>Wai Hmu Thwin’s poem 2

>

မျက်နှာဖုံးတပ်အလွမ်းတခု

ဝေမှူးသွင်

စက်တင်ဘာ ၉၊ ၂၀၀၈

အချိန်တွေပိုနေလို့

အတိတ်က သစ္စာစကားတွေကို

စာရွက်ပေါ် ချရေးမိတယ်။

အားလုံး ဟာသပဲ

ကိုယ်တကယ်မပိုင်တဲ့ အိပ်မက်ပဲ

မအောင်မြင်ခဲ့တဲ့ ရုပ်သေးမွေးမြူရေးပဲ။

အနုတ်လက္ခဏာတွေ၊

ကြက်ခြေခတ်တွေနဲ့ ရှုပ်ထွေးနေတဲ့

ငါ့ရဲ့နေ့စဉ်ဘ၀ထဲမှာ

မင်း ဘယ်ပျော်နိုင်ပါ့မလဲ။

အရိုင်းအစိုင်း ရင်ခွင်တခုကို

သိပ်မကြာခင် မင်းမေ့သွားပါလိမ့်မယ်။

ငါကတော့

တယောက်ထဲ ပျော်အောင်နေတဲ့ဝါဒနဲ့၊

အဆိပ်ပြင်းသော အနုပညာနဲ့၊

သူများမကောင်းကြောင်း

ကိုယ့်ကောင်းကြောင်းတွေနဲ့ …

မင်းထားခဲ့တဲ့ ပဟေဠိများစွာကို

မီးမြှိုက်ကြည့်နေမိတယ်။

“ထွက်ပြေးရဲတာလည်း သတ္တိပဲ တဲ့။

မထိုက်တန်တဲ့အရာတခုကို

မလိုချင်ရဘူး တဲ့။

ပန်းခင်းလမ်းဆိုတာလည်း

အန္တရာယ်ရှိတယ် တဲ့။”

ငါ့အသံနဲ့ငါ ခလုတ်တိုက်မိပြီး

နားတွေ အူလာရဲ့။

ခရေပန်းတွေလို ရနံ့မွှေးသော

အနာဂတ်ကို ယုံကြည်ပါ။

ရိုးသားတဲ့ဝတ်စုံလေးမှာ ဂုဏ်ယူပါ။

ငါ ပစ်ချလိုက်မိတဲ့

ကံတရားတခုအတွက်တော့

ဆောရီးပါ …

တကယ် မတော်တဆပါ။

ဘ၀ဆိုတဲ့ ရွေ့လျားမှတ်တိုင်မျိုးမှာ

မင်းတယောက်

လိုရာခရီးမှ ရောက်နိုင်ပါ့မလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts