>PadaukMyay Radio interfering Overseas Radio Broadcasts

>

နေပြည်တော်ရဲ့ ပိတောက်မြေရေဒီယိုက လေလှိုင်းနဲ့ တိုက်ပြီ

ညွန့်ထွေး

အောက်တိုဘာ ၂၂၊ ၂၀၀၈

နံနက်ခင်း မင်္ဂလာအချိန်ခါ သတင်းသံသာအဖြစ် ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီတို့ အားပေးသူ မြန်မာပရိသတ်အပေါင်းခင်ဗျာ နေပြည်တော်က ပစ်လွှတ်လိုက်တဲ့ ပိတောက်မြေ ရေဒီယို လေလှိုင်းရဲ့ တိုက်ခိုက်မှုကြောင့် မရှုမလှဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ ဧပြီလကတည်းက နေပြည်တော်ရဲ့ လျို့ဝှက်တဲ့နေရာက မနက်တကြိမ်၊ ညတကြိမ် ပြည်ပအသံလွှင့်ဌာနများထုတ်လွှင့်တဲ့အချိန်နဲ့ ကိုက်ပြီး စစ်အစိုးရအလိုတော်ရိ သတင်းများနဲ့ ပြည်ပအသံလွှင့်ဌာနများကို ပြန်လည် တုံပြန်တိုက်ခိုက်ထုတ်လွှင့်ခဲ့ရာမှာ ယခုအချိန်မှာတော့ ပြည်ပအသံလွှင့်လေလှိုင်းများကိုပါ ပူးကပ်ပြီး နားထောင်သူများကို အနှောက်အယှက်ပေးတဲ့အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

“ဥပမာ ဘီဘီစီက ဆင်းရဲတဲ့သတင်းလွှင့်နေရင် ဘေးက အသံကြောင်နဲ့ ဗမာပြည်မှာ ငတ်သေတဲ့မသာ မရှိဘူးလို့ အသံတွေ ၀င်လာတယ်။ နားထောင်တဲ့သူက လိုင်းမကြည်တော့ ဟိုလှည့် ဒီလှည့်လုပ်။ သူတို့က ခပ်တည်တည်နဲ့ ပြည်တွင်းသတင်းတွေ လွှင့်နေတော့ အဟုတ်မှတ်လို့ နားထောင်မိ။ နည်းနည်းကြာတော့မှ သန်းရွှေကြီး အကြောင်း၊ စွမ်းအားရှင်အကြောင်းတွေ အမွှန်းတင်နေတာတွေ ကြားမှ ပိတောက်မြေပဲ ဆိုပြီး မအေ နှမ ကိုင်တုတ်မိတော့တာကိုး …”

လို့ ပရိသတ်တယောက်က သူ့အဖြစ်ကို ပြောပြပါတယ်။

ပြန်ကြားရေး ၀န်ကြီး ဗိုလ်ကျော်ဆန်းက မီဒီယာကို မီဒီယာနဲ့ တိုက်မယ်လို့ ကြွေးကြော်ပြီးတဲ့နောက်ပိုင်း လေလှိုင်းပေါ်ကနေ အသံလွှင့်လှိုင်းများကို ပူးကပ်တာတွေ၊ တမင် တိုက်ပြီး လွှင့်တာတွေနဲ့ လုပ်တာဟာ တရားနည်းလမ်းကျကျ ယှဉ်ပြိုင်ဖြေရှင်းတာ မဟုတ်ဘဲ ကောက်ကျစ်တဲ့ အောက်လမ်းနည်း သုံးတာဖြစ်တယ်လို့ ပြည်တွင်းက စာနယ်ဇင်းသမားတဦးက သုံးသပ်ပြပါတယ်။

“ပြည်ပက သတင်းစာစောင်တွေ ကိုင်ဆောင်ရင် ဖတ်ရင် ဖမ်းတယ်၊ ထောင်ချတယ်။ တရားမ၀င် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ ဟုတ်လား။ အင်တာနက် ၀က်ဆိုက်တွေကို ပိတ်တယ်။ ခိုးပြီး ကျော်ခွပြီး ကြည့်ရင် ဖမ်းမယ်၊ ဆီးမယ် စသည်ဖြင့် ခြိန်းခြောက်တယ်။ သူများဆိုက်တွေကို တိုက်ခိုက်တယ်။ ဖျက်ဆီးတယ်။ သူတို့ သတင်းစာတွေ၊ ဆောင်းပါးတွေ၊ စာစောင်တွေ၊ ဘလော့တွေ ၀က်ဆိုက်တွေကနေ အတိုက်အခံတွေကို တိုက်ခိုက် စော်ကား ၀ါဒဖြန့်တယ်။ ပြည်သူကိုတော့ ဟိုက ဘာပြန်ပြောလဲ ဆိုတာကို နားထောင်ခွင့်၊ ကြားခွင့် မပေးဘူး။ အခု တိုက်ရိုက်လေလှိုင်းကနေပြီးတော့ သူများ လွှင့်တာတွေကို လိုင်းပူးတာတို့၊ နှောက်ယှက်တာတို့ လုပ်လာပြီ။ ဒီလို လုပ်နေတော့ စစ်အစိုးရရဲ့ လမ်းပြမြေပုံဆိုတာ ပြည်သူတွေအတွက် သချို င်္င်းကုန်းမှာ တွင်းတူးပြီး သေဖို့သာ ရှိတဲ့ မြေပုံပဲ။ ၂၀၁၀ ရွေးကောက်ပွဲသာ ပြီးလို့ကတော့ မတွေးရဲစရာပဲ …”

ဟု ပြည်တွင်း စာနယ်ဇင်းသမားတဦးက ပြောလိုက်ပါတယ်။

ယခုအချိန်မှာ မီဒီယာသမားများကို စစ်အစိုးရက မက်လုံးမျိုးစုံပေး သိမ်းသွင်းနေပါတယ်။ သတင်းစာထုတ်ချင်သလား၊ ၂၀၁၀ ပြီးလျင် စိတ်ကြိုက် သတင်းစာမျိုးစုံ ပေးထုတ်မယ်လို့ စစ်အစိုးရက စရန်သတ်နေပါတယ်။ အမျိုးသားရေးကို မျက်ခြေမပြတ်ကြဖို့လိုတယ်လို့ သတင်းစာဆရာကြီးတဦးက သတိပေးစကား ပြောပါတယ်။ စစ်အစိုးရ မျက်နှာ၊ အာဏာရှင်မျက်နှာကို ကြည့်မိရင်၊ သူတို့ကို မျက်နှာလိုက်မိရင်၊ ပြောရေးဆိုခွင့် အသိပညာဆည်းပူးခွင့် အပိတ်ခံထားရတဲ့ အဖိနှိပ်ခံထားရတဲ့ ပြည်သူလူထုကြီးရဲ့ မျက်နှာတွေကို မင်းတို့ မမြင်နိုင်တော့ဘဲ ငွေကြေး၊ အာဏာ၊ သြဇာတွေနောက် ယစ်မူးသာယာပြီး အာဏာရှင်တွေရဲ့ “လိုင်းသွင်း”တာခံကြရတဲ့ “မီဒီယာပိုင်းလုံး”တွေ ဖြစ်ကုန်ကြလိမ်မယ်လို့ ပြောလိုက်ပါတယ်။ (သူပြောတာက – “စာနယ်ဇင်း ဖာခေါင်း၊ ဖာသည်”တွေ လို့ ပြောတာပါ၊ ယဉ်ကျေးအောင် ပြင်ပြီး ပြောတာ၊ အခုတော့ အရင်းအတိုင်းပဲ ထည့်ပေးလိုက်တယ်)

(ပိတောက်မြေ ရေဒီယိုအကြောင်းကို ဒီဝက်ဆိုက်မှာ ဖတ်ကြည့်ပါ – http://www.democraticforumburma.org/art_yoma_maung.html )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts