>Htain Linn – Obligation

>

ကျေးဇူးရှိရင် သိတတ်ဖို့
ထိန်လင်း

သြဂုတ် ၁၅၊ ၂၀၀၈

ကျနော်က အတ္ထုပ္ပတ္တိတွေအကြောင်း၊ သမိုင်းအချက်အလက်တွေအကြောင်း ဖတ်ရတာ ဝါသနာပါပါတယ်။ ဒါကြောင့် နယူးယောက်မြို့အခြေစိုက် Barnes & Noble စာအုပ်တိုက်က ၂ဝဝ၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Great Inventions ဆိုတဲ့ စာအုပ်တစ်အုပ်ကို ဝယ်ဖြစ်ခဲ့ပါတယ်။ အဲဒီစာအုပ်က ခရစ်တော်မပေါ်ခင် နှစ်ပေါင်း ၂ သန်းကျော်လောက်ကနေ သက္ကရာဇ် ၂ဝဝဝ ပြည့်နှစ်အထိ ကာလအတွင်း လူသားတွေရဲ့ တီထွင်မှုတွေနဲ့ပတ်သက်လို့ သရုပ်ဖော်ပုံပေါင်းများစွာနဲ့ တင်ပြထားတဲ့စာအုပ်ပါ။ တီထွင်မှုသမိုင်းနဲ့ပတ်သက်လို့ လိုအပ်တဲ့အချိန်မှာ ကြည့်ရှုရှာဖွေနိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်ယူခဲ့ပေမယ့် အဲဒီစာအုပ်ရဲ့ မိတ်ဆက်အမှာကို ဖတ်လိုက်တာနဲ့ အတွေးတစ်ခု ဝင်သွားမိပါတယ်။ အဲဒါကတော့ ကျေးဇူးရှိသူတွေအပေါ်မှာ အသိအမှတ်ပြုဖို့ဆိုတဲ့ အတွေးပဲဖြစ်ပါတယ်။

မိတ်ဆက်အမှာစာမှာ အယ်ဒီတာတစ်ယောက်က အခုလိုရေးထားပါတယ်။

“ကျနော်တို့လူသားများဟာ ထူးခြားပြောင်မြောက်တဲ့ တီထွင်မှုစွမ်းရည်တွေ ရှိနေပါတယ်။ အဲဒီစွမ်းရည်တွေရဲ့ အကျိုးသက်ရောက်မှုကလည်း နေရာတိုင်းမှာ ရှိနေတာပါပဲ။ ခင်ဗျားလက်ထဲမှာ အခုရောက်နေတဲ့ စက္ကူရယ်၊ ပုံနှိပ်ထားတဲ့ ‘မင်’ရယ်၊ အဲဒီမင်ကို အသုံးပြုထားတဲ့ ပုံနှိပ်စက်၊ အဲဒီအရာတွေအားလုံးက တီထွင်မှုတွေကြောင့် ပေါ်ပေါက်လာခဲ့တာပါ။ အဲဒါတွေကို တစ်နေရာရာမှာ နေထိုင်ခဲ့သူ တစ်ယောက်ယောက်က တီထွင်ထားခဲ့တာပါ”တဲ့။ ဒီစာသားကလေးက အတိတ်က တီထွင်သူပညာရှင်တွေကို အမှတ်ရစေသလို ကျေးဇူးရှိသူကို ကျေးဇူးသိတတ်ဖို့လည်း တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

တကယ်ကျတော့ နောက်ပိုင်းလူတွေ ခံစားနေရတဲ့ ကောင်းကျိုးတွေဟာ အရင့်အရင် လူတွေရဲ့ ကြိုးစားအားထုတ်ခဲ့မှုတွေရဲ့ အကျိုးသက်ရောက်မှုတွေသာဖြစ်ပါတယ်။ ဒါက ဘယ်နေရာမဆို ရှိနေမယ့် သဘောတရားဖြစ်ပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဆိုရင်လည်း လွတ်လပ်ရေးအတွက် အသက်စွန့်ခဲ့ရတဲ့သူတွေအကြောင်း ပြောကြဆိုကြတဲ့အခါ ‘သူတို့က စွန့်သာ စွန့်ခဲ့ရတာ မစားကြရဘူး’လို့ တချို့လူတွေ ပြောတာကို သတိရမိပါတယ်။

တချိန်တည်းမှာပဲ မှတ်မှတ်သားသား ဖြစ်လိုက်တဲ့ ကိစ္စရပ်တစ်ခုက အတွေးထဲ ရောက်လာပါတယ်။ အဲဒါကတော့ ဗိုလ်မှူးအောင် ကွယ်လွန်စဉ်တုန်းက အဖြစ်အပျက်ပါ။

ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးအောင် ကွယ်လွန်တဲ့အချိန်မှာ မြန်မာအာဏာပိုင်တွေက သူ့မိသားစုဆီ ဝမ်းနည်းကြောင်း သွားပြောတဲ့ကိစ္စပါ။

တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို ကာကွယ်ဖို့ အာဏာကို ထိန်းသိမ်းထားတာပါလို့ ပြောနေသူတွေက တိုင်းပြည်လွတ်လပ်ရေးရဖို့ ကြိုးပမ်းခဲ့တဲ့ ကျေးဇူးရှင်တစ်ယောက်ကို အသိအမှတ်ပြုတဲ့အကြောင်း သွားရောက်ပြောကြားတာဖြစ်ပေမယ့် အဲဒီ ကာယကံရှင်က အသက်ရှင်လျက်မရှိတော့ပါဘူး။ ဒါကို တချို့က အကောင်းဘက်က ရှုမြင်နေကြပေမယ့် ကွယ်လွန်သွားတဲ့လူမို့လို့ ခုလို လုပ်သလားဆိုတာကလည်း စဉ်းစားကြည့်စရာပါ။

ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်အစိုးရလက်ထက်မှာပဲ ဗိုလ်မှူးအောင်ကို နှစ်နဲ့ချီပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။ သက္ကရာဇ် ၂ဝဝဝ လောက်တုန်းကလည်း ဗိုလ်မှူးအောင်ရဲ့မွေးနေ့ပွဲကို သွားလို့ဆိုပြီး ဂျာနယ်တစ်စောင် အပိတ်ခံရသလို အဲဒီဂျာနယ်ထုတ်ဝေသူကိုလည်း တခြားထုတ်ဝေခွင့်တချို့ ပိတ်ပင်ခဲ့ပါတယ်။ ဒါတွေက တကယ် လေးစားတဲ့လူနဲ့ပတ်သက်လို့ လုပ်သင့်တဲ့ကိစ္စတွေလားဆိုတာက စဉ်းစားကြည့်စရာပါ။

ကျနော့်ဆောင်းပါးရဲ့ ဆိုလိုရင်းက အဲဒီလို ဖြစ်ရပ်မျိုးတွေကို ဦးစားပေးပြီး ပြောလိုတာမဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်အတွက် ကျေးဇူးရှိတယ်လို့ ယူဆရတဲ့ ပုဂ္ဂိုလ်တွေကို ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေ ပြုလုပ်ဖို့၊ မစော်ကားမိဖို့ တိုက်တွန်းလိုတဲ့ သဘောသာဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ခံစားနေရတဲ့ အကျိုးကျေးဇူးတွေကို မမေ့လျော့ဖို့ပဲဖြစ်ပါတယ်။ ဒီထက် ပိုပြီးဖြစ်သင့်တာကတော့ ကိုယ်တိုင်က ကျေးဇူးဆပ်နိုင်တဲ့သူ ဖြစ်ဖို့၊ ကျေးဇူးပြုသူတစ်ယောက် ဖြစ်ဖို့ပါပဲ။ လူကြီးသူမတွေ မကြာခဏ ပြောလေ့ရှိတဲ့ ‘မိဘကို မသေခင် လုပ်ကျွေးပြုစုပါ၊ သေမှ မငိုပါနဲ့’ဆိုတဲ့ ဆုံးမစကားကိုလည်း သတိရလိုက်မိပါတယ်။

တကယ်ကျတော့ ကျနော်တို့ဘဝမှာ တိုက်ရိုက်ပတ်သက်တဲ့ ကျေးဇူးရှင်တွေ အများကြီးရှိသလို သွယ်ဝိုက်ပြီး ကျေးဇူးရှိသူတွေကလည်း တပုံတပင်ကြီးပါ။ ဥပမာအားဖြင့် ကျနော်တို့ရဲ့ မိဘတွေ၊ ဆရာ ဆရာမတွေ၊ တခြား အကူအညီပေးသူတွေက တိုက်ရိုက်ကျေးဇူးရှိသူတွေဖြစ်ပြီး ကျနော်တို့ နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့အရာတွေက သွယ်ဝိုက်ပြီးကျေးဇူးပြုသူတွေရဲ့ လုပ်ဆောင်ချက်တွေပါ။ ဒီလို အသုံးအဆောင် အရာဝတ္ထုပစ္စည်းတွေချည်းပဲလားဆိုတော့ မဟုတ်ပါဘူး။ လွတ်လပ်ရေး၊ အခြေခံအခွင့်အရေး အစရှိတဲ့အရာတွေကလည်း ထည့်သွင်းစဉ်းစားရမယ့်အရာတွေဖြစ်ပါတယ်။

အများလွတ်မြောက်ရေးအတွက် အသက်စွန့်ခဲ့တဲ့သူတွေကြောင့် တိုင်းပြည်တွေ လွတ်လပ်ရေး ရကြတယ်။ အုပ်ချုပ်သူတွေကို အနစ်နာခံပြီး တော်လှန်ခဲ့တဲ့ အလုပ်သမားတွေကြောင့် နောက်အလုပ်သမားတွေ အခွင့်အရေးရကြတယ်။ ဒါတွေက သမိုင်းမှတ်တမ်းတွေထဲမှာ အများကြီး ရှိနေခဲ့ပါပြီ။ မျက်မှောက်ကာလမှာ လုံ့လထုတ်နေသူတွေလည်း ရှိနေတာပါပဲ။

အဲဒီလို အနေအထားတွေကြားထဲမှာ ကျနော်တို့က ဘယ်နေရာမှာ ရှိနေတာလဲ။ ကျေးဇူးသိတတ်ဖို့ ကျေးဇူးဆပ်ဖို့ ကြိုးစားနေတာလား၊ ကျေးဇူးရှင်တွေကို မေ့ထားတဲ့သူတွေလား၊ ဒါမှမဟုတ် ကိုယ်က ကျေးဇူးပြုနိုင်သူဖြစ်နေပါလျက်နဲ့ မသိကျိုးကျွံပြုနေသူတစ်ယောက် ဖြစ်နေလား စတဲ့ မေးခွန်းတွေကို မေးမြန်းရင်း အကောင်းဆုံးလုပ်ရပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

တကယ်လို့များ နောင်တချိန်မှာ လူတွေက ကျေးဇူးရှင်တစ်ယောက်အဖြစ် သတ်မှတ်တာကို ခံရတဲ့လူတစ်ယောက်ဖြစ်အောင် ကိုယ်က လုပ်နိုင်မယ်ဆိုရင်တော့ မကောင်းပေဘူးလား။ ။

၁၅၊ ၈၊ ၂ဝဝ၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts