>Nargis reconstruction workers lost their way home

>

အိမ်ပြန်ရန်ခက်နေသည့် နာဂစ်ဒေသက အလုပ်သမားများ

ညွန့်ထွေး

စက်တင်ဘာ ၉၊ ၂၀၀၈

လပွတ္တာမျြိ့နယ်အတွင်း နာဂစ်အလွန် ပြန်လည် တည်ဆောက်ရေးလုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေကို စစ်တပ်က နေရပ်ပြန်ချင်တိုင်း မပြန်နိုင်အောင် တားဆီးမှုတွေ လုပ်ထားတယ်လို့ ဆိုပါတယ်။



သူတို့တွေဟာ အနယ်နယ် အရပ်ရပ်က ပျံကျ အလုပ်ကြမ်းသမားတွေ ဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေမှာ တနေ့ကို ကျပ် ၁ သောင်း ကျော်နဲ့ အလုပ် လာဆင်းကြတာ ဖြစ်ပါတယ်။



ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုတာက မုန်တိုင်း ဖျက်ဆီးသွားတဲ့ သုသာန်တစပြင်လို လုပ်ကွက်တွေမှာ အောက်ခြေက စပြီး တည်ဆောက်ရေး ပြုနေကြရတာလို့ သတင်းသမားတွေနဲ့ လာတွေ့တဲ့ အလုပ်သမားအဖွဲ့က ပြောကြားပါတယ်။



“အစကတော့ ငွေများများရတယ်။ စားပြီး သောက်ပြီး ငွေစုမယ်။ ပြီးရင် နယ်ကိုလည်း ခွင့်ယူပြီး ပြန်ပြီး ငွေပို့မယ်။ နားမယ်။ ပြန်လာမယ် လို့ စိတ်ကူးတယ်။ ဒါပေမယ့် ဆိုက်တွေမှာ အလုပ်လုပ်ရတာ စိတ် ဆင်းရဲတယ်။ စိတ်က ခြောက်ခြားတယ်လို့ ပြောရမလား မသိဘူး။ အဆင်မပြေဘူးဗျာ။ ဒါကြောင့် အလုပ်က ထွက်ပြီး ပြန်မယ်လို့ စဉ်းစားတာ”

လို့ အလုပ်သမားကြီး တဦးက ချိန်ချိန်ဆဆနဲ့ သတင်းသမားကို ထုတ်ဖော်ပါတယ်။



အဲဒါကို ဘေးက နားထောင်နေတဲ့ အဖော်အလုပ်သမား လူငယ်က ၀င်ပြီး



“အော် အဘကလည်း ည ည ဆိုရင် အမှောင်ထဲက အော်သံတွေ၊ ညည်းသံတွေ ကြားနေရတယ်။ လူတွေဆီက ကယ်ပါ ယူပါ အသံမျိုးတွေကို အဝေးကြီးကနေ ဝေ့ဝေ့ပြီး ၀င်လာတယ်လေ။ အဲဒါကို ပြောပြမှပေါ့”

လို့ သူ့ထင်မြင်ချက်ကို ဘွင်းဘွင်း ပြောလိုက်ပါတယ်။



သတင်းရေးရမည့် သူတွေအနေနဲ့ အဲသည်အချက်ကို ထုတ်ရေးရန် ခဲယဉ်းနေရပေမယ့် ထိုဒေသက တနယ်သား အလုပ်သမားတွေက ကြာကြာ အလုပ်မလုပ်နိုင်ဘဲ ထွက်ဖို့ ကြိုးစားနေလို့ အလုပ်ကြပ်တွေနဲ့ ကန်ထရိုက်တာအချို့က တနေ့လုပ်ခကို ကျပ် ၁ သောင်းခွဲအထိ တိုးပေးနေတာကိုတော့ အလုပ်သမားခေါင်းက အတည်ပြု ခဲ့ပါတယ်။



ထို့အပြင် နယ်မြေလုံခြုံရေးကို ယူထားတဲ့ စစ်တပ်က ကြားဝင်ပြီး ကန့်သတ်မှုတွေ ပြုလုပ်လာတာကို တွေ့နေရပါပြီ။ အလုပ်သမားတွေကို ၈ ယောက် တစု စုဝေးနေခိုင်းပြီး ၁ ယောက် ထွက်ပြေးရင် ကျန်တဲ့သူတွေကို လုပ်ခဖြတ်မယ်၊ ဖမ်းမယ်၊ ရိုက်မယ် ဆိုတဲ့ သွေးခွဲ ခြိန်းခြောက်တာတွေ လုပ်ထားပြီလို့ အလုပ်သမားကြီးက ထုတ်ဖော်ပြောဆိုပါတယ်။



“အခုဆိုရင် ကျနော်တို့ အိမ်ပြန်ဖို့ ခက်သွားပြီ။ ပိုက်ဆံကို အလုပ်ရှင်က ပေးတယ်။ စစ်သားတွေက ကျနော်တို့ကို ချုပ်ချယ်ထားတယ်။ လွတ်လပ်ရေး မရှိတော့ဘူး။ ဟိုဖက်ရွာက ကောင်တွေ ဒီဖက်မှာ သဲလာ ထမ်းတယ်။ ငွေစုချင်လို့တဲ့။ အခု ဟိုဖက်ရွာကို စစ်တပ်က ပေးမပြန်တော့ဘူး။ သူ့အမေ နေမကောင်းဘူး တဲ့။ ဒီက ဆရာကြီးတွေ (စစ်တပ် အကြပ်များကို ဆိုလိုပုံရသည်)က ပြန်ခွင့် မပေးဘူး။ ဒါလည်း ကျနော်တို့ ချွေးတပ် အဆွဲခံရတာပဲ မဟုတ်လား …”



လို့ ခုနင်က လူငယ်က သူ့လုပ်ဖက်တဦးကို ညွှန်ပြပြီး ပြောပါတယ်။ အဆိုပါ အလုပ်သမား လူငယ်ကလေးကတော့ မျက်နှာ ညှိုးညှိုးနဲ့ သတင်းသမားတွေကို ပြုံးရုံ ပြုံးပြတာကို တွေ့ရပါတယ်။



ယခုဆိုရင် အလုပ်ရှင်များ၊ ကန်ထရိုက်တာများ၊ ကုမ္ပဏီကြီးများက နယ်မြေခံ စစ်တပ်ရဲ့ အာဏာစက်နဲ့ လက်နက်အားကို အလွဲသုံးပြီး အလုပ်သမားတွေကို ကန့်သတ်တာ၊ ရွာနီးချုပ်စပ်မှာ အလုပ်သမားတွေကို ချွေးတပ်ဆွဲခိုင်းတာတွေ ပြုနေပြီလို့ သိရပါတယ်။ အလုပ်သမားခကို ပေါက်ဈေးအတိုင်း ပေးတာဆိုပေမယ့် အတင်းအကြပ် ကန့်သတ်မှုတွေနဲ့ ခိုင်းစေတာ ဖြစ်တာကြောင့် သည်ကိစ္စဟာ နာဂစ်အလွန် တမူထူးတဲ့ အကြမ်းဖက်မှုလို့ ဆိုရမလားပါပဲ။



“ဆရာတော်တွေ ဘုန်းကြီးတွေကို ပင့်ပြီး ပရိတ်တွေ ရွတ်တာ၊ အမျှဝေတာတွေ လုပ်ချင်တယ်ဗျာ။ အလုပ်သမားတွေက ရှိစု မဲ့စုနဲ့ ပေါင်းပြီး အလှူလုပ်ရမလို ဖြစ်နေတယ်။ စစ်တပ်က မတရားသဖြင့် ပိုက်ဆံတွေ လှူပြီး အမျှတွေ ဝေပြနေလည်း ထိရောက်မှာ မဟုတ်ဘူးလေ။ အဘတို့ ရတဲ့ ငွေက လုပ်အားကို ရင်းပြီး ရတာဆိုတော့ သန့်ရှင်းတယ်။ သူတို့ကို လွတ်အောင် ကျွတ်အောင် အမျှပေးကြရမယ် …”

လို့ အသက်အကြီးဆုံး အလုပ်သမားကြီးက သူ့ဆန္ဒကို ပြောပြပါတယ်။



သတင်းသမားတွေကလည်း သက်သေ အထောက်အထားရှိတဲ့ အချက်အလက်ကိုသာ တိတိကျကျ သတင်းလုပ်ရမယ်ဆိုပေမယ့် အလုပ်သမားတွေ တယောက်တပေါက်ပြောနေတဲ့ သူတို့ စိတ်ကယောင် ခြောက်ခြားဖြစ်ရပုံတွေကို တမေ့တမော နားထောင်နေကြတာကို တွေ့ရပါတယ်။



“ကလေးတွေရဲ့ အသံဗျာ။ အဖေရေ … အမေရေ လို့ ကြားရတယ် …” တဲ့



“ ည နာရီပြန် တချက်တီးလောက်မှာ ကိုဖိုးအေးရေ … ကျုပ်ကို ပစ်မထားခဲ့ပါနဲ့ ဆိုတဲ့ အသံပဲ” တဲ့



“ ငိုသံတွေ ကြားနေရသလို၊ ဘေးက အိပ်နေတဲ့ အလုပ်သမားကို လက်ကုတ်ပြီး အချက်ပေးလိုက်ရင် သူကလည်း မအိပ်နိုင်ဘူးဗျ။ သူလည်း စိတ်တွေ ခြောက်ခြားနေတယ် …” တဲ့



အလုပ်သမားအုပ်စုက သူတို့ရင်ဖွင့်စရာရှိတာ ပြောဆိုပြီးတော့ သတင်းသမားတွေကို နှုတ်ဆက်ပြီး ပြန်သွားကြပါတယ်။



သတင်းသမားတယောက်က သူသိလိုတဲ့ အချုက်တခုကို လှမ်းမေးလိုက်တယ်။ သူတို့တွေ ဘယ်တော့များမှ နေရပ်ကို ပြန်ကြမှာလဲ ပေါ့။



“ သေတဲ့သူတွေလည်း သေကုန်ကြပြီ။ တားလို့လည်း မရဘူး။ အခုလို ရခဲတဲ့ လူ့ဘ၀လေးမှာ ဒီစစ်တပ်က အကောင်တွေအောက်မှာ ၀ပ်ပြီး အောက်ကျို့ပြီး မနေနိုင်ပါဘူး။ အိမ်ပြန်ချင်တဲ့နေ့ ရအောင် ပြန်ကြမယ်။ ကျုပ်တို့ ကတော့ …” တဲ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts