>Yan Lo Kywe and 10

>



ကျွန်ုပ်နှင့် တဆယ်လမ်းကြောင်း

ရန်လိုကျွဲ

အောက်တိုဘာ ၆၊ ၂၀၀၈

မြန်မာပြည်သို့ သွားရပြန်လေပြီ။ ယခုတကြိမ်တွင်လည်း အထူးဖိတ်ကြားခံရခြင်းဖြစ်သည်။ မြန်မာသတင်းသမဂ္ဂ ညီလာခံတွင် ကျွန်ုပ် ဆွေးနွေးပြောဆိုနေသည့် ဓာတ်ပုံတပုံကို ဘန်ကောက် မြန်မာသံရုံးက ရသွားသဖြင့် ရန်ကုန်ခရီးစဉ် ထပ်မံ ပေါ်ပေါက်လာခြင်းဟု ဆိုရမည်။ ဓာတ်ပုံကို ကြည့်ပြီး သတင်းသမဂ္ဂ အကြီးအကဲတယောက်ဟု ယူဆပြီး ကျွန်ုပ်အား အထင်ကြီးသွားကြဟန်တူသည်။



အတိုချုပ် ပြောရလျှင် “ငါတို့ဝန်ကြီးဌာနက လှမ်းပြောတယ်၊ သြဇာရှိတဲ့ စာနယ်ဇင်းသမားတယောက်ကို နေပြည်တော်ပို့ပေးပါ တဲ့၊ ကဲ လူကြီးမင်း သွားပေတော့” ဟု ဆိုသည်။ သို့နှင့် မြန်မာပြည်သို့ သွားရပြန်လေပြီ။



ထပ်မံ၍ တိုတိုပြောရလျှင် ပြည်ထဲရေးဝန်ကြီးဗိုလ်ချုပ်မောင်ဦးနှင့် ရန်ကုန်မြို့တနေရာတွင် တွေ့ကြလေသည်။


– ဦးဝင်းတင်တို့ကို နိုင်ငံတော်သစ် ထူထောင်ရာမှာ အကျိုးပြုမယ့် နိုင်ငံသားတွေ ဖြစ်လာစေဖို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပြီ။



ဟုတ်ကဲ့။

-နိုင်ငံခြားရေးဌာန ဆရာတွေက မောင်ရင့်ကိုရွေးပြီး ဖိတ်လိုက်တာပဲ။ မောင်ရင်က သတင်းသမားသမဂ္ဂမှာ အရေးပါတဲ့လူတယောက်လို့ သူတို့က ပြောတယ်။ ဗိုလ်ချုပ်မှူးကြီးကလည်း မောင်ရင်တို့ ပြည်ပက အလုပ်ဖြစ်မယ့် စာနယ်ဇင်းသမားတယောက်ကို ခေါ်ပြီး ဒါတွေကို သေချာ အသိပေးပါ၊ ရှင်းပြပါလို့ ပြောတယ်။



(ထို့နောက် မြန်မာ့အလင်း၊ ကြေးမုံတို့တွင် နေ့စဉ်ပါဝင်သော အကြောင်းအရာများကို နာရီဝက်ကျော် အလွတ်ရွတ်ပြရာ ကျွန်ုပ်ကလည်း ဟုတ်ကဲ့ဟု အကြိမ် ၅၀ ကျော် ရေရွတ်ပြီး အလိုက်အထိုက် နားထောင်လိုက်သည်။)

– မောင်ရင်က ဟုတ်ကဲ့ချည်းပဲ ပြောနေတာ ဘာသဘောလဲ။ သဘောတူတယ်၊ သဘောကျတယ် ဆိုတဲ့ သဘောလား။



– ဟုတ်ကဲ့၊ ၀န်ကြီးရှင်းပြတာကို ကျနော် နားလည်ပါတယ် လို့ ဆိုလိုတာပါ၊ ဟုတ်ကဲ့။

– အေး၊ ဒါဆိုလည်း ပြီးရော။ မောင်ရင်တို့ နှစ်ထောင့်တဆယ် (၂၀၁၀) ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမြင်ရှင်းလောက်ပြီပေါ့။



– ဟုတ်ကဲ့ခင်ဗျ၊ ရှင်းပါပြီ။ ကျနော်က အဲဒီ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့ စိတ်ကူးနေတာ။ အဖွဲ့ချုပ်ကို ဒေါ်စုနဲ့အတူဖွဲ့ခဲ့တဲ့ ဟို စာရေးဆရာကြီးဗျာ၊ အဲ သူကလည်း တိုက်တွန်းနေပြီလေ။ ရွေးကောက်ပွဲ ၀င်ကြစို့ တဲ့။ ဟို စာရေးဆရာဗျာ၊ မောင်စူးစမ်း၊ ဆရာမောင်စူးစမ်း။

– အေး၊ မောင်စူးစမ်း ဆိုလို့ ပြောရဦးမယ်၊ မောင်ရင်တို့ ဆရာကြီး ဦးဝင်းတင်ကို နိုင်ငံတော်က လွတ်ပေးတုန်းက သူ ထောင်ထဲက မထွက်ချင်ဘူး ဘာဘူး ငြင်းတာ ဘာကြောင့်လဲ သိသလား။



– ဟုတ်ကဲ့၊ ၀န်ကြီးတို့က သူ့ကို လွတ်ငြိမ်းသက်သာခွင့်ပေးတယ် ဆိုတဲ့အချက်ကို သဘောမတူလို့ပါ။ ဦးဝင်းတင်က သူက လွတ်ရက်စေ့

– အဲဒါ ကြားကောင်းအောင် လျှောက်ပြောနေတာ။ တကယ့်တကယ်က မောင်စူးစမ်းကြောင့်ပဲ။



– ဗျာ။

– ဒီလို … ကွ။ ဦးဝင်းတင်ကို နိုင်ငံတော်က လွတ်ပေးခါနီးမှာ ဆရာမောင်စူးစမ်းက ဆောင်းပါးရေးတယ်လေကွာ၊ နိုင်ငံတော်က နှစ်ထောင့်တဆယ် (၂၀၁၀) မှာ ပြုလုပ်ပေးမယ့် ရွေးကောက်ပွဲကို ထောက်ခံကြဖို့ ဆိုပြီး။



– ဟုတ်ကဲ့။

– ဆရာမောင်စူးစမ်းက အဲသလို အမြင်မှန် ရသွားပေမယ့် ဦးဝင်းတင်က ခေါင်း သိပ်မာတယ် မောင်ရင်။



– ဟုတ်ကဲ့။

– သူ့ရဲဘော်ဟောင်း မောင်စူးစမ်းက ရွေးကောက်ပွဲကို ထောက်ခံနေတယ်၊ ဒီလိုလူတွေနဲ့ မျက်နှာချင်းမဆိုင်ပါရစေနဲ့၊ ထောင်ထဲမှာပဲ ဆက်နေပါရစေလို့ ကျုပ်တို့ကို ပြောတယ်။ အဲဒါ ကျုပ်ကောင်တွေက သူ့ကို ထောင်ထဲမှာ မနေဖို့၊ အပြင်ထွက်ဖို့ မနည်း နားချလိုက်ရတယ်။ မင်းတို့လေးစားတဲ့ ဦးဝင်းတင်က ခပ်တုံးတုံးပါ၊ နာရီ ၂၀ လောက် ပြောပြမှ သူ နိုင်ငံတော်အကြီးအကဲတွေရဲ့ စေတနာကို သဘောပေါက်ပြီး ထောင်ထဲက ထွက်သွားတယ်။



– ဟုတ်ကဲ့၊ ကျနော်ကတော့ သဘောပေါက်ပြီးသားပါ။ ဒါကြောင့် ရွေးကောက်ပွဲမှာ ကျနော် ၀င်အရွေးခံရရင် ကောင်းမလားလို့ ကျနော် စဉ်းစား …

– မောင်ရင့်မှာ ဘယ်လိုအခြေအနေတွေ ရှိလို့ ၀င်အရွေးခံမှာလဲ။ သတင်းသမားဆို လူတွေက သိပ်အထင်ကြီးမယ်မဟုတ်ဘူး။



– ကျနော်က ရိုးမဘဏ် ပိုင်ရှင်ပါ။

– ဟေ့၊ ကျုပ်ကို လာဖြီးမနေနဲ့။ ရိုးမဘဏ် တာဝန်ရှိတဲ့သူတွေကို ကျုပ်သိတယ်၊ အဲဒီထဲမှာ မောင်ရင် မပါဘူး။



– ပိုင်ရှင်မဟုတ်ဘူး ဆိုရင်လည်း ကျနော်က ရိုးမဘဏ်နဲ့ တိုက်ရိုက် ပတ်သက်နေတဲ့သူပါ။

– ဘယ်လို ပတ်သက်တာလဲ၊ ဘဏ်ရှေ့ ဖြတ်လျှောက်ဖူးတာလား၊ ပြက်လုံးထုတ်တာတွေ လာမလုပ်နဲ့နော်။ ကျုပ်လည်း လူရွှင်တော် မဟုတ်ဘူး၊ မောင်ရင်လည်း လူရွှင်တော် မဟုတ်ဘူး။



– ဒီလိုပါ၊ ရိုးမဘဏ်ရဲ့ ကြော်ငြာလား၊ ဆောင်ပုဒ်လား မသိ၊ ‘ရိုးမဘဏ်၊ သင့်ဘဏ်’ တဲ့ ကျနော် မှတ်မိတာ။ သင့်ဘဏ် ဆိုတော့ ကျနော့်ဘဏ်ပေါ့ဗျာ။ လက်ခံရတော့မှာပေါ့။ အဲဒါကို ပြောတာပါ။

– သြော် မှားပါတယ်။ မေးမိတာကိုက ကျုပ်အမှား။ လက်စသတ်တော့ မောင်ရင်တို့ စာနယ်ဇင်းသမားတွေက ဇာတ်ထဲက လူပျက်တွေလိုပါပဲကွာ၊ ပေါက်ကရတွေ လျှောက်ပြောနေတာ။ ဘာအရည်အချင်းမှ ရှိပုံမရဘူး။



– အဲဒီလိုတော့မဟုတ်ပါဘူး၊ အရည်အချင်း ရှိပါတယ်။ ကျနော့်ကို အမေရိကန်မှာ ထုတ်တဲ့ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက Person of the Year ဆိုပြီး ရွေးချယ်ဖူးတယ်။ သူတို့က ကျနော့်ကို အရည်အချင်းရှိတယ်လို့ သတ်မှတ်တယ် ထင်တာပဲ။

– မြန်မာပြည်က ဘယ်သူမှ အဲသလို အရွေးမခံရဖူးဘူး။ မောင်ရင် ကျုပ်ကို လာလိမ်မနေနဲ့။



– တကယ်ပြောတာဗျ။ ၂၀၀၆ တုန်းက။ Person of the Year ဆိုပြီး ကျနော့်ကို ရွေးဖူးတယ်။

– အင်း – မောင်ရင် လိမ်သမျှ ခံရတော့မှာပဲ။ ကဲ ဆိုစမ်းပါဦး၊ ဘာတွေရေးထားလဲ၊ မဂ္ဂဇင်းထဲမှာ။



– ဘာတွေရေးထားလဲ ကျနော်လည်း မသိဘူး။ Time မဂ္ဂဇင်းဆို ကျနော်က ပုံပဲ လိုက်ကြည့်တာ။ အဲဒီတုန်းက မျက်နှာဖုံးမှာတော့ You လို့ ရေးထားတာပဲ။ Person of the Year တဲ့။ You တဲ့။ You ဆိုတော့ သင် ပေါ့ဗျာ။ သူတို့က ‘သင်’ ဆိုတော့လည်း ကျနော်ပေါ့။ ကျနော့်ကို ရွေးတာပေါ့။

– အမေရိကန်တွေနဲ့ မင်းတို့နဲ့တော့ ဟန်ကျပါတယ်။ ဒါနဲ့ မောင်ရင် စောစောကပြောတဲ့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်မယ်ဆိုတာ နောက်နေတာလား၊ အတည်ပြောတာလား။



– အတည်ပြောတာပါ။ တကယ်ဝင်ပြိုင်မှာပါ။ ကျနော်က အသက် ၁၈ နှစ် ပြည့်ပြီးသား မြန်မာပြည်သားတယောက်ပဲ။ ၀င်ပြိုင်ခွင့် ရှိပါတယ်။ ပြိုင်မယ်ဗျာ၊ ပြီးရင် နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့အထိ ကျနော် ကြိုးစားမယ်။ အဲဒါ ကျနော့် ရည်ရွယ်ချက်ပဲ။

– သြော် သနားစရာ စာနယ်ဇင်းဆရာရယ်၊ နိုင်ငံတော်အကြီးအကဲဆိုတာ သာမန်လူတွေ မဖြစ်နိုင်ဘူးနော်။ အခု ပြဋ္ဌာန်းလိုက်တဲ့ အခြေခံဥပဒေအရ ဆိုရင် စစ်ရေးအတွေ့အကြုံရှိရမယ်တို့ ဘာတို့ သတ်မှတ်ချက်တွေ ရှိတယ်နော်၊ အဲဒါ သတိထားမိရဲ့လား စာနယ်ဇင်းဆရာ။



– ဟုတ်ကဲ့။ စစ်ရေးအတွေ့အကြုံက ကျနော့်မှာ အပြည့်ပါပဲ။ မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်နေတာ ကျနော်မမွေးခင်ကတည်းက။ ပြီးတော့ ကြုံခဲ့တဲ့ အစိုးရတွေကလည်း စစ်အစိုးရ အဲ တပ်မတော်အစိုးရတွေချည်းပဲ။ ကျနော့်မှာ စစ်ရေးအတွေ့အကြုံ ဆယ်စုနှစ်နဲ့ချီပြီး အပြည့်ရှိတာပေါ့။ မဟုတ်ဘူးလား။

– အင်း မေးမိတာ မှားပါတယ် စာနယ်ဇင်းဆရာရယ်။ ကဲ – မောင်ရင်လည်း ရန်ကုန်ပြန်မရောက်တာ ကြာရောပေါ့။ ဟိုဟိုဒီဒီ သွားလည်၊ ဘုရားလေး ဘာလေး သွားဖူးလိုက်ဦး။ ကျုပ် စီစဉ်ပေးမယ် ဟုတ်ပြီလား။



– ဟုတ်ကဲ့။

ဝန်ကြီး၏ စီစဉ်ညွှန်ကြားချက် အရ သူ၏လက်ထောက်အရာရှိများက ကျွန်ုပ်အား ရန်ကုန်မြို့အတွင်းသို့ လိုက်လံပို့ဆောင်ပေးကြလေသည်။



(မှတ်ချက် – “ကျွန်ုပ်အား ရွှေတိဂုံသို့ အတင်းအကြပ် ပို့ဆောင်ခြင်း” အကြောင်းအရာကို မကြာမီ အနာဂတ်တွင် ရေးသားတင်ဆက်နိုင်မည်ဟု ယူဆပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts