လို့ ဆရာတော်က သာဓက ပြပြီး မေးခွန်းထုတ်ပါတယ်။

မောင်ရစ်ကလည်း “ဆရာတော် ဘာသိလို့လဲ သူတို့တွေက ဒီလို …” ဆိုပြီး အင်တာဗျူးတာ ဘေးချပြီး အတင်းထိုင်ပြောတော့မလို့ နည်းနည်းပဲ လိုတော့တဲ့ဆီမှာ တရားကို သတိရပြီး ဘရိတ်အုတ်လိုက်မိပါတယ်။ ဆရာတော်ကို ဆင်ခြေ လက်ခြေပေးမိရင်၊ သူတို့ကိုယ်စား ပြန်ဖြေရှင်းမိရင် “အတင်း” ပြောမိ၊ အဲလေ … မျက်ကွယ် ၀စီကံမေတ္တာ မထားမိရာ ရောက်တော့မလို့ နည်းနည်းလေး လိုတော့တာ ကလား။

ဟုတ်တာပေါ့ ဘုရား၊ ကိုယ့်အိမ်မှ မသာရင် ဧည့် ဘယ်လာမလဲ လို့ မတတ်တတတ် မြန်မာဆိုရိုးတွေ ဘာတွေနဲ့ ဆရာတော်ကို တရားထောက်လိုက်ရတာပေါ့လေ။

ဆရာတော်က ပြောပါတယ်။ တဖက်မှာလည်း စစ်အာဏာရှင်တွေအောက်မှာ ပိပြားပြီး ကြောက်ရွံပြီး နေထိုင်နေရတဲ့ သူတွေ အများကြီးပါပဲ … တဲ့။ ဗိုလ်ချုပ်တွေထဲမှာအထိကို မလုပ်၊ မရှုပ်၊ မပြုတ် ဆိုပြီး နေထိုင်နေတဲ့ လူတွေလည်း ရှိတာပါပဲ တဲ့။ သူတို့တွေဟာ ဒီဖက်က အင်အားတောင့်တင်းလာရင်၊ စည်ပင်ထွန်းကားလာလျှင် သူတို့ဉာဏ်အသိစိတ်လေးတွေမှာ မောဟအမိုက်ဖုံးနေရာက ပြင်ဆင်ပြီး ဒီဖက်ကို လာရောက် ပူးပေါင်း ဆောင်ရွက်ကြမှာပါတဲ့။ နီးရာ ဓားကို ကြောက်နေရချိန် ဟိုဖက်ကမ်းကို လှမ်းကြည့်လိုက်တော့ ဟိုမှာဖက်ကမ်းကလည်း တခြိမ်းခြိမ်းနဲ့ တကွဲတပြားဆိုရင်ဖြင့် ဘယ်လိုမျိုး ပူးပေါင်းလာကြမလဲ … တဲ့။ သူတို့တတွေကို လက်ကမ်းကြိုဆိုဖို့ မဆိုထားနဲ့ ဘယ့်နှယ် လုပ်ထည့်လိုက်မယ်၊ ဘယ်ညာ လုပ်ပစ်လိုက်မယ်ဆိုတဲ့ မိုးကြိုးသွား စကားတွေ လှမ်းပစ်နေတဲ့အခါ၊ နီးရာဓားအောက်မှာ ကြိတ်မှိတ်ပြီး ငရဲလမ်းကို နတ်လမ်းပဲဆိုပြီး မိုက်သည့်ထက် မိုက်၊ တွင်းတူးပြီးတော့ကို မိုက်နေကြတော့တာပေါ့ … တဲ့။

မောင်ရစ်ကလည်း ထောက်ခံရတော့တာပေါ့လေ။ မှန်ပါတယ် ဘုရားပေါ့။ အခုဆိုရင် ဆရာတော်တို့တွေဟာ ပြည်တွင်း ပြည်ပမှာ ခရီးဆန့်လို့ ပြည်သူတွေကို အခုလို ဟောကြား ဆုံးမနေပြီ ဖြစ်တဲ့အတွက်ကြောင့် ဟိုဖက်ကကော၊ ဒီဖက်ကကော လိမ္မာယဉ်ကျေး မေတ္တာထားနိုင်တဲ့ ကိုယ်တွေ ဖြစ်လာတော့မှာပေါ့ ဆိုပြီး ကိုယ်ထင်ရာ မြင်ရာတွေကို ၀င်ပြောရတော့တာပေါ့လေ။

အဲဒီမှာ ဆရာတော်က မောင်ရစ်ဆိုတဲ့ အမိုက်အမဲလေးကို နောက်ထပ် အကြောင်းအရင်းတခုကို ရှင်းပြပါတယ်။

ဒကာကြီး … တဲ့ ဘုန်းကြီးတို့က ဆရာတော်တွေ၊ သံဃာတော်တွေက ဘုရားရှင်ဟောကြားတဲ့ တရားဓမ္မကို ကျင့်ကြံအားထုတ်လို့ ပရိသတ်ကိုလည်း တတ်နိုင်သလောက် အကျိုးပြု ဆောင်ရွက်တဲ့ အလုပ်ကို လုပ်နေတဲ့နေရာမှာ တိုင်းပြည်အရေး၊ လူမျိုးအရေး၊ အမျိုးသားအရေးကို အကုန်လုံးကိုတော့ မရွက်ဆောင်နိုင်ပါဘူးတဲ့။ သင့်တင့် ဆီလျှော်တဲ့ အရပ်၊ နေရာ၊ ကဏ္ဍတွေကနေ ထောက်ခံ အားပေး ကူညီတဲ့ နေရာကပဲ ဆောင်ရွက်နိုင်တာပါ …တဲ့။

“ဒကာကြီး … ဦးဇင်းတို့ဆီမှာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မျိုး လိုတယ် …” တဲ့

ဟာ … မောင်ရစ်ကလည်း ဒီကိစ္စမျိုးဆိုရင် ငါ ဖြေနိုင်ပါတယ် ဆိုတဲ့ စတိုင်နဲ့ ကြားဝင် ဖြတ်ပြီးတဲ့အခါ … မြန်မာပြည်မှာ ခေါင်းဆောင်တွေ ရှိပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဇာဂနာ၊ ကျော်သူ နဲ့ ဦးဝင်းတင် အစရှိသဖြင့် ပြည်သူတွေ ရှေ့က မားမားမတ်မတ် ရပ်တည် ဆောင်ရွက်သူတွေကို နှုတ်အာ ရွရွ ရွတ်ဆိုပြမိပါတော့တယ်။ သာသနမောဠိ သံဃာ့အဖွဲ့မှာ ဆိုလျင်လည်း ပီနန်ဆရာတော်ကြီးနှင့်တကွ ဦးဆောင် အဖွဲ့ဝင်ဆရာတော်များလည်း ရှိပါကြောင်း၊ သူတို့တွေဟာ ပြည်သူတွေအတွက် ကိုယ်ကျိုးကို စွန့်လွှတ်ပြီး ရှေ့က စံပြပြီး အနစ်နာခံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုကြီးတရပ်လုံးကလည်း ထိုထို ပုဂ္ဂိုလ်များကို မိမိတို့ရှေ့က ဦးဆောင်သူများအဖြစ် သတ်မှတ်ထားပြီး ဖြစ်ကြောင်း တင်ပြမိပါတယ်။ အလွတ်ကျက်ထားတဲ့ စာရင်းမှာ ရွေးကောက်ပွဲအနိုင်ရ အမတ်စာရင်းကို ရွတ်မလို့ ခါးတောင်းကျိုက်လိုက်စဉ်မှာပဲ ဆရာတော်က ကြားဖြတ်ပြီး ၀င်ပြောပါတယ်။

“ဟုတ်တော့ ဟုတ်ပါတယ်။ ကျုပ်တို့ဆီမှာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်ဆိုတာ ပါရမီရှင် ခေါင်းဆောင်လို့ ဆိုလိုတာပါ။ သူ ဘယ်လောက်ပဲ အသက်ရှင်သွားသလဲ စဉ်းစားကြည့်စမ်းပါ။ အသက် ၃၂ မှာတင် လုပ်ကြံခံရလို့ ကွယ်လွန်ခဲ့ပေမယ့် တိုင်းပြည်လွတ်လပ်ရေးကို အရ ဦးဆောင် ပေးသွားခဲ့တယ် မဟုတ်ဘူးလား။ အသက်တိုပေမယ့် သူလုပ်ရမယ့်အလုပ်ကို ပြီးအောင် ပြတ်အောင် လုပ်ပြနိုင်တယ်လေ။ ပါရမီရှင်ခေါင်းဆောင် ဆိုတာ အလုပ်တခုကို ပြီးမြောက် အောင်မြင်တဲ့အထိ လုပ်ပေးနိုင်တာကို ပြောချင်တာပါ …”

ဆရာတော်က အဲသလို ပြောလိုက်တော့လည်း မောင်ရစ်ခမျာ ဉာဏ်ကလေး ရှိသလောက် တတို တထွာနဲ့ ငေါင်ငေါင်လေး နားထောင်နေရတာပေါ့ခင်ဗျာ။ မောင်ရစ်ခမျာ တနေ့ တနေ့ ကိုယ်လုပ်သမျှကို ဟုတ်လှပြီ ဆိုပြီး ကျေနပ်နေတာ မဟုတ်လား။ တွန်းတော့ တွန်းနေပါရဲ့၊ မရွေ့တာကို အရေးမလုပ်ဘဲ အားစိုက်ပြီး တွန်းနေရတာနဲ့ မောင်ရစ်က မိန်းမောနေမိတော့ ဆရာတော် ပြောတာကို နားဝင်မချိုဘူးပေါ့ခင်ဗျာ။

“ဆရာတော် ဆိုလိုတာက ရူပဗေဒက အလုပ်ကို ဖော်မြူလာ ထုတ်သလိုပေါ့နော်၊ အရွေ့မရှိရင် အလုပ် မဖြစ်ဘူးပေါ့။ သိပ္ပံနည်းကျ ခေါင်းဆောင်ပေါ့ ဟုတ်လား ဘုရား …” ဒါကတော့ တတ်သမျှ မှတ်သမျှနဲ့ အာ ကြည့်တာပေါ့လေ။

“ဦးဇင်းတို့ ခေါင်းဆောင်ဖြစ်တဲ့ ဂေါတမဗုဒ္ဓရဲ့ ဖြစ်စဉ်တွေကို ကြည့်ပါ။ နိဗ္ဗာန်မရခင် စပ်ကြား သူ ပါရမီဖြည့်စဉ်ကာလတွေမှာ ရခဲ့တဲ့ ဘ၀၊ ခေါင်းဆောင်အဖြစ် ရတဲ့ ဘ၀၊ ငုံးမင်း၊ မျောက်မင်း ဘာပဲ ဖြစ်ဖြစ် သူ့ နောက်လိုက်တွေ၊ သားချင်းတွေ၊ အစုအဖွဲ့တွေအတွက် ပြီးမြောက်အောင် ကယ်တင် ဆောင်ရွက်ပေးခဲ့တယ်။ သူတို့တွေကို ဒုက္ခ၊ အခက်အခဲ၊ အကြပ်အတည်းတွေက လွတ်မြောက်အောင် ထမြောက်သည်အထိ စွမ်းဆောင်နိုင်ခဲ့တယ်။ အဲဒီဘ၀တွေမှာ နိဗ္ဗာန်တော့ ရမသွားခဲ့ပေမယ့် သူ ရွေ့အောင် ရွှေ့ခဲ့တယ် မဟုတ်လား …”

ဆရာတော်က ဂေါတမဗုဒ္ဓရဲ့ အတိတ်ဇာတ်ကြောင်းကိုပါ ထည့်သွင်းပြီး မောင်ရစ်ကို ထပ် ရှင်းပြပါတယ်။

မောင်ရစ်ကလည်း –

“အခုချိန်မှာ တဖက်က ဒီမိုကရေစီရေး ဆောင်ရွက်နေသူတွေ တိုက်ပွဲဝင်သူတွေကို အမြစ်ကလှန်၊ အညွန့်အခက်တွေ ဖြတ်၊ အကိုင်းအခက်တွေကို ချိုင် စသည်ဖြင့် စစ်အာဏာရှင်တွေက လုပ်နေလေတော့ ဒီဖက်က နောက်ထပ် မဆုတ်နိုင်အောင် ကြံ့ကြံ့ခံ ရပ်နေရတာကလည်း ရှိသေးတာကိုး ဘုရား …” လို့

လက်ရှိအနေအထား မြင်မိသမျှကို ပြောမိပါရဲ့။

ဆရာတော်က ဆက်ပြောပါတယ်။

“ဦးဇင်း နားလည်ပါတယ်။ အခုလက်ရှိ အခြေအနေ၊ အခက်အခဲ၊ အကြပ်အတည်းတွေကို နားလည်ပါတယ်။ ဦးဇင်းစိတ်ထဲမှာ ရှိတာကိုလည်း ပြောပြတာပါ။ ဒကာကြီး မေးတာကို ဦးဇင်းက ဒီနေရာ ဒီအချိန် ဒီအခြေအနေမျိုးမှာမို့လို့ ဖြေလိုက်တာ၊ ပြောလိုက်တာပါလေ။ ဦးဇင်းတရားပွဲမှာလည်း အခုလို ပြောမှာ မဟုတ်ဘူး။ ပြည်တွင်းကို ပြန်ရောက်သွားချိန်မှာလည်း ဦးဇင်းက ဒါကို ပြောနိုင်မှာလည်း မဟုတ်ပါဘူး။ ခေါင်းဆောင်ကို ဦးဇင်းက ဘယ်လိုမျိုး မျှော်လင့်တယ်၊ ကြိုဆိုနေတယ် ဆိုတာကို ပြောပြတာ။ အနှစ် ၂၀ ရှိပါပြီ။ ဒကာကြီး ပြောသလို ကြံ့ကြံ့ခံ ရပ်နေကြရတာ။ ဦးဇင်းက ပြောချင်ပါတယ်။ တပ်မတော်ထဲကပဲ ပေါ်လာ ပေါ်လာ၊ ပြည်သူတွေထဲကပဲ ပေါ်လာ ပေါ်လာ၊ ပါတီထဲကပဲ ပေါ်လာ ပေါ်လာ … ကြိုဆိုပါတယ် လို့ ပြောပါတယ်။”

ကဲ … ဆရာတော်ရဲ့ စကားလက်ဆောင်လေး အတတ်နိုင်ဆုံး ရေးပြီး တင်ဆက်လိုက်ပါရဲ့။

မောင်ရစ်လို အမိုက်အမဲကလေးကတော့ “ခရီးမတ်တပ် လမ်းခုလပ်မှာ ကိုယ်လွတ်ရှောင်ခွာ စွန့်ခဲ့ပါ၍ အားနာခဲ့ကြောင်း ပြောပါလေ … ” ဆိုတဲ့ စာသားလေးကို ရက်ပ်သံစဉ်ထဲ ထည့်ပြီး ရွာအပြင် ထန်းပင်ပေါ်ကပဲ “ဟဲ” လိုက်ရလေမလား မသိ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts