Yan Naung (Bo Ta Htaung) သတင်းပဒေသာ

ရန်နောင် (ဗိုလ်တထောင်) – ပထမအကြိမ် သက်ကြီးသတင်းစာဆရာကြီးများအား သက်ကြီးပူဇော်ပွဲကျင်းပ

ရန်နောင် (ဗိုလ်တထောင်) – ပထမအကြိမ် သက်ကြီးသတင်းစာဆရာကြီးများအား သက်ကြီးပူဇော်ပွဲကျင်းပ

(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄

မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့ ပထမအကြိမ် သတင်းစာဆရာ သက်ကြီးပူဇော်ပွဲကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၂၂) ရက် စနေနေ့ နံနက် (၉) နာရီ က ရန်ကုန်မြို့ မြို့တော်ခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ သက်ကြီးသတင်းစာပူဇော်ပွဲသို့ နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပို့ခဲ့ပြီး  နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ယဉ်ကျေးမှု ဒုတိယဝန်ကြီး ဦးသန်းဆွေ၊ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့် စသူတို့ တက်ရောက်ခဲ့ကြပါတယ်။

ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးကိုကို (ကိုကို- စက်မှုတက္ကသိုလ်) က သက်ကြီးပူဇော်ပွဲပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောပြခဲ့သည်။ထို့နောက် နိုင်ငံတော်သမ္မတ ၏ သဝဏ်လွှာကို သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဖတ်ကြားခဲ့သည်။ပြည်ထောင်စုဝန်ကြီး သူရဦးအေးမြင့် ကလည်း ပြည်ထောင်စုလွှတ်တော်နာယက၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ (၁) ဦးသီဟစောမှ  အမှာစကားပြောကြားပြီး ဒုဥက္ကဋ္ဌ (၃) ဦးမြတ်ခိုင်မှ ကန်တော့ခံသက်ကြီးများနှင့် မိတ် ဆက်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသောနိုင်ငံတော်အကြီးအကဲများနှင့် ပရိတ်သတ်မှ  ကန်တော့ခံ သက်ကြီးပညာရှင် များ အား ကန့်တော့ချိုးဖြင့် ကန်တော့ကြပြီး လှူဖွယ်ပစ္စည်းများကို ပေးအပ်ခဲ့ကြပါတယ်။ ကန်တော့ခံ သက်ကြီးပညာရှင်များကိုယ်စား သ တင်းစာဆရာကြီး ဦးစဝ်ကိုင်ဖမှ ကျေးဇူးတင်သြဝါဒစကား မြွက်ကြားခဲ့ပါတယ်။

ယခုပြုလုပ်သော ပထမအကြိမ် သက်ကြီးသတင်းစာဆရာပူဇော်ပွဲတွင် ကန်တော့ခံသက်ကြီးသတင်းစာပညာရှင် (၆၉)  ဦးရှိပြီး အခမ်း အနားသို့ (၅၇) ဦးသာတက်ရောက်နိုင်ခဲ့သည်။ သတင်းစာဆရာကြီးတဦးလျှင် ငွေသားသုံးသိန်း၊ အူရီဒူး ဟန်းဆက်နှင့် ဆင်းကဒ်၊ အခြား လှူဖွယ်ပစ္စည်းမျိုးစုံ လှူဒါန်းနိုင်ခဲ့သည်။ တက်ရောက်လာသူ သတင်းစာဂျာနယ်လောကသားများ၊ စာပေလောကသားများ စုံညီပျော်ရွှင် စွာတွေ့ခဲ့သော ပွဲတပွဲအဖြစ်လည်း မြင်တွေ့ခဲ့ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts