>Aye Myint and his arts

>

ပုံရေးသူနှင့် အကြောင်းအရာ စေတနာ
မောင်အေးမြင့် (မြန်မာမူ ဒီဇိုင်းသုတေသီ)

သြဂုတ် ၁၄၊ ၂၀၀၈

အနုပညာ (ဆယ်ထွေမက) ပန်းမျိုးအထွေထွေ ရှိသကဲ့သို့ ဖွဲ့နည်းဖွဲ့ဟန်၊ ရေးနည်းရေးဟန် (အနုပညာဒဿန) များကလည်း စုံလှပေသည်။ အနုပညာလောကကို ကြည့်မြင်ရာ၌ အရောင်စုံ၊ ပုံသဏ္ဍာန်စုံ၊ ပမာဏစုံ၊ ရနံ့စုံစုံနှင့် မြင်မဆုံးအောင် ကျယ်ဝန်းလှသော ပန်းဥယျာဉ်ကြီးသဖွယ် နှိုင်းယှဉ်ခံစား မိပါသည်။

မောင်အေးမြင့်သည် မိမိကိုယ်တိုင် ဖွဲ့နည်းမြင့်မြင့် ဖွဲ့နည်းစုံစုံ မကျွမ်းသော်ငြားလည်း နီးနီးဝေးဝေး၊ ကြီးကြီးငယ်ငယ်၊ ဟောင်းဟောင်း သစ်သစ်၊ စံကောင်းအနုလက်ရာ မှန်သမျှကို ကြိုက်နှစ်သက်သူဖြစ်ပါ၏။ အများနည်းတူ အနေကား အလေးထားခံစားတတ်သူဖြစ်ပါသည်။ အဟောင်းတိုင်းလည်း ကောင်းသည်ဟု မမြင်သကဲ့သို့ အသစ်တိုင်းလည်း ကောင်းသည်ဟု မယူဆပါ။ စံဟောင်းများကို ပြန်လည်ဖော်ညွှန်းတတ်၍ စံသစ်များကိုလည်း ကြိုဆိုတတ်ပါ၏။ စံဟောင်းကို ပြုသူများမှာ “လူ” များသာဖြစ်၍ စံသစ်ရှာသူ ပြုသူများလည်း လူများသာ ဖြစ်သည်။ မိမိလည်း လူ့အဖွဲ့အစည်းအတွင်းမှ လူတစ်ဦးသာဖြစ်ရာ လူ့သမိုင်း လူ့စွမ်းရည်၊ လူ့ဖန်တီးချက်၊ လူ့အကြောင်းအရာများကို အဓိက ထားမိပါသည်။ လူ့ယဉ်ကျေးမှု၊ လူတို့နှင့် ဆက်သွယ်နေသော အကြောင်းအရာက များလှဘိ။ ပြီးပြည့်စုံသည်တော့ မရှိပေ။

ပုံရေးခရီးသည် (၇၅) နှစ်ကျော် ဖြတ်သန်းခဲ့သည့် ခရီးတစ်လျှောက် တတ်စွမ်းသရွေ့ ပုံရှာ၊ ပုံရေး၊ ပုံပြုခဲ့ပါသည်။ လွန်ခဲ့သော (၂၅) နှစ်အတွင်း ပုံကွက်ပေါင်း (၅ဝဝ) ကျော် ပြုခဲ့သည့်အထဲမှ ဤဆောင်းပါးနှင့်အတူ သာဓကအဖြစ် ပုံ (၁ဝ)ကွက်ကို တင်ပြလိုက်ရပါသည်။

၁။ မြန်မာ့ရုပ်သေး

လောကအကြောင်း၊ ရာဇကြောင်း၊ ဓမ္မကြောင်းများ ပိုင်နိုင်ကာ မင်းနှင့် ပြည်သူတို့၏ နှလုံးသားကို ကိုင်လှုပ်နိုင်ခဲ့သော ရုပ်စုံသဘင်။ လူနှင့်အရုပ်တွဲကား ဇာတ်လမ်း မျိုးစုံဖြင့် ဖျော်ဖြေခဲ့လေသော ရုပ်စုံ ရုပ်သေးသည် အကြောင်းအမျိုးမျိုး ကွယ်ပျောက်လုလုရှိနေသည့် အခြေအနေကို စိုးရိမ်စိတ်စေတနာဖြင့် ၁၉၈၂ ခု၊ မတ်လ ရတနာမွန်တွင် ဖော်ညွှန်းခဲ့ဖူးပါသည်။

၂။ ဝသုန္ဓရေ ဤမြေသက်သေညွန်း

ဗုဒ္ဓဝင်တွင် ဗောဓိပင်နှင့် ရွှေပလ္လင်အောင်တော်မူခါနီး မာရ်စစ်သည်များ လာ၍တိုက်၊ ဗုဒ္ဓမြတ်စွာသည် ဘဝပေါင်းများစွာ ပါရမီတော်များ ဖြည့်ဆီးခဲ့ရာမှ နောက်ဆုံး ဝေသန္တရာဇာတ်တော်မှ ဒါနပါရမီကို ပထဝီမြေကြီး သက်သေညွန်းလေသည်။ ကြီးစွာသော မဟာပထဝီမြေကြီး တုန်ဟည်း သက်သေပြုလေရာ မာရ်စစ်သည်အပေါင်း ဆုတ်ခွာပျက်စီးကြလေသည်။ ထိုနေရာတွင် နှောင်းခေတ်အနုပညာရှင်တို့က ဝသုန္ဓရေ မြေစောင့်နတ်သား ဆံရေညှစ်၍ သက်သေပြုလေဟန် ဖန်တီးခဲ့ကြသည်။ ထိုင်းနိုင်ငံနှင့် အရှေ့ပိုင်းနိုင်ငံ တို့က မြေစောင့်နတ်သမီး (ဝသုန္ဓရီ) အဖြစ် ဖန်တီးရာ၌ ထိုင်လျက်အနေအထား ကိုယ်လုံးပေါ်ပေါ် ဆံရေညှစ်ဟန်ပြုသည်ကို မြန်မာတို့ ဘဝင်မကျ။ သို့ဖြင့် မတ်ရပ် ဝသုန္ဓရေ နတ်သားဟန်ကိုပင် ပြုခဲ့ကြသည်။ ပိဋကတ်တော်လာ မဟုတ်၍ အချို့ ဆရာတော်ကြီးများက မကြိုက်။ သိုငြားလည်း အနုပညာ မြန်မာမှုနယ်တွင် ကုသိုလ်ကောင်းမှု သက်သေပြု သင်္ကေတအဖြစ် လက်ခံခဲ့ကြသည်မှာ နှစ် (၃ဝဝ) ခန့်ပင် ရှိလေပြီ။ (၁၉၈၈၊ မေ၊ ရတနာမွန်)

၃။ မြဒေါင်းလုလင်

လွန်ခဲ့သော နှစ်သုံးဆယ်ကျော်ခန့်က ချောက်၊ စဉ့်ကူမှ ပုဂံသို့ အနုပညာခရီးထွက်ခဲ့စဉ် ဂန့်ဂေါရွာ ဘုန်းတော်ကြီးကျောင်းတွင် တွေ့မြင်ခဲ့ရသော ပန်းပုဆေးခြယ် လက်ရာမွန်ဖြစ်သည်။ ရှေးက ပြိုင်လှေဦးထိပ်က အလှပြဟု ဆိုသည်။ မူလပန်းပုဆရာသည် မည်သည့် ဇာတ်ဝတ္ထုကိုမှ အခြေပြုခဲ့သည် မဟုတ်ပါ။ လက်စွမ်းပြလက်ရာဆန်းတစ်ခုဖြစ်၍ ပရိသတ်နှင့် မျှဝေခံစားမိပါသည်။ (၁၉၉၁၊ ဇွန်၊ ရတနာမွန်)

၎။ ကရဝိက်

ဟင်္သာနှင့် ကရဝိတ်အမြင် မကွဲသည်ကများသည်။ လွယ်အောင် မှတ်ထားရသည်မှာ နှုတ်သီးဖြောင့်ရှည်က ဟင်္သာ၊ နှုတ်သီးကောက်ပါက ကရဝိတ်။ တစ်မျိုးအားဖြင့် ဟင်္သာက ဘဲမျိုး၊ ကရ၀ိတ်က ကြက်မျိုး။ ဘဲက ခြေတံတို၊ ကြက်က ခြေတံရှည်၊ သို့ မှတ်ထားမိပါသည်။ ဦးထိပ်တွင် ဟင်္သာရုပ်ထားပြီး ခေါ်တော့ ကရဝိတ်ဖောင် ဟု ခေါ်ထားသည်က ရှိနေသည်။ ‘အမြင်ကြာ၊ အမှတ်ကြာ၊ အမှန်ဖြစ်မည်’ကို စိုးမိ၍ ၁၉၉၁၊ ဇွန်၊ မြတ်ဆုမွန်တွင် စေတနာဖြင့် ရေးဖြစ်ခဲ့သည်၊ မြန်မာမှုနယ်တွင် ဟင်္သာရုပ်က ညီညွတ်တင့်တယ်မှုကိုပြ၍ ကရဝိတ်က ဗုဒ္ဓမြတ်စွာ၏ အသံတော်နှင့် ခိုင်းနှိုင်းမှုကြောင့် မြင့်မား၊ ရင့်ကျက်၊ တင့်တယ်မှုကို ပြသည်။

၅။ မကန်း (မကာရ)

ပုံထူး၊ ပုံဆန်း မကန်းပုံကို သမိုင်းတွင် ပျူတို့ လက်ထက်ကပင် အသုံးများခဲ့သည်။ ရုပ်ပွားတော်၏ တံကဲ ဝဲ၊ ယာ စွန်းနေရာနှင့် မကန်းလက်ကြပ်သာဓကကို တွေ့ရသည်။ ပုဂံခေတ် ပန်းရန်၊ ပန်းတော့၊ ပန်းချီ၊ မုခ်တံကဲ စိုင်ပေါင် နေရာများစွာ တွေ့ရပြန်သည်။ ကုန်းဘောင်ခေတ်တွင်မူ စေတီနတ်လမ်းလှေ ကားဦးတွင် ကြီးမားသော မကန်းရုပ်ကြီးများ တွေ့ရသည်။ ဗုဒ္ဓခြေတော်ရာ ၁ဝ၈ ကွက်တွင် လည်းကောင်း၊ ရာသီဂြိုဟ်ဝန်း ပြာသိုတွင် မကာရ၊ မကန်းရုပ်ပါသည်။ မြန်မာ့စွယ်စုံကျမ်းတွဲ (၈)တွင် ပင်လယ် သတ္တဝါ ငါးကြီးတစ်မျိုးဟု ဆိုထားသော်လည်း ပုံပြ၊ ဓာတ်ပုံမဖော်ပြ၍ တွေးစရာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မကန်းရုပ်သည် မြန်မာမှုနယ်တွင် ဆန်းကြယ် ကြောက်မက်ဖွယ်နှင့် ကြိုဆိုမှုကိုဆောင်သော လက်ရာအဖြစ် တွေ့ရှိရပေမည်။ (၂ဝဝ၃၊ သြဂုတ်၊ ရတနာမွန်)

၆။ ဖိုးဝင်းတောင်လိုဏ် ပန်းပုတံခါး

မုံရွာ၊ ချင်းတွင်းမြစ် အနောက်ဘက် ယင်းမာပင်မြို့နယ်တွင် ဖိုးဝင်းတောင် ကျောက်လိုဏ်ဂူများ ရှိသည်။ ညောင်ရမ်းခေတ် လွန်ခဲ့သော နှစ် (၃ဝဝ) ကျော်က လက်ရာများဟု ခန့်မှန်းရသော ကျောက်ဆစ်ဆင်းတုတော်များ။ နံရံပန်းချီများ အမွန်းအပြောက်များနှင့်အတူ သစ်သားပန်းပုတံခါးများလည်း ရှိခဲ့သည်။ ထိုပန်းပုတံခါးလက်ရာများက ဆန်းသည်။ ရှေ့ခေတ်၊ နောက်ခေတ် လက်ရာများနှင့် မတူ တစ်မူဖြစ်သည်။ ငှက်ဆင်နဂါးရုပ်၊ နတ်ရုပ်၊ ပန်းထောင်ချာက၊ ဒီဇိုင်းအပြည့် All over အား ကောင်းစွာ သုံးထားသည်။ မတူ တစ်မူ မှတ်သင့်သည်မို့ ၁၉၉၄၊ ဇန်နဝါရီ၊ မြတ်ဆုမွန်တွင် ဖော်ပြခဲ့ဖူးပါသည်။

၇။ ပဉ္စရူပ

ငါးမျိုးသောအဆင်းကို ပေါင်းစပ်ထားသည်ဆိုငြားလည်း စာပြုဆရာနှင့် ပုံပြင်ဆရာတို့ ထပ်တူမယူခဲ့ကြ။ မြန်မာမှုပုံများနှင့် ပတ်သက်၍ စာပြုနှင့် ပုံပြင်နှစ်ပိုင်းရှိကြရာ စာပြုနောက် ပုံလိုက်သည်လည်းရှိ၊ ပုံနောက် စာပြုလိုက်သည်လည်း ရှိပါသည်။ ဘိုးတော်ပဒုံမင်းလက်ထက် ပြုစုခဲ့သော ရွေဘုံနိဒါန်းကျမ်းလာအရမူ ပဉ္စရူပဖောင်လှေစွယ် (၂)၊ နွားလပို့၊ ငါးကြီးမြီးတို့ ချို (၂)ဖက်၊ မြင်းခွာ (၂)ဖက် စသည်ဖြင့် ဆိုထားသော်လည်း ပုံမလှ၍ ပုံပြုဆရာက (၁) ဆင်နှာမောင်း၊ (၂) စာမရီခေါင်း၊ (၃) မြင်းကိုယ် မြင်းလက် မြင်းခြေ၊ (၄) ငှက်အတောင်၊ (၅) ငါးကြင်းကွက် ငါးကြင်းမြီးတို့ ပေါင်းစပ်၍ ပဉ္စရူပ ပြုသည်။ အထူးသဖြင့် ရတနာပုံခေတ်၊ ၎င်းနောက် ကိုလိုနီခေတ်ဦးတွင်မှ ဆိုင်းဝိုင်းကြီး၊ ပတ်မထမ်းတွင် ဝင့်ကြွားပေးတက်နေဟန် ပြုခဲ့ကြသည်။ တချို့သော ခေါင်းလောင်းကိုင်း၊ ပုစွန်တုပ်ကွေးတွင်လည်း တွေ့မြင်ရသည်၊ ထို့ကြောင့် ပုံပြုသူ ပန်းပု၊ ပန်းတဉ်း မြန်မာမှု ဆရာတို့အား ဂုဏ်ပြုမိပါသည်။ (၁၉၉၄၊ ဒီဇင်ဘာ၊ ရတနာမွန်)

၈။ သိင်္ဃသူ့သမီး၏ စိတ်မြတ်မွန်

သိင်္ဃသူ့သမီးကျောက်စာ ဆုတောင်းသည် သမိုင်းတွင် စံပြုရသော ကျောက်စာအတွင်း အပါအဝင် ဖြစ်သည်။ သိင်္ဃသူ့သမီးသည် ကျစွာမင်းကြီး၏ မြေး၊ သိင်္ဃသူ့အမတ်ကြီး၏ သမီး၊ နရသီဟပတေ့မင်း၏ မိဖုရားဖြစ်ပါလျက် ကျောက်စာပါ ဆုတောင်းအများက သူမ၏ သိမ်မွေ့လှသော၊ ကြင်နာကရုဏာရှိလှသော၊ မာနမဖက် တရားဖက်သော နှလုံးသားကို ပေါ်လွင် လွန်းလှသည်၊ မောင်အေးမြင့် ပုံပြုလိုစိတ်ကို ထပ်တလဲလဲ စေ့ဆော်စေခဲ့သည်၊ ကြင်နာမှုနှင့် ငြိမ်းချမ်းမှု နှလုံးသားပိုင်ရှင်အဖြစ် သင်္ကေတပြုမိသည်။ (၁၉၉၆၊ ဒီဇင်ဘာ၊ ရတနာမွန်)

၉။ ရှေးဟောင်းအနုလက်ရာများ


သတိမမူ ဂူမမြင်၊ သတိမူက မြူပင်မြင်၏ ဆိုသကဲ့သို့ မောင်အေးမြင့်တို့ ဝန်းကျင် အပါအဝင် ဒေသအသီးသီးတို့တွင် ရှေးဟောင်းပစ္စည်းအနုလက်ရာများရှိနေပါလျက် နှစ်သက်ရမှန်းမသိ၊ ထိန်းသိမ်းစောင့်ရှောက်ရမှန်း မသိကြသူများကြောင့် မရောက်သင့်သည့် နေရာရောက်။ သည်လိုနှင့် တစ်စတစ်စ ဆုံးရှုံးပျောက်ကွယ်ခဲ့ကြရသည်။ ထိုလက်ရာများတွင် အသုံးချမှုနှင့် ဒီဇိုင်းသဘော ပေါင်းစပ်မှု စိတ်ကူးအလှအဆန်းများ ရှိနေတတ်သည်။ ရှေးဟောင်းပစ္စည်း (Antique) အန်းတစ်ဟု ဆိုကာ မသိသူတို့က ပေါ့ပျက်ပျက်ပြုတတ်ကြသည်။ နှမြောမိပါ၏။ ရှေးဟောင်းပစ္စည်း (၅)မျိုးခွဲကြည့်ရာ (၁) ဗုဒ္ဓပူဇော်မှုဆိုင်ရာ၊ (၂) သံဃာဆိုင်ရာ၊ (၃) နန်းသုံးတော်သုံး၊ (၄) သူကြွယ်သုံး၊ (၅) ကျေးလက်သုံး စသည်ဖြင့် တွေ့ရသည်။ ထိုထိုသော ရှေးဟောင်းအနုလက်ရာ အမျိုးမျိုးတို့ကို အများပြည်သူ မြတ်နိုးစေကြောင်း ညွှန်းပါ၏။ (၂ဝဝ၁၊ ဇူလိုင်၊ ရတနာမွန်)

၁ဝ။ မနုဿီဟ

မှတ်ဖူးတွေ့ဖူးခဲ့သော မနုဿီဟ စာ၊ ပုံများကို ၁၉၈၁၊ သြဂုတ်၊ ရှုမဝတွင် မောင်အေးမြင့် ရေးခဲ့ဖူးပါသည်။ မူလအစ ကလျာဏီကျောက်စာကဟု ဆိုရမည်ဖြစ်သော်ငြားလည်း မနုဿီဟရုပ်များ အထူးသဖြင့် ပန်းရံ၊ ပန်းတော့၊ ပန်းတမော့ရုပ်များဖြင့် ခေတ်စားခဲ့သည်မှာ အမရပူရခေတ်ဟု ဆိုနိုင်ပါသည်။ အကြီးဆုံးနှင့် အချိုးအကျဆုံး မနုဿီဟများကို အမရပူရ တောင်သမန် ကျောက်တော်ကြီး (မဟာသကျရံသီ၊ ၁၈၅ဝ ခုနှစ်) တွင် တွေ့မြင်နိုင်သည်။ ပုဂံမင်းသည် အမရပူရခေတ် နောက်ဆုံး (၆)နှစ်တွင် နန်းစံခဲ့သည်။ အပျော်အပါးများသော မင်းငယ်တစ်ပါးဖြစ်ခဲ့သော်လည်း အောက်ခြေစံမံသူ ပညာရှင်များ တော်ခြင်းကြောင့် ထိုတောင်သမန်ကျောက်တော်ကြီးနှင့်အတူ မနုဿီဟ (၁၂)ရုပ် အပါအဝင် ပန္နက်ပုံကောင်းလှသည်။ သူ၏ ဘေးတော် ပဒုံမင်း၏ မင်းကွန်းစေတီတော်ကြီး ဗိသုကာစနစ် မကောင်းသမျှ ဤတောင်သမန် ကျောက်စာတော်ကြီး ဗိသုကာစနစ် ကောင်းမွန်လှ၍ စံထားမိပါသည်။ မနုဿီဟ ဖင်နှစ်ခွ ဖြစ်နေခြင်းမှာ “ထောင့်” နေရာ၌ လိုက်လျောစေလိုသော ဒီဇိုင်း အယူအဆအရ ဖြစ်ရသည်ဟု မောင်အေးမြင့် သုံးသပ်ထားပါသည်။ (၂ဝဝ၃၊ ဇွန်၊ ရတနာမွန်)

မောင်အေးမြင့်သည် ပုံရေးရာ၌ ထူးချွန်ကျွမ်းကျင်လှသည် မဟုတ်ပါ။ သို့သော် အကြောင်းအရာကို ရှာရာ၌ စေတနာအရ လည်းကောင်း၊ ဝီရိယအနေဖြင့် လည်းကောင်း ကြိုးစားအားထုတ်ပါသည်။ ရှေးရှေးသော စာပြု၊ ပုံပြု ပညာရှင်များ၏ ယဉ်ကျေးမှုအမွေများကို လက်လှမ်းမီသရွေ့ ကြည့်ပါသည်။ ရှာပါသည်။ ရရှိသော အချက်အလက်များဖြင့် ပုံရေး၊ ပုံပြုကာ မျိုးဆက်သစ်များသို့ မျှဝေခံစားပါသည်။ ဆောင်းပါးအစတွင် ဆိုခဲ့သည့်အတိုင်း စံဟောင်းများမှ အကြောင်းအရာ စေတနာများကို ရှာကာ ဖော်ညွှန်းသကဲ့သို့ စံသစ်များ၏ အကြောင်းအရာ စေတနာများကိုလည်း ကြိုဆိုလေ့၊ လေးစားလေ့ရှိပါသည်။ နားလည်နိုင်သော အတွေးအမြင် အခြေခံများလည်း ရရှိအောင် ကြိုးစားလျက်လည်း ရှိပါသည်။

သိင်္ဃသူ့သမီး စိတ်နှလုံးလှမျိုး ထားနိုင်၊ ပွားနိုင်ပါစေ။

(မှတ်ချက်- ၂၀၀၆၊ ဇန်န၀ါရီလထုတ် ပန်မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော ဆောင်းပါးဖြစ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts