>Moe Cho Thin – From Rio Hondo College to Rangoon University

>

ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့

မိုးချိုသင်း

သြဂုတ် ၁၈၊ ၂၀၀၈

ကိုယ် ဒီကိုရောက်စ က မအူမလည်နဲ့မို့ အလုပ်လဲ မ၀င်သေးတော့ အဖေက ကျောင်းတက်၊ ကျောင်းတက် ဆိုပြီး ပြောပါတယ်။ ဒါနဲ့ အိမ်နဲ့ သိပ်မဝေးတဲ့ Rio Hondo Community College လေးမှာ အင်္ဂလိပ်စာ နဲ့ ဘူမိဗေဒ သွားတက်လိုက်သေးတယ်။

ကိုယ်တက်ခဲ့တဲ့ကျောင်းလေးက ချစ်စရာ။ စိမ်းနေတဲ့ တောင်ကုန်းလေးပေါ်မှာ..။ တောင်အောက်ကနေ ကျောင်းသူကျောင်းသားတွေကို ဖယ်ရီကားလေးတွေနဲ့ တောင်ပေါ်က ကျောင်းကို ခေါက်တုံ့ခေါက်ပြန် သယ်ပို့ပေးတယ်။ ကျောင်းလေးက မကျယ်ဝန်း၊ မခမ်းနားလှပါဘူး။ တောင်ပေါ်မှာဆိုတော့ ရှုခင်းလေးတွေ လှတယ်။ လေကောင်းလေသန့်လေး ရတယ်။

စာကြည့်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ကိုယ်နဲ့အဖေ အမြဲထိုင်လေ့ရှိတယ်။ ဘာလို့လဲဆိုတော့ အယ်လ်အေမြို့ကြီးကို အပေါ်စီးကနေ လှမ်းမြင်လို့ ရတယ်လေ။ ညဖက်ဆိုရင် တောင်ပေါ်ကနေ ကားနဲ့ဆင်းလာရင် အဲဒီမြင်ကွင်းကို ကိုယ်မကြည့်ငေးဘဲ မနေနိုင်ဘူး။ မီးရောင်လေးတွေက ပြိုးပြိုးပြက်ပြက် နဲ့။ မြို့ပြနဲ့တူတဲ့ တိုက်အမြင့်ကြီးတွေမရှိ၊ ရဲတင်းတောက်ပြောင်တဲ့ နီယွန်ဆိုင်းပုဒ်တွေ မရှိ၊ လမ်းမီး အိမ်မီးလေးတွေချည်း မှိတ်တုပ် မှိတ်တုပ်နဲ့ ဗမာပြည်က တောမြို့လေးတခုနဲ့ ပိုတူတယ်။

အဲဒီတုန်းက ကျောင်းသွားမယ် ဆိုတာနဲ့ ကိုယ်က စာအုပ်တွေပါတဲ့ အိတ်ကိုလွယ်၊ အဖေကလဲ ကချင်လွယ်အိတ်ကို ကောက်လွယ်တော့တာပဲ။ ကိုယ့်အမျိုးသားက အလုပ်သွား၊ ကိုယ်တို့နှစ်ယောက်က ကျောင်းသွားပေါ့။ မနက်ကတည်းက သွားလိုက်တာ ကိုယ်က အတန်းတွေ ပြေးတက်လိုက်၊ အတန်းအားချိန်လေးမှာ စာကြည့်တိုက်နားမှာ စောင့်နေတဲ့ အဖေ့ဆီ ပြေးသွားလိုက်။ စကားပြောလိုက်၊ ရှုခင်းကြည့်လိုက်၊ အဖေက တခါတလေ ခုံတန်းလျားလေးမှာ စာအုပ်လေးဖွင့်ပြီး ကဗျာစပ်လို့။

ကိုယ်တို့ သားအဖကို တကျောင်းလုံး သိကြပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူများနဲ့ မတူ၊ ထူးဆန်းနေတာကိုး။ ဒီအရွယ်၊ ဒီကျောင်းမှာ ဘယ်သူမှ မိဘ မလိုက်တော့တာရော၊ အဖေက ပုဆိုးပဲ အမြဲဝတ်တာမို့ သူတို့အမြင်မှာ ထူးဆန်းနေပါလိမ့်မယ်။ ဘယ်တိုင်းပြည်ကလဲ၊ ဘာလူမျိုးလဲ လာ လာမေးတတ်တယ်။ ယောကျာင်္းကြီးက စကပ်လိုလို ဘာလိုလိုကြီး အမြဲဝတ်ထားပြီး ကချင်လွယ်အိတ်တလုံးကလဲ အမြဲပုခုံးမှာ ချိတ်လို့။ သမီးကလဲ ပုံတုံးတုံး၊ သူတို့သားအဖ နှစ်ယောက်ပဲ စကားပြောလိုက်ကြ၊ ရီလိုက်ကြနဲ့။

အခု Fall ရာသီ ရောက်တော့မှာမို့ အဲဒီအချိန်တွေကို ပြန်သတိရမိပြီး အဲဒီတုန်းက အဖေ စပ်ခဲ့တဲ့ ကဗျာလေးတပုဒ်ကို အမှတ်တရ တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်လိုက်ပါအုံး။

Sample Image

ရီယိုဟွန်ဒို မှ ရန်ကုန်တက္ကသိုလ် သို့

တင်မိုး

၁၇၊ ၈၊ ၂၀၀၄

ရီယိုဟွန်ဒို ကောလိပ်…တဲ့

တောင်ထိပ်က ထန်းပင်

ပန်းနုရောင်လွင်လွင် ပန်းပင်တွေနဲ့

လွမ်းချင်စရာ တက္ကသီလာ။

သမီး ချိုကလေး နဲ့

ခရီးတို ပြေးပြီး

ဟို အဝေးက ပြာမှိုင်းမှိုင်းနဲ့

မြူခြေတွေက ခပ်ဆိုင်းဆိုင်း

စစ်ကိုင်းတောင်ကို သတိရ

မန္တလေးတက္ကသိုလ်ကိုလဲ သတိရနဲ့

လွမ်းစတွေ ငင်

လွမ်းကြိုးမျှင် စောင်းခတ်

ကျောင်းပတ်ပတ်လည် ခံစားပြီး

ကျောင်းတံခါးကို ၀င်ခဲ့တယ်။

ရန်ကုန်တက္ကသိုလ်မှ ရီယိုဟွန်ဒိုကောလိပ်သို့

သမီးကလေးချို ပညာသင်တော့

အကြင်နာဝင်တဲ့ ဖခင်ပါလိုက်ပြီး

စာကြည့်တိုက်နား ရစ်သီ ရစ်သီ

ရင်ပြင်ဆီ ရစ်ဝဲ ရစ်ဝဲ နဲ့

အကဲ တခတ်ခတ်

အသည်း တဖျတ်ဖျတ်နဲ့

အမြဲမပြတ် စောင့်ကြည့်နေမိတယ်။

ပီဇာ ဟမ်ဘာဂါ မုန့်ဆိုင်မှာ

သားအဖ နှစ်ယောက် အပြိုင် စား

ခုံတန်းလျားမှာ ခဏနားပြီး

ကျောင်းသားဘ၀ ပြန်လည်ရသလိုလို။

တို့ နိုင်ငံ တို့ တက္ကသိုလ်မှာ

နုပျိုသူ ငယ်ရွယ်သူကလေးတွေကို

ပိုးမွေးသလို မွေးပါ့မလား။

တို့အရေး တွေ ဟစ်အော်

တကြော်ကြော် တောင်းဆိုရင်း

ကျောင်းထဲကို မရောက်

မြောင်းထဲကို ရောက်သွားကြလေရော့သလား။

မနက်ကြည်ကြည်မြ အချိန်မှာ

မျက်ရည်ကျမိပါတယ် သမီးလေးရယ်။

မြန်မာအပေါင်း၊ ကံကြမ္မာ ကောင်းပါစေလို့

ကျောင်းရိပ်မှာ ဒေါင်းနိမိတ် တမြင်မြင်နဲ့

ဆုပန်ဆင်ပါရစေတော့ ။ ။

အဖေ့ အရိုးပြာအိုးလေးကို အဖေသဘောကျတဲ့ အဲဒီကျောင်းလေးနားက Rose Hill ဆိုတဲ့ တောင်ကုန်းလေးပေါ်မှာ ထားထားပါတယ်။ တနေ့ မြန်မာပြည် ငြိမ်းချမ်းရင် အဖေ့ကို အိမ်ပြန်ပို့မယ်လေ။ အခုတော့ ဧည့်သည်ကြီး အိမ်မပြန်နိုင်ရှာသေးဘူး..။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts