(မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄
မြူနှင်းတို့ တဝေ့ဝေ့ တဝဲဝဲ ကျဆင်းချိန်တွင် မြောက်လေချိုအေးသည် ဝန်းဝေ့တိုက်ခတ်လျှက်ရှိသည်။ နှင်းတွေကတော့ ဝေမှိုင်းကျနေဆဲ ပါ။ ယဲ့ယဲ့ကလေးကျဆင်းနေသော နေရောင်ခြည်က ပိတ်ဖုံးနေသောနှင်းထုကို အစွမ်းကုန်ထိုးဖောက်နေဆဲ။ တောင်ခိုးတဝေဝေ မြူခြေက တစိုင်းစိုင်းနှင့် မန္တလေးတောင်ကြီးမှာ လွမ်းစရာမြင်ကွင်းကို ဖန်တီးနေပါသည်။ ဝန်းကျင်တခိုကို သဲသဲကွဲကွဲ ပီပီပြင်ပြင် မမြင်ရပေ။ မန္တလေးဟေမန်ဆောင်း၏ မှုန်ပျပျ ပန်းချီကားမှာ ရှု့မငြီးဖွယ်ကောင်းလှပါဘိ….။
ဒါ ဟိုတစ်ချိန်တုန်းက မန္တလေးရဲ့ ဆောင်းရာသီပေါ့။ အခုမန္တလေးကတော့ နိုဝင်ဘာလသာရောက်လာသည်။ ဆောင်းက ဘယ်ဆီမှာ မသိပေ။ ဟိုတုန်းက ရပ်ကွက်ဘုရားပွဲဆိုရင် မီးဖိုပြီး ပွဲကြည့်ရသည်။ အခုဖြင့် အင်္ကျီအပါးလေးနဲ့ပဲဟု မေမေကပြောသံကြားဖူးနေသည်။ ယခုချိန် မန္တလေးဆောင်းရာသီ၏ရနံ့ကို ခံစားခွင့်မရသေးပေ။ နောက်ဆိုရင် မန္တလေးတွင် ဥတုသုံးပါမရှိတော့ပဲ နွေရယ် မိုးရယ် ကျန်တော့မည်ကို တွေး၍စိုးရိမ်နေသည်။ မန္တလေးသားတယောက်အနေဖြင့် နွေရာသီရောက်လျှင် နွေရာသီ၏အရသာကို ခံစားချင်သည်။ မိုးရောက်လျှင် မိုးရာသီဥတုကိုခံစားချင်သည်။ ဆောင်းတော့လည်း မန္တလေးရဲ့ ဆောင်းရာသီလေးကို ခံစားချင်ပြန်သည်။ မန္တလေးရယ် ဆောင်းရာသီ ကိုပြန်ခေါ် ပေးပါ။
မန္တလေးဆောင်းရာသီအကြောင်းတွေးတောပြီး မဆီမဆိုင်ဖြင့် အချုပ်တန်းဆရာဖေရဲ့စာဆိုတစ်ခုကိုသတိရမိပြီ။
“ငွေနှင်းရယ်မှုန် ၊ လေညင်းရယ်တသုန်သုန်နှင့်
ချမ်းပုံမှာကမ်းကုန်ရစ်တာမို့
မန်းတုန်အောင်လမ်းဆုံက ဟစ်ချင်တော့ …”
ဆရာဖေသာ ယခုမန္တလေးဆောင်းသာမြင်လျှင် စာသားပြင် စပ်ချင် စပ်မည်။
နောက် ထပ် လက်ဝဲသုန္ဒအမတ်ကြီးကို အားနာမိသည်။ မဲဇာတောင်ခြေရတုတွင် သူ့တွေ့ကြုံခဲ့ရသည့်ဆောင်း၏ အအေးလွန်ပုံကို သရုပ်ဖော်ပြီပြင်စွာ ရေးဖွဲ့ထားလေသည်။
အခု အဘိုးပြောပြတဲ့ မန္တလေးဆောင်းရာသီ ကဒိုင်ယာရီထဲမှာ။ အဖွားပြောပြတဲ့ မန္တလေးဆောင်းရာသီ ဝတ္ထုစာအုပ်တွေထဲမှာ။ မေမေပြောပြောနေတဲ့ မန္တလေးဆောင်း အခုဘယ်နားမှာလဲ။ ဖေဖေပြောပြောပြတဲ့ မန္တလေးဆောင်းက တော့ ကျွန်တော်၏ တစ်ထောင့်တည အိပ်ရာပုံပြင်ထဲမှာရှိလေသည်။ မန္တလေးမြို့ကြီးကိုချစ်ခင်သလို မန္တလေးရဲ့ရာသီဥတုတွေကို နှစ်သက်မြတ်နိုးချစ်ခင်သည်။ နာရီစင်ကြီး ကလည်း ဆောင်းရဲ့အေးမြမှုကိုခံစားချင်သလို ဈေးချိုတော်ကြီးကလည်း မန္တလေးဆောင်းကို မျှော်နေရှာသည်။
အခုတော့….ဟိုတုန်းကမန္တလေးဆောင်းကို လွမ်းနေရတော့တာပေါ့…။ မန္တလေးတက္ကသိုလ်၊ တိမ်းကင်းသော မန္တလေးည၊ မန္တလေးတောင်ပေါ်က ရှုခင်းတွေကြည့်ရတဲ့အရသာ၊ ဗောဓိကုန်း၊ တောင်သမန်၊ ဦးပိန်တံတား၊ သင်္ကြန်မိုးနဲ့ မန္တလေး ၊ ဂျောက်ဂျက်….ဂျောက်ဂျက်….စက်ဘီးစီးနင်းသံတွေနဲ့အတူ မန္တလေးဆောင်းမှာ မှုန်ရီဝေဝါးကျန်ရစ်ခဲ့ပြီ။ နေတဖျားရောက်တာနဲ့ အပူငွေ့ကရိုက်ခတ်လာတယ်။ မန္တလေး ဆောင်း ကျန်ရစ်ခဲ့သော်လည်း ကျုံးနဘေးတွင်း ဖွေးဖွေးလှုပ်ပြီး လမ်းလျှောက်သူ၊ အေရိုးဗစ်ကစားသူ၊ ကြက်တောင်ရိုက်သူ၊ အနှေးပြေး သူများနှင့် မန္တလေး နိုဝင်ဘာလေးမှာ စည်ကားနေသည်။
ဒီနှစ်မန္တလေး ဆောင်းရာသီကိုခံစားရန် ကျွန်တော်အနေနှင့်အသင့်ဖြစ်နေသော်လည်း ဆောင်းရာသီမှာ ဘယ်ဆီ ဘယ်ဝယ် ရောက်နေမည် မသိပေ။
နေဝန်းနီ {မန္တလေး}