>Q & A With some 88 in Exile – MoeMaKa

>

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီးနောက် မေးခွန်းအချို့
မိုးမခ၊ ဇန်န၀ါရီ ၁၇၊ ၂၀၁၂
၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ အာဏာရကြံ့ဖွံ့အစိုးရက နိုင်ငံရေးအကျဉ်းသားအချို့ကို ထပ်မံ လွှတ်ပေးလိုက်ရာမှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ထင်ရှားသူများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၂၀၀၇ ရွှေဝါရောင် ဦးဆောင်သံဃာတော်များ ပါဝင်ပါတယ်။ ပြည်တွင်းပြည်ပက နိုင်ငံတကာမိသားစုများသာမက မြန်မာတိုင်းရင်းသား အများအပြားက နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွတ်မြောက်လာမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြတာကို တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုရောက် ၈၈ မျိုးဆက် အချို့ကို မိုးမခက ဆက်သွယ်ပြီး မေးခွန်းတချို့မေးမြန်းဖြစ်ခဲ့ပါတယ်။
မေး။ ။ အခုလိုနိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွတ်မြောက်လာပြန်တာက နိုင်ငံတော်အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေလို့ပဲ ပြောလိုက်ရမလား။
ဖြေ။ ။ မြန်မာပြည်သူ ပြည်သားတွေရဲ့ လှုပ်ရှားမှုတွေ၊ သဘောထားထုတ်ဖော်ပြောဆိုမှုတွေ၊ ဒါ့အပြင် နိုင်ငံတကာက အစိုးရတွေ အဖွဲ့အစည်းတွေရဲ့ ဖိအားတွေ၊ တောင်းဆိုမှုတွေကြောင့် အခုလို လွတ်မြောက်လာတာဖြစ်တယ်လို့ ပြောချင်ပါတယ်။
 မေး။ ။ ဒါဆိုရင် အားလုံးအေးဆေးသွားပြီပေါ့။ အဲလိုပြောလို့ ရမလား။
ဖြေ။ ။ ကျန်ရစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်လွတ်မြောက်လာဖို့၊ ပြည်တွင်းစစ်တွေ ရပ်စဲနိုင်ဖို့၊ ဒါတွေကို လတ်တလော ဆက်ပြီး လှုံဆော်နေဖို့၊ တောင်းဆိုနေဖို့ လိုအပ်နေသေးတယ်လို့ ပြောချင်ပါတယ်။ပြီးတော့လည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသမိုင်းကို မှတ်တမ်းတင်ဖို့၊ စွန့်လွှတ် စွန့်စားခဲ့သူတွေကို ထုတ်ဖော် မော်ကွန်းတင်ဖို့၊ နောက်တကြိမ် အခုလို သမိုင်းမှာ အကျဉ်းတန်တဲ့ အဖြစ်ကို ပြန်မလည်အောင် ကာကွယ်ဖို့ လိုတယ်လို့ မြင်ပါတယ်။  ဒီမိုကရေစီရေးအတွက် ပြောင်းလဲတိုးတက်ရေး အာမခံချက်တွေ ဆက်လက် ဖြစ်ပေါ်လာဖို့ လိုအပ်ပါသေးတယ်။
မေး။ ။ အခုလို ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ထင်ရှားသူတွေ၊ သံဃာတော်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၂၀၀၇ ရွှေဝါရောင်မျိုးဆက် ကျောင်းသားလူငယ်တွေ လွတ်မြောက်လာပြီးနောက် သူတို့တွေရဲ့ အခမ်းကဏ္ဍတွေ ဘယ်လိုမျိုးမြင်မိသလဲ။
ဖြေ။ ။ လက်ရှိအခြေအနေမှာ ၈၈ မျိုးဆက်ကျောင်းသားတွေဆိုတာ အယင်တုန်းကလို ကျောင်းသားအရွယ်တွေလည်း မဟုတ်တော့ဘူး။ သူတို့သဘောဆန္ဒနဲ့အညီ လုပ်စရာရှိတာတွေ လုပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံရေးပါတီလိုင်းနဲ့ ရွေးကောက်ပွဲ ၀င်ချင်လည်း ၀င်ကြမှာပဲ။ တသီးပုဂ္ဂလရပ်တည်တာမျိုးလည်း ဖြစ်လာနိုင်တာပဲ။
မေး။ ။ နိုင်ငံရေးပါတီလိုမျိုး မဟုတ်ဘဲ မြေပေါ်မှာ ဘယ်လိုမျိုး အဖွဲ့အစည်းတွေနဲ့ကော ရပ်တည်နိုင်မယ် ထင်သလဲ။
ဖြေ။ ။ လက်ရှိအစိုးရနဲ့ လွှတ်တော်က အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပြုတယ်လို့ ပြဋ္ဌာန်းထားတာတွေ ရှိတယ်။ အဲသည်တော့ အဲသည်လိုမျိုး အဖွဲ့အစည်းတွေ မှတ်ပုံတင်ပြီး ရပ်တည်လာတာမျိုးလည်း  စောင့်ကြည့်ရမယ် ထင်ပါတယ်။
မေး။ ။ လူမှုရေးအဖွဲ့တွေကို ပြောတာလား၊ တခြားဘယ်လိုမျိုး ဖွဲ့စည်းလို့ ရမယ် ထင်သလဲ။
ဖြေ။ ။ လူမှုရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းမျိုးတွေ ရှိသလို၊ အခြား အလုပ်သမား၊ တောင်သူလယ်သမား အခွင့်အရေးဆိုင်ရာအတွက် သမဂ္ဂတွေလည်း မှတ်ပုံတင်ဖို့ ခွင့်ပြုတယ်လို့ လွှတ်တော်မှာ တင်ပြဆွေးနွေးတာတွေ၊ ပြဋ္ဌာန်းတာတွေ ရှိတယ်လို့ ဆိုထားတယ်။ ကျောင်းသားတွေအတွက် သမဂ္ဂတွေဖြစ်ပေါ်လာဖို့လည်း လိုအပ်တာပဲ။ အဲသည်လို လူ့အခွင့်အရေးနဲ့ မြန်မာပြည်သူအရေးတွေအတွက် ဆောင်ရွက်မယ့် အဖွဲ့အစည်းတွေ အင်အားစုတွေ ပေါ်ထွန်းလာနိုင်မလား ဆိုတာကို စောင့်ကြည့်ရမယ်။
မေး။ ။ ပြည်တွင်းက စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာတွေနဲ့ မီဒီယာသမားတွေရဲ့ အခမ်းကဏ္ဍနဲ့ အတိုင်းအတာကလည်း ကျယ်ပြန့်မှုရှိလာတယ်။ သူတို့တွေကလည်း ရှေ့တန်းရောက်လာပြီလို့ ပြောနိုင်ပြီလား။
ဖြေ။ ။ ပြည်တွင်းမီဒီယာတွေရဲ့ အခမ်းကဏ္ဍနဲ့ အတိုင်းအတာကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ သို့သော်လည်း ပြည်တွင်းမှာ အာဏာပိုင်တွေကို မီဒီယာတွေက မေးမြန်းတဲ့နေရာမှာ မကြောက်မရွံဘဲ အတားအဆီး အဟန့်အတားမရှိဘဲ မေးမြန်းစုံစမ်းခွင့်၊ တင်ပြထုတ်ြပန်နိုင်ခွင့်တွေ ရရှိဖို့ လိုပါသေးတယ်။ ပြည်ပမီဒီယာတွေကလည်း ပြည်တွင်းက သတင်းစာလွတ်လပ်ခွင့်ကို စောင့်ကြည့် မေးခွန်းထုတ်နေဖို့ လိုပါတယ်။
မေး။ ။ မြန်မာပြည်အတွက် လိုအပ်နေတဲ့ အလုပ်တွေ၊ အကူအညီတွေ ပေးအပ်ချင်တဲ့ အဖွဲ့အစည်းတွေအတွက် မြန်မာပြည်မှာရှိတဲ့ ဒီမိုကရေစီလူမှုအဖွဲ့အစည်းတွေ၊ မိသားစုတွေဆီ အရောက် တွေ့ဆုံလက်ခံနိုင်တဲ့ ဆက်ဆံရေးတွေ အခြေအနေတွေ ထူထောင်နိုင်ပြီလား။
ဖြေ။ ။  ပြည်တွင်းမှာရှိတဲ့ မြန်မာဒီမိုကရေစီ အဖွဲ့အစည်း ပတ်ဝန်းကျင်တွေမှာ၊ အင်အားစုတွေဆီမှာ အရည်အချင်းတွေ အရည်အသွေးတွေ တိုးတက်မြင့်မားနေအောင် ဆက်လက်လုပ်ဆောင် ပြင်ဆင်နေကြရမယ်လို့ ထင်ပါတယ်။
မေး။ ။ မြန်မာပြည်ပက ဒီမိုကရေစီလူမှုအဖွဲ့အစည်းတွေ နိုင်ငံတကာပတ်ဝန်းကျင်တွေမှာ ရောက်ရှိရှင်သန်နေကြတဲ့ မြန်မာ မျိုးဆက်တွေကလည်း သွားရောက်ကြမယ်ဆိုရင် ခုနကပြောတဲ့ ပတ်ဝန်းကျင်မှာ အရည်အချင်းတွေ အရည်အသွေးတွေ တိုးတက်အောင် ၀ိုင်းပြီး ဆောင်ရွက်နိုင်ကြမယ် မဟုတ်ဘူးလား။
ဖြေ။ ။ ဒီနေရာမှာ နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက သွားရောက်ကြတဲ့ပုံသဏ္ဍန်နဲ့ ပြည်ပမှာ ရောက်ရှိနေထိုင်ကြသူမြန်မာတိုင်းရင်းသားတွေ  မြန်မာပြည်ကို သွားရောက်ကြတဲ့ ပုံသဏ္ဍန်က သာမန်အားဖြင့် မတူဘူး။ သံရုံးတွေမှာ ဗီဇာလျှောက်ကတည်းက နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ခြင်း မရှိပါဘူးဆိုတဲ့ ခံဝန်လက်မှတ်ထိုးရတာမျိုးတွေ ဖောင်ထဲမှာ ရှိတယ်။ အဲသည်ကန့်သတ်ချက်ဟာ ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေအတွက် မေးခွန်းထုတ်စရာဖြစ်နေဆဲ 
ဖြစ်တယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts