ဒါ့အပြင် ကျမတို့ ခေတ် မှာ လက်လှမ်းမမှီနိုင်တော့ တဲ့  ရှားပါး စာအုပ်တွေ၊ အကြောင်းအရာတွေကို ကိုယ်တိုင်ဖတ်ရတဲ့  သူတွေက” အစားကောင်းများစားရရင် ချစ်ခင်သူတွေကို ပါ စားစေချင်တယ်”ဆိုတာ မျိုး …..သူတို့ ဖတ်ရတဲ့ စာကောင်း တွေကို ကိုယ့်စရိတ်နဲ့ ကိုယ် အများတကာ ဖတ်နိုင်ဖို့ အတွက် ၀ါယမတွေ စိုက်ထုတ်ပြီး မျက်နှာ စာအုပ်မှာတင်လာကြတယ်။
အဲဒီလို ကိုယ်လည်း လက်လှမ်းမမှီ တဲ့ စိတ်ဝင်းစားစရာ ကောင်းတဲ့အကြောင်းတွေကို များ ဖတ်လိုက်ရပြီ ဆို စိတ်ထဲမှာ ကျေနပ် မိယုံတင် မကပဲ အဲဒီလိုကျေးဇူးပြုသူတွေကို ကိုယ့် မှာကျေးဇူးတွေ အတိုင်းမသိ တင်မိရသေးတယ်။ မသိသေးတာသိလိုက်ရလို့ ကျေနပ်တဲ့  စိတ်ခံစားမှု့ ရသလို သိပြီးသားကို ဖတ်လိုက်ရပြန် တော့ လဲ အသစ် လို တခါ ခံစား လိုက်ရ လို့ နှစ်သက်ပီတိစိတ် လေး ဖြစ်ရပါတယ်။
အထူးအားဖြင့်တော့ တိုင်းပြည်ရဲ့ လွပ်လပ်ရေး ခေါင်းဆောင်၊ ဗိသုကာ ဗိုလ်ချုပ်ရဲ့ အရည်အချင်းတွေ၊ ကိုယ်ရည် ကိုယ်သွေးတွေ၊ စိတ်ထားမူဟန် အကြောင်းတွေ ရေးထားတာ တွေ ကို ဟိုး အရင် နှစ် တွေ မှာ မမြင်ခဲ့ ရ မဖတ် ခဲ့ ရ သမျှ ဒီနှစ် မှာ တနေရာရာ ကနေ ဖတ်လိုက်ရ နဲ့ ဆို တော့ …. တိုရေရှားရေနိုင်လွန်း လှတဲ့ သတင်းစာကြီး များ ဆီ အဖက်လုပ်ဖို့ မပြောနဲ့ အဖျားတောင် မသီတော့ တဲ့ ကိုယ့်အဖြစ်ကို နဲနဲမှတောင် အားနာပါးနာ မခံစားရတော့ တာလဲအမှန်။
ကိုယ်လိုပဲ တခြားသူတွေ လဲ ဟိုက ဖတ်ရ၊ ဒီက ဖတ်ရ နဲ့ ဗိုလ်ချုပ်ရဲ့ အကြောင်းတွေ၊ အာဇာနည် နေ့ နဲ့ ဆိုင်တဲ့  အကြောင်းတွေ ကို တော်တော် စုံစုံလေးသိလောက်ပြီ ထင်ပါရဲ့ ။ ဗိုလ်ချုပ် ရဲ့ ခမ်းနား ကြီးကျယ် မြောက်များ လှစွာသော ဂုဏ်ပုဒ်တွေ ကို ကြည်ညိုလေးစား တဲ့ ကျမ ကလည်း ကျမ တခါသာ နားနဲ့ ဆတ်ဆတ်ကြားဖူး ပေမဲ့ အခုထိတောင် မမေ့နိုင်တဲ့ ဗိုလ်ချုပ်ရဲ့  ရိုးဂုဏ်နဲ့ ပတ်သက်တာ လေးတွေ ကို ပြန်ပြီး ဖောက်သည် ချချင်လာတယ်။
အချိန်ကာလ ကို ခန့် မှန်းပြီး ပြောရရင်တော့ ၈၄-၈၅ လောက်လို့ တော့ ထင်တာပဲ။ အဲဒီတုန်း က ကျမ က စွယ်တော်ရိပ် ကျောင်းတော်ကြီး ရဲ့  ဒုတိယနှစ် ကျောင်းသူပေါ့။ ကျမတို့ ခေတ်တွေတုန်း က နိုင်ငံရေးသိပ္ပံ ဘာသာ ကို ယူကြရတယ်။ အဲဒီခေတ် က မဆလ လို့ ကျမတို့ ခေါ်ကြတဲ့  မြန်မာ့ ဆို ရှယ်လစ်လမ်းစဉ် ပါတီ ခေတ်ပေါ့။ တနေ့ မှာ တော့ အဲဒီဘာသာအတန်းချိန်မှာ ဆရာ သင်နေတဲ့ အပိုင်းက အဲ့ ပါတီ ရဲ့ ကောင်းခြင်း ဂုဏ်အင် တွေ အကြောင်း သင်နေတဲ့ အချိန်။ အဲ့ စံနစ်ကြီး က အင်မတန်ကောင်းပြီး အောင်မြင် ရင် အဲဒီရဲ့ အသီး အပွင့် တွေ ကို တိုင်းပြည်ရဲ့ ပြည်သူ ပြည်သားတွေက ခံစားရမယ်ဆိုပဲ။
အတန်းတက်ချိန် က လဲ နေ့ လည်စာ စားအပြီး ဆို တော့ ဆရာ့ လက်ချာတွေ နားထောင်ရင်း မျက်လုံးတွေက ပိတ်ချည် ဖွင့်ချည် နဲ့ ထမင်းလုံးစီ လို့ ကောင်းချိန်။ ဆရာ ပြောတဲ့ အသီးအပွင့် ကို မျက်လုံးလေးစင်းပြီး မှန်းခံစားနေတုန်း..ဆရာ က ဆက် ပြောလိုက်သေးတယ်။ မှန်လိုက်တာ နော် တဲ့ .. အဲ့ အသီးအပွင့် တွေကို ပြည်သူများထဲ မှ တဦး ဖြစ်သော ငါ့၏ဇနီးမယား။ ပြည်သူများထဲ မှ တဦး ဖြစ်သော ငါ့၏ သားသမီးများ ခံစားရမယ်…ကဲ မမှန်ဖူးလားတဲ့ ..
ကျမတို့ လည်း ..စင်းနေတဲ့ မျက်လုံးတွေ..ချက်ချင်း ကျယ်သွားကြတာပေါ့။ အဲ့ ဆရာ ဘယ်လို ဖြစ်သွားတာပါလိမ့်။….ဒါမျိုး စိတ်ထဲ ရှိရင်တောင် ..ကိုယ့်ချင်းကိုယ့်ချင်းလောက်ပဲပြော ရဲ တဲ့ အချိန်… ဒီလို ဘာသာကို သင်ရတဲ့ သူ ဆိုတာ ..အဲဒီပါတီရဲ့ တင်းပြည့် ကျပ်ပြည့် ထက်ပိုတဲ့ သူတွေ… ဘရိန်းတွေ ကို အမြဲတန်း အသစ်ချပ်ချွှတ် ဖြစ် အောင် ခဏ ခဏ သင်တန်းအမျိုးမျိုးနဲ့ သံသယချေးတွေ တက်မလာဖို့ လုပ်ထားခံရတဲ့သူတွေ..ဆိုတော့..
ဆရာ က အရှိန် ရတော့ ဆက် ပြောသေးတယ်။ မင်းတို့ သိလားတဲ့ ။ ဗိုလ်ချုပ်အောင်ဆန်းဟာ တနေ့  ထမင်းစားပွဲ တခုမှာ စားရင်း ချွေးတွေပြန်နေတာမို့ သူ့ တပည့်တွေ က ဗိုလ်ချုပ်ရဲ့ အပေါ်ဝတ် အင်္ကျီ ကိုချွတ်ဖို့  ပြောတယ်။ ဗိုလ်ချုပ်က မကြားသလို ဆက်ပြီးနေနေတော့ မနေသာတဲ့  တပည့်က အင်္ကျီ ကို ကူပြီး သဘောမျိုး ချွတ်လိုက်သတဲ့ ။ အဲ ဒီမှာ အား လုံးဟာ အသံတွေ တိတ်သွား ပြီး ငြိမ်ကျ သွားကြတယ်။ ဗိုလ်ချုပ်ကတော့ ဘာမှမဖြစ်တဲ့ ပုံ နဲ့ အေးအေးဆေးဆေး ပဲ ပြန်ပြောလိုက်တယ်။ ငါ့အတွင်း အင်္ကျီ က ပြဲနေတာမို့ မင်းတို့ ကို မချွတ်ကြဖို့ ငါပြောတာ။ မင်းတို့ က နားမှမထောင်ပဲ ကိုး။ ပြီးတော့ အေးအေး ဆေးဆေး ပဲ ဆက် စားနေသတဲ့ ။ ဆရာ က ဆက်ပြီး …မှာလိုက်အုံးမယ်နော်။ မတော်လို့များ မင်း တို့ တွေ ၀န်ကြီး တွေ ဘာတွေနဲ့  များ ဆုံ လို့  သူ့ တိုက်ပုံ တွေ ဘာတွေ ကို ချွတ်ဖို့ လည်းမလုပ်လိုက်နဲ့  အုံး။။တော်နေ..ဗိုလ်ချုပ်လို .. အင်္ကျီ ပြဲ မတွေ့ ရ ပဲ အင်္ကျီအောက်မှာ ရွှေပြားကြီးများ ကပ်ထားတာ တွေ့ နေရင် ခက်နေ အုံးမယ်တဲ့ ။။။။
အဲဒီဆရာ့ ဆီ က ရှားရှားပါးပါး တခါလောက်သာ ကြားဖူး ခဲ့ရပေမဲ့  တိုင်းပြည့် အာဇာနည် တယောက်ရဲ့  အစွမ်းကုန် ရိုးသားမှု့  ကို လက်ရှိ အာဏာရှိသူတွေရဲ့  အလွဲသုံးစား ဖောက်ပြန်မှု တွေနဲ့ ယှဉ်တွဲပြီး ကြားလိုက်ရတော့ ဘယ်တော့မှ မမေ့နိုင်လောက်အောင် အသဲထဲ စွဲပြီး ကျန်ရစ်ခဲ့တာပေါ့။
အဲလို ပဲ ..”ကြည်.. ပဲပြုတ်နံပြားစားချင်တယ်”… ဆိုတဲ့ ဗိုလ်ချုပ်ရဲ့ တောင့်တ ချက်ဟာ သူ့ ရဲ့ ရိုးဂုဏ် ကို အမြင့်ဆုံး ညွှန်ပြလိုက် တဲ့ ဗိုလ်ချုပ်ရဲ့  ကိုယ်တိုင်ရေး စာ တို လေး ပါပဲ။ ပဲပြုတ်နံပြားဆိုတာ ဘိုင်ကျ သူတွေတောင် အသာလေး တတ်နိုင်တဲ့ ခေတ်မှာ ..အာဏာ ပါဝါ အပြည့် ရှိသူ တယောက်ရဲ တောင့်တချက် လိုအင် က အင်မတန်မှ ရိုးစင်းလွန်းလှပါတယ်။
ကျမတို့ ရဲ့  ခေတ်မှာ ကုန်ဈေးနှုံးတွေ တရိပ်ရိပ် တက်လာ တော့. . ပဲပြုတ် တဆယ်သား ဈေး နဲ့ နံပြား တချပ်ဈေး ဟာ အခြေခံ လူတန်းစား တွေ အတွက် စဉ်းစားစရာ တွေ တောင် ဖြစ်လာနေပါပြီ။ အဲ ဒီ အချိန် မှာ ကျမ တို့ ရဲ့  မြန်မာစာ ဆရာမရဲ့  စိုးရိမ်ပူပန်ပြီး ပြောပြခဲ့တာကို လဲ အခုထိ အသည်းထဲ စွဲ နေပါသေးတယ်။
“ကြည်..ပဲပြုတ်နံပြားစားချင်တယ်” ဆိုတာ တို့ ဗိုလ်ချုပ်ရဲ့ ရိုးသားတာ၊ အလို ဆန္ဒ နဲ တာ ကို ပြတာ..ဒါပေမဲ့  အခုလို ဈေးတွေ တရိပ်ရိပ်တက်လာတော့ ပဲပြုတ် နဲ့  နံပြားဆိုတာ နောင်တချိန် မှာ လူဂုဏ်ထန်တွေ ရဲ့ အစာ ဖြစ်လာ နိုင်တော့ တော်နေ ကလေးတွေက တို့ ဗိုလ်ချုပ်ကို “တယ် ဂုဏ်မက် တဲ့ ဗိုလ်ချုပ်လို”့ ထင်မှာစိုးရိမ်မိတယ် တဲ့ ။
အခုတော့ အဲဒီ အချိန် ကနေ နှစ်ပေါင်း ၃၀ လောက်တောင် ထပ်ပြီး ကြာခဲ့ပါပြီ။ ကလေးတွေဟာ ကျမ တို့  စိုး ရိမ်ခဲ့သလို မျိုး “တယ် ဂုဏ်မက်တဲ့ ဗိုလ်ချုပ် “ လို့  မထင်ကြတဲ့ အပြင်…ဖုံးဖွက် ထားတဲ့  ဗိုလ်ချုပ်တို့ ရဲ့ ဂုဏ်ပုဒ်တွေ ကို တူးဆွ ဖော်ထုတ်လို့ ဗိုလ်ချူပ်တို့ အပေါ် ပိုပြီး ကြည်ညိုလေးစားတာ တွေကို မြင်ရ ကြားရ နေ တော့ စိတ်ထဲမယ် ကြည်နှုး အေးချမ်း ရတယ်။
အာဇာနည်တွေ ကျဆုံးခဲ့ တဲ့ အချိန်လေးကို နိုင်ငံတော် ကနေပြီး တရားဝင် ဥသြဆွဲ သံလေး အသံလွှင့် ပေးဖို့ ကိုတောင် အမျိုးမျိုး အကြောင်းတွေ ပြ.. တွန့် ဆုတ် နေတဲ့ အခုလိုချိန်မှာ ..ကိုယ်ထူကိုယ်ထ..ဥသြသံ တွေ လွှမ်းနေ အောင် ..ကိုယ်ထူကိုယ်ထ..ကိုယ့်အသိစိတ်နဲ့ အာဇာနည် ခေါင်းဆောင်တွေ ကို ဂုဏ်ပြုကြတာ အရိုသေ ပြုကြတာ….စတာတွေ ကို တိုးလို့သာမြင်ရ တော့ ..အင်မတန် ကိုစိတ်ကြည်နှုးမိ ၀မ်းမြောက်မိပါတယ်။
တကယ်တော့.. ရတနာ ဟာ ရတနာ ပါပဲလေ။
ဘာနဲ့ဖုံးဖုံး..ဘယ်လို ဖွက်ဖွက်…ဘာကြောင့်လုပ်လုပ်…ဖုံးသူ..ဖွက်သူ..လုပ်သူတွေသာ..ရုပ်ဆိုးရတာ..
တကယ်တော့.. ရတနာဟာ ရတနာပါပဲ…………………။
07-20-2013