>China Olympic to close with protests at the bay area

>

တရုတ်အိုလံပစ်ကို ဆန္ဒပြပွဲဖြင့် ပိတ်မည်၊ ဘေးဧရိယာ မြန်မာများ ပြင်ဆင်
မိုးမခ အထောက်တော် ၀၀၂
သြဂုတ် ၁၈၊ ၂၀၀၈

တရုတ်အစိုးရနှင့် အပေါင်းအပါများက အိုလံပစ်ပွဲတော်ကို အကြီးအကျယ် အောင်ပွဲခံ ဖွင့်လှစ်ပြီး ကျင်းပနေချိန်တွင် ဆန်ဖရန်စစ္စကိုမြို့နှင့် ဘာကလေမြို့လမ်းများပေါ်တွင် တိဗက်လွတ်မြောက်ရေး လှုပ်ရှားသူ ၂၀၀ ခန့်က တိဗက်အလံများ လွှင့်ထူပြီး နေ့စဉ်ချီတက် ဆန္ဒပြလျက်ရှိသည်။

မြန်မာသံဃာတော်များကို အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးသမား၊ လူ့အခွင့်ရေးသမားနှင့် စာနယ်ဇင်းသမားများ ၁၀၀၀ ကျော်ကို ဖမ်းဆီးခြင်းတို့ ကျုးလွန်ထားသော မြန်မာစစ်အာဏာပိုင်များဖက်က အမြဲတမ်း မဟာမိတ်အဖြစ် ရပ်တည်ပေးနေသူ တရုတ်အစိုးရကို ကန့်ကွက်သောအားဖြင့် တရုတ်အိုလံပစ် ပိတ်ပွဲတွင် လူ့အခွင့်အရေးလှုပ်ရှားသူ အစုအဖွဲ့များနှင့် လက်တွဲပြီး ကန့်ကွက်ဆန္ဒပြပွဲတရပ်ကို ဆန်ဖရန်စစ္စကို တရုတ် ကောင်စစ်ဝန်ရုံးရှေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ဘေးဧရိယာအခြေစိုက် မြန်မာအမေရိကန် ဒီမိုကရေစီရေး မဟာမိတ်အဖွဲ့ (BADA) က ကြေငြာချက် ထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ၏ နိုင်ငံရေး မျက်နှာစာ၊ လူအခွင့်အရေးမျက်နှာစာတို့တွင် တရုတ်အစိုးရက စစ်အာဏာရှင်နိုင်ငံများ၊ တပါတီအာဏာရှင်နိုင်ငံများတို့ဖက်မှ အမြဲတစေ ကာကွယ်ပြီး ရပ်တည်ချက်များကြောင့်၎င်း၊ မိမိနိုင်ငံသားများနှင့် အိမ်နီးချင်း နိုင်ငံများကို အကြမ်းဖက်တိုက်ခိုက်သော အစိုးရများ၊ အဖွဲ့အစည်းများကို တရုတ်စစ်လက်နက်များကို နည်းမျိုးစုံဖြင့် ရောင်းချ စီးပွားရှာနေမှုများကြောင့်၎င်း တရုတ်အစိုးရကို ကန့်ကွက်ရှုတ်ချရန် လူသားချင်းစာနာသော အစုအဖွဲ့များက အစဉ်ကြိုးပမ်းခဲ့ကြရာ ယခုလတ်တလော တိဗက်ဒေသ တရုတ်အစိုးရ အကြမ်းဖက်နှိမ်နင်းမှုများကြောင့် ဆန္ဒပြပွဲများမှာ အရှိန်ရလျက်ရှိသည်။ တရုတ်အစိုးရ၏ နိုင်ငံတကာတွင် ကိုယ်ကျိုးဦးစားပေးမူဝါဒ ရပ်တည်ချက် သိက္ခာတက်စေရန် အိုလံပစ်ပွဲတော်ကို အကြီးအကျယ် ပြင်ဆင်ပြီး ဆင်နွဲခဲ့ရာ၊ ဆန့်ကျင်သူများကလည်း ထိုပွဲတော်အရှိန်အ၀ါဖြင့် တရုတ်အစိုးရကို သိက္ခာကျစေရန် ကြိုးစားလျက်ရှိသည်ကို တွေ့ရသည်။

ထိုအိုလံပစ်ပိတ်ပွဲ ဆန္ဒပြရာတွင် စီစဉ်သူ BADA အဖွဲ့အနေဖြင့် ပြည်တွင်းက မြန်မာကာတွန်းပညာရှင်များ၏ တရုတ်အိုလံပစ်ပွဲအပေါ် ထင်မြင်ချက် အာဘော်ကာတွန်းပုံများကို ကောက်နုတ် ချိတ်ဆွဲပြီး ကန့်ကွက်မှုများ ပြုလုပ်ကြမည် ဖြစ်သည်။ ထိုကာတွန်းများမှာ မိုးမခ အင်တာနက်စာမျက်နှာများတွင် ဖော်ပြခဲ့ပြီး မိုးမခ သတင်းအဖွဲ့က ပြည်တွင်းအနုပညာရှင်များကိုယ်စား တာဝန်ယူ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ BADA အဖွဲ့၏ ၀က်ဆိုက်မှာ သွားကြည့်နိုင်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts