>1990 election in Myitkyina

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

၁၉၉ဝ ရွေးကောက်ပွဲ မြစ်ကြီးနား ဒိုင်ယာရီ

ဥတ္တရမွန်း

သြဂုတ် ၂၉၊ ၂၀၀၈

          ၁၉၉ဝ ပြည့်နှစ် မေ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ ပါတီပေါင်းစုံ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့တယ်ဆိုတာ အားလုံးမှတ်မိကြမှာပါ။ အဲဒီနေ့ရောက်ရင် ကျနော် ဖိုးဖိုးကို သတိရတယ်။ အဲဒီနေ့ဟာ ဖိုးဖိုးရဲ့ ပထမဆုံးနဲ့ နောက်ဆုံးသော လွတ်လပ်တဲ့ ဆန္ဒမဲထည့်ပိုင်ခွင့်ရခဲ့သလို၊ ကျနော့်အတွက်လည်း ပထမဦးဆုံးသော လွတ်လပ်စွာ မဲပေးခွင့် ရရှိခဲ့သောနေ့တစ်နေ့ ဖြစ်ပါတယ်။

          ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ်ကတည်းက ဖိုးဖိုးကို ကျနော် တဖွဖွမှာခဲ့တာ မှတ်မိသေးတယ်။ ကျနော်ကဖိုးဖိုးကို “ဖိုးဖိုး … မမေ့နဲ့နော်၊ ခမောက်အဖွဲ့ကို ထည့်ရမယ်နော်” လို့ အကြိမ်ကြိမ်မှာခဲ့တယ်။ ဖိုးဖိုးကလည်း  “အေးပါ အေးပါ … ငါမမေ့ပါဘူး၊ ခမောက်ကိုပဲ ထည့်မှာပါကွာ”တဲ့။ အဲဒီ သမိုင်းဝင်ရွေးကောက်ပွဲကို မသိမမီလိုက်တဲ့ လူငယ်များကိုလည်း သိစေချင်ပါတယ်။ ရွေးကောက်ပွဲမှာ ‘ခမောက်’ ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့မဟုတ် NLD (National League for Democracy)  ကို ကိုယ်စားပြုတဲ့ ရွေးကောက်ပွဲဝင် သင်္ကေတဖြစ်ပါတယ်။

          ရွေးကောက်ပွဲနေ့မနက်ခင်းမှာ ကျနော် မဲရုံမှာ မဲအရင်သွားထည့်တယ်။ ခမောက်တံဆိပ်ကို သေသေချာချာ တံဆိပ်ခတ်ခဲ့ပြီးတော့ အိမ်ပြန်ပြီး ဖိုးဖိုးကို မဲထည့်ဖို့ ခေါ်တယ်။ ဖိုးဖိုးက အဲဒီတုန်းက အသက် ၈ဝ ဝန်းကျင်ရှိနေပြီ။ လက်တစ်ဖက်က သူအမြဲသုံးနေကျ တုတ်ကောက်လေးကိုင်၊ ကျန်တစ်ဖက်ကို ကျနော်ကတွဲပြီးတော့ မဲရုံကို သွားကြတယ်။ လမ်းတလျှောက်လုံးပါမက မဲရုံထဲကို ဝင်ခါနီးအထိ ဖိုးဖိုးကို ခမောက်အသင်းကို ထည့်ဖို့ မမေ့အောင် ထပ်တလဲလဲ မှာနေပြန်တယ်။ “အေးပါကွာ၊ ငါသိပါတယ်” လို့ ဖိုးဖိုးက ပြောပြီး ပြုံးနေတယ်။ မဲရုံက ဖိုးဖိုးထွက်လာတော့လည်း “ဖိုးဖိုး … ခမောက်ကို သေချာတံဆိပ်နှိပ်ခဲ့တယ်နော်” လို့ ကျနော်က မေးပြန်တယ်။ ဖိုးဖိုးက “အေးပေါ့ … ခမောက်ကိုပဲပေါ့” တဲ့။ ကျနော် ကျေနပ်သွားတယ်။

          အဲဒီတုန်းက ရွေးကောက်ပွဲဟာ လိမ်လည်မှုမရှိဘူး၊ လွတ်လပ်တယ်၊ တိကျတယ်။ မဲရေတွက်တဲ့အခါမှာလည်း ပြည်သူအများရှေ့မှာပဲ။ နောက်ပြီး ပါတီအသီးသီးရဲ့ အဖွဲ့ဝင်တွေကလည်း မဲရေတွက်နေရာမှာ စောင့်ကြည့်နေကြတယ်။ ရွေးကောက်ပွဲပြီးတော့ ညနေခင်းမှာ စက်ဘီးတစ်စီးနဲ့ ကျနော် ရပ်ကွက်အနှံ့သွားပြီး မဲအရေအတွက်စာရင်း လိုက်စုံစမ်းပြန်တယ်။ ရှမ်းစုမြောက်၊ ရှမ်းစုတောင်၊ ကချင်စု၊ ကျွန်းပင်သာ၊ အေးစေတီ၊ မြို့မ၊ အောင်နန်း … အစရှိတဲ့ရပ်ကွက်တွေကို မမောပန်းနိုင်ပဲ သတင်းသွားစပ်စုတော့တာပဲ။ နေရာတိုင်းလိုလိုမှာ ခမောက်အဖွဲ့က အနိုင်ရတာကို ကြားရတော့ သိပ်ဝမ်းသာ ရင်ခုန်ခဲ့ရတယ်။ ညဘက်မှာလည်း ရေဒီယို ထပ်နားထောင်ပြီး ရွေးကောက်ပွဲရလဒ်သတင်းတွေကို နားစွင့်ပြန်တယ်။ အရမ်းပျော်တာပဲ၊ ကြားရသမျှ ခမောက်အသင်းကပဲ အပြတ်သတ် အနိုင်ရတာပါပဲ။ အဲဒီတုန်းက ခံစားချက်တွေက မဖော်ပြတတ်အောင်ပါပဲ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီအရုဏ်ဦးကို ကျနော် မြင်တွေ့ခဲ့ရပါတယ်။ 

          တိုင်းပြည်သိ၊ ကမ္ဘာသိ မြန်မာပြည်ကို ဒီမိုကရေစီစံနစ်သို့ ကူးပြောင်းစေတော့မယ့် မေ ၂၇ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲထည့်နိုင်ခွင့်ရှိသူ လူဦးရေ ၂ဝ၈၁၈၃၁၃ မှာ လူဦးရေ ၁၅၁၁၂၅၂၄ (၇၂့  ၅၉ ရာခိုင်နှုန်း) မဲထည့်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ လွတ်တော်ကိုယ်စားလှယ် ၄၈၅ နေရာအနက် ၃၉၂ နေရာ (၈၇့  ၆၉ ရာခိုင်နှုန်း) ကို ခမောက်အဖွဲ့ သို့မဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။  မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှာ ဦးမြမောင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) နဲ့ မဲဆန္ဒနယ် အမှတ်(၂)မှာ ဦးဦးဗျစ်တူး (ကချင်ပြည်နယ် ဒီမိုကရေစီ ကွန်ဂရက်)တို့ အရွေးခံခဲ့ကြပါတယ်။

          အခုဆိုရင် ၁၉ နှစ် နီးပါးတောင် ကြာခဲ့ပါပြီ။ ကျနော်သိပ်ချစ်တဲ့ ဖိုးဖိုးလည်း မရှိတော့ပါဘူး။ အဲဒီတုန်းက ဆန္ဒမဲတွေဟာ ပြည်သူ ၁၅ သန်းကျော်တို့ရဲ့ စစ်မှန်တဲ့ အသည်းကြားက မဲပြားတွေပါ။  ဒါပေမယ့်လည်း အားလုံးသိကြတဲ့အတိုင်း အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာစစ်အာဏာရှင်တွေက ကနေ့အထိ အသိအမှတ် မပြုရဲသေးပါဘူး။ အချိန်တွေဆွဲ၊ အကြောင်းအမျိုးမျိုးပြ၊ လမ်းပြမြေပုံ ၇ ချက် ဖန်တီး၊ အခြေခံဥပဒေမူ ဆန္ဒခံယူပွဲ အတင်းအဓမ္မလုပ်၊ လာပြန်တော့မယ် ရွေးကောက်ပွဲတခါ စတဲ့ အရေးမပါတာတွေနဲ့ နိုင်ငံကို ခေတ်နောက်ပြန်ဆွဲ မွဲဆေးအစွမ်းကုန် ဖော်နေကြလေရဲ့။

          တခါတလေ တွေးမိတိုင်း လွမ်းသလိုလိုတော့ ရှိသေးတယ်။ ကျနော့်အတွက်တော့ နောက်ရွေးကောက်ပွဲတစ်ခု ထပ်မလိုအပ်တော့ပါ။ သမိုင်းဝင် ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည်သာ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒအစစ်အမှန် ဖြစ်ကြပါတယ်။ ပြည်သူတွေက တာဝန်ကျေခဲ့တယ်။ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်ဆိုခဲ့တဲ့ စစ်အာဏာရှင်တွေသာ တတိုင်းပြည်လုံးကို လိမ်ညာခဲ့ပြီး ကတိပျက်ခဲ့တာပါ။

          ဘာပဲဖြစ်ဖြစ် ၁၉၉ဝ ပြည့်နှစ် မတ်လ ၂၇ ရက်ရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းဝင်ဖြစ်သွားပါပြီ။ ဘယ်သူမှ ဘယ်လိုမှ ဖျက်ပစ်လို့ မရတော့ပါ။          

ကိုးကား – ခင်ကျော်ဟန် (ရေနံချောင်းမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ၏ ရွေးကောက်ပွဲမှတ်တမ်း (၂ဝဝ၆)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts