>for your flight

>

လေယာဉ်ပေါ်တက်နည်း နိဿရည်း

မိုးကုပ်စက်ဝိုင်း

အောက်တိုဘာ ၁၂၊ ၂၀၀၈

နိဒါန်း

စကားဆိုတာ (ကျအောင်) ပြောတတ်ရင် လေယာဉ်ပျံတောင် အလကား စီးလို့ရတယ် တဲ့။ ဒီ ဆောင်းပါးမှာတော့ လေယာဉ်ပျံအခမဲ့စီးတဲ့နည်းကို ဖော်ပြမှာ မဟုတ်ပါ။

လေယာဉ်စီးရတာ မခက်ပါဘူး။ မခက်မယ့် လေယာဉ်စီးလေ့မရှိသူတွေအတွက် ဒီဆောင်းပါးကို ရေးပါတယ်။ စာဖတ်သူဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တယ် ဆိုပါစို့။ ကိုယ့်အိမ်ကနေ လေယာဉ်ကွင်းကို ဘယ်လိုသွားရမလဲဆိုတာ ကြိုတင် လေ့လာသင့်တယ်။ ဘတ်စ်ကား၊ မြေအောက်ရထားကို အားကိုးတယ်ဆိုရင် ပိုပြီး လေ့လာသင့်တယ်။ လေယာဉ်ကွင်း ရောက်ဖူးအောင်၊ လမ်းကြောင်းအခြေအနေသိအောင် တခေါက်လောက်တော့ စမ်းသပ် သွားလာထားမယ်ဆိုရင် ခရီး တကယ် ထွက်ရတဲ့နေ့မှာ လေယာဉ်မမီလိုက်တာမျိုး မဖြစ်နိုင်တော့ဘူးပေါ့။


စာကိုယ်

လေယာဉ်ကွင်းရောက်ရင်

၁။ ကိုယ့်လေကြောင်းလိုင်းကောင်တာကို သွားပါ။ Check in လုပ်ဖို့။


၂။ လေကြောင်းလိုင်း ၀န်ထမ်းက ID ကဒ်ပြား တောင်းကြည့်မယ်။ luggage လုပ်မလား မေးလိမ့်မယ် (ကိုယ့်မှာ သေတ္တာကြီးကြီး မပါဘူးဆိုတော့ မလုပ်ဘူးလို့ ဖြေလိုက်ပါ)။ သူတို့က boarding pass ထုတ်ပေးလိမ့်မယ်။ ပြီးရင်


၃။ လုံခြုံရေးဂိတ်ကို ဖြတ်ရမယ်။ တန်းစီရမယ်။ အ၀င်မှာ ID ကဒ် နဲ့ boarding pass ကိုပြပါ။ လုံခြုံရေးဝန်ထမ်းက ID ကဒ်ပေါ်ကနာမည် boarding pass ပေါ်ကနာမည် တူမတူ စစ်လိမ့်မယ်။


၎။ လုံခြုံရေးဂိတ်မှာ ထုံးစံအတိုင်း လူနဲ့ ပစ္စည်းတွေကို ဓာတ်မှန်ရိုက်စစ်ဆေးမယ်။ ပလပ်စတစ်ဗန်းကြီးတွေ ချထားတယ်။ ကိုယ်က စက်နားရောက်ရင် သူများတွေလုပ်သလို လိုက်လုပ်ရုံပါပဲ။


၅။ လုပ်ရမှာက ၀တ်ထားတဲ့ အနွေးထည်အင်္ကျီ၊ ဖိနပ် တို့ကို ဗန်းကြီးတွေထဲ ထည့်ရမယ်။ ကိုယ်ပေါ်မှာ လက်ကိုင်ဖုန်း၊ နေကာမျက်မှန်၊ ပိုက်ဆံအိတ်၊ သော့တွဲ၊ အမ်ပီသရီး ပလေယာ၊ ကက်ဆက်၊ စီဒီပလေယာ၊ ကင်မရာတို့ ပါရင်လည်း ဗန်းကြီးတွေထဲ ထည့်။


အဲဒီဗန်းတွေက ဓာတ်မှန်စက်ထဲကို ဖြတ်ရမယ်။ ကိုယ့် ခရီးဆောင်အိတ်တွေလည်း ဖြတ်ရမယ်။ အိတ်ထဲမှာ ကွန်ပျူတာ ပါတယ်ဆိုရင်တော့ ကွန်ပျူတာကို အိတ်ထဲက ထုတ်ပါ၊ တခြားပစ္စည်းတွေကို ဗန်းထဲ ရောထည့်လို့ ရပေမယ့် ကွန်ပျူတာကိုတော့ ဗန်းတခုထဲ သီးသန့်ထည့်ပါ။ ဗန်းမရှိရင် ၀န်ထမ်းတွေဆီက လှမ်းတောင်းပါ။


သူတို့က ဓာတ်မှန်စက်ထဲ ဖြတ်သွားတဲ့ အဲဒီပစ္စည်းတွေကို ကွန်ပျူတာတွေကတဆင့် ကြည့်နေတာ။ ဗုံးတွေ သေနတ်တွေ မူးယစ်ဆေးဝါးတွေ ရှိမရှိ။ သံသယဖြစ်ရင် မေးလိမ့်မယ် အိတ်ထဲမှာ ဘာပါသလဲ။ သံသယ သိပ်ဖြစ်ရင်တော့ အိတ်တွေကို ရှာလိမ့်မယ်။ ရှာတဲ့အခါ ၀န်ထမ်းက ကိုယ့်ကို သူ့ဘေးနားမှာ ခေါ်ထားလိမ့်မယ်။ အိတ်က ဘာပစ္စည်းတွေဖြစ်တယ်ဆိုတာ မေးရင် ဖြေဖို့။ မေးတာပဲ ဖြေပါ။ ကိုယ့်ပစ္စည်းပဲ ဆိုပြီး လက်နဲ့ သွားကိုင် သွားထိပြီး ရှင်းမပြနဲ့။ ပေးကိုင်မှာမဟုတ်ဘူး။ သူတို့လည်း လက်အိတ်ဝတ်ထားတယ်။ သူတို့လက်ဗွေရာ မထင်အောင်။ ပြီးတော့ သူတို့ရှာတဲ့အိတ်က တခါတလေ ကိုယ့်အိတ်မဟုတ်ဘူး ဖြစ်နေတတ်တယ်။ ကိုယ်က ကိုယ့်အကြောင်း သိပေမယ့် လေဆိပ်လုံခြုံရေးဝန်ထမ်းက ကိုယ့်အကြောင်း သိတာမဟုတ်။ ပြီးတော့ ဒီငနဲသားတွေက လူမျိုးစုံနဲ့ ဆက်ဆံရတာမို့ စာအုပ်ကြီးအတိုင်း လုပ်ပါလိမ့်မယ်။ ကိုယ်က ခိုင်းတာလုပ်ရုံပဲ။ ကိုယ်မှန်ပေမယ့် လိုအပ်ချက်အရ ခပ်တည်တည်နေရမယ်။ လုံခြုံရေးဆိုတဲ့စကားလုံးသုံးပြီး ကိုယ့်ကို ပြဿနာ ရှာနိုင်တယ်။


၆။ ပစ္စည်းဖြတ်ပြီးရင် လူဖြတ်ရမယ်။ အဲဒီအချိန်အထိ လက်ထဲမှာ ID ကဒ် နဲ့ boarding pass ကို ကိုင်ထားပါ။ ကိုယ်ပေါ်မှာ သတ္တုပစ္စည်းရှိရင် ဖြတ်တဲ့အခါ အသံမြည်မယ်။ ဒါဆို လုံခြုံရေးဝန်ထမ်းက ကိုယ့်ကို ခုံပုလေးပေါ် တက်ခိုင်းပြီး စမ်းသပ်ရှာဖွေလိမ့်မယ်။


လက်စွပ်၊ ဆွဲကြိုး၊ လက်ကောက်၊ ဘောပင်၊ ခါးပတ်ခေါင်း၊ ဘောင်းဘီကြယ်သီး (ပြီးတော့ ပါးစပ်ထဲက ရွှေသွား)တွေမှာ သတ္တုပစ္စည်း ပါလို့ မြည်တာ ဖြစ်ဖို့များတယ်။


ခြေအိတ်ချွတ်စရာ မလိုပါ။ ဒါပေမယ့် ဘာဖိနပ်ပဲစီးထားထား ဖိနပ်ကိုတော့ ချွတ်ရမယ်။ ချွတ်ရလွယ်တဲ့ ညှပ်ဖိနပ်စီးထားရင်ကောင်းပေမယ့် ယူအက်စ်မှာ ရာသီဥတုက အေး၊ လေယာဉ်ထဲမှာကလည်း အေးတော့ ဘွတ်ဖိနပ်ပဲ ၀တ်ကြတယ်။ တချို့က ဘွတ်ဖိနပ်အရှည်ကြီးတွေ ၀တ်သွားကြတယ်။ အဲဒါဆို ကွိုင်ပဲ။ ဖိနပ်ကြိုးဖြေရ ပြန်ချည်ရတာ အချိန်တော်တော် ပေးရမယ်လေ။ နောက်မှာ တန်းစီနေတဲ့ လူတွေကလည်း ပြုံးရယ်ဟားကြလိမ့်မယ်။


၇။ ဓာတ်မှန်စက်ထဲက ပြန်ထွက်လာတဲ့ ကိုယ့်ပစ္စည်းတွေကို ယူပါ၊ သိမ်းပါ။ ဖိနပ်ပြန်ဝတ်၊ အနွေးထည်ပြန်ဝတ်၊ သော့ ဖုန်း ပိုက်ဆံအိတ်တို့ကို အိတ်ထဲထည့်၊ ကွန်ပျူတာကို အိတ်ထဲပြန်ထည့်။ အဲဒီနေရာကထွက်ပြီး လေယာဉ်ပေါ်တက်ရမယ့် ဂိတ်ကို ရှာပါ။ ဂိတ်တွေက ရှာရလွယ်ပါတယ်၊ ဂိတ်နံပါတ်ဆိုင်းဘုတ်တွေကို ထင်ထင်ရှားရှား ရေးထားတယ်။



နမူနာ boarding pass ကို ကြည့်ပါ။ လေယာဉ်ဆိုက်ကပ်ထားတဲ့ ဂိတ်နံပါတ်၊ ကိုယ့်ရဲ့ ထိုင်ခုံနံပါတ်၊ လေယာဉ်ထွက်ချိန်တို့ ပါတယ်။


လေယာဉ်ပေါ်တက်ရမယ့်ဂိတ်က ခုံတွေမှာ ၀င်ထိုင်ပါ။ လေယာဉ် ထွက်ချိန်နီးရင် လေယာဉ်ပေါ်တက်ဖို့ တန်းစီပါလို့ ၀န်ထမ်းတွေက အော်ပြောလိမ့်မယ်။ နောက်ဆုံးကနေ စီလို့မဖြစ်ဘူး။ လေယာဉ်ထဲရောက်ရင် ကိုယ့်အိတ်တွေ ထားစရာနေရာ မရှိဘူး ဖြစ်လိမ့်မယ်။ ရှေ့ဆုံးကလည်း စီလို့ မရဘူး။


Business Class နဲ့ First Class သမားတွေကို လေယာဉ်ထဲ အရင်ပို့လိမ့်မယ်။ သူတို့လက်မှတ်တွေက ဈေးပိုပေးထားတာလေ။ ပြီးမှ သူတို့ လေကြောင်းလိုင်း အသင်းဝင်ထားတဲ့ခရီးသည်၊ သူတို့လိုင်းနဲ့ မကြာခဏခရီးသွားသူ (frequent flyer) တို့ကို တန်းစီခိုင်းမယ်။ အဲဒီ သကောင့်သားတွေကုန်မှ သာမန်ခရီးသည် Economy class သမားတွေ တန်းစီရမယ်။ ဒါပေမယ့် မသွားနဲ့ဦး။ ကိုယ့်လို သာမန်ခရီးသည်တွေထဲက ကလေး၊ ကိုယ်ဝန်သည်၊ သက်ကြီးရွယ်အို၊ မသန်မစွမ်းတွေရှိရင် သူတို့ကို ဦးစားပေးရမယ်။





ဂမ်ဘာရီတို့ ရာဇလီအစ်စမေးတို့ ရန်ကုန်သွားတာ ဈေးကြီးတဲ့ထိုင်ခုံတွေနဲ့လို့ ဆိုတယ် စကားမစပ် ပြောရရင်။ သူတို့က ပိုက်ဆံရှိလို့ဖြစ်မှာပါ။



သူတို့ပြီးရင်တော့ ကိုယ်တို့အလှည့်ပေါ့၊ လေယာဉ်ပေါ် တက်ပေတော့ လို့ မထင်နဲ့ဦး။ ခုံနံပတ် ဘယ်လောက်ကနေ ဘယ်လောက်အထိ လာတန်းစီပါလို့ အော်ခေါ်မယ်။ လေယာဉ်အမြီးပိုင်းက ခုံနံပတ်တွေကို အရင်ခေါ်တာပါ။ ပြီးမှ လေယာဉ်အလယ်ပိုင်း ခုံနံပါတ်တွေကို ခေါ်မယ်။ သဘာဝ ကျပါတယ်။ လေယာဉ်ထဲက လူသွားလမ်းလေးက ကျဉ်းတဲ့အတွက် နောက်ဆုံးမှာ ထိုင်ရမယ့် ခရီးသည်တွေကို ဦးစားပေးတဲ့သဘော။ သူတို့ပြောတဲ့ထဲ ကိုယ့်ခုံနံပါတ်ပါရင်တော့ တန်းစီပေတော့။ boarding pass ကို လက်ထဲ ကိုင်ထား။ ၀န်ထမ်းဆီ ရောက်တဲ့အခါ သူက boarding pass ကို နှစ်ပိုင်းဖြတ်မယ်၊ သူက တပိုင်းယူ ကိုယ့်ကို တပိုင်းပေးမယ်။


လေယာဉ်ပေါ်မှာ ၃ ယောက် သို့မဟုတ် ၂ ယောက်တွဲ ထိုင်ရတယ်။ လေယာဉ်ထိုင်ခုံတွေက ပြတင်းပေါက်နား ကောင်းတယ်လို့ ထင်ရတယ်။ ရှုခင်းကြည့်လို့ရတယ် အစွန်ဆုံးဖြစ်တယ် ဘာညာပေါ့။ တကယ်တော့ မကောင်းဘူး။ အပြင်ထွက်ချင်ရင် ဘေးကလူကို ခွင့်တောင်းနေရတယ်။ သူတို့က ထပေးမှ ကိုယ်က ထွက်ခွင့်ရ။ လူသွားလမ်းဘေးခုံတွေက ကောင်းတယ်။ ကိုယ် လမ်းထလျှောက်ချင်တဲ့အခါ အပေါ့အလေး သွားချင်တဲ့အခါ ဘယ်သူ့ကိုမှ excuse me လုပ်စရာမလို။


လေယာဉ်မထွက်ခင် ၁ ရက် (တချို့လေကြောင်းလိုင်းက ၂ ရက်) ကြိုတင်ပြီး အင်တာနက်ကနေ ခုံရွေးလို့ရတယ်။ ပြတင်းပေါက်နား ကြိုက်သလား၊ ခုံနံပတ် ၁၃ ကြိုက်သလား ရွေးပေတော့။ တချို့လေကြောင်းလိုင်းတွေမှာ ခုံနံပါတ် ၁၃ ရှိတယ်။ အယူသည်းသူတွေ ဒီနံပါတ်ကို မကြိုက်ဘူး ဆိုပေမယ့် ဈေးကတော့ အတူတူပါပဲ။ လျှော့ပေးမယ် မဟုတ်ပါ။


နိဂုံး

ရေ၊ ဖျော်ရည်၊ ယမကာ၊ လက်သဲညပ်၊ ကပ်ကြေး၊ ခဲတံချွန်တဲ့ဓား၊ ဘလိတ်ဓား၊ ရေမွေးပုလင်း၊ လက်သည်းဆိုးဆေး မယူပါနဲ့။ လေယာဉ်အပိုင်စီးသူတွေက အဲဒါတွေကို လက်နက်ပစ္စည်းတွေ အဖြစ် ပြောင်းလဲ သုံးစွဲနိုင်တယ်ဆိုပြီး လုံခြုံရေးအရ တားမြစ်ထားတယ်။ ယူသွားရင် ဓာတ်မှန်ရိုက်စစ်တဲ့နေရာမှာ အသိမ်းခံရမယ်။ အသေးစိတ် ရှာဖွေ မေးမြန်းခံရမယ်။ အကြာကြီး မေးခံရရင် လေယာဉ်က ကိုယ့်ကို ထားသွားလိမ့်မယ်။


လေယာဉ်စီးနည်း နိဿရည်း ဤတွင်ပြီး၏။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts