>ပဥင်္မူမန်မာနိုင်ငံတော်တည်ထောင်ခန်း (၂)

>

ပဉ္စမမြန်မာနိုင်ငံတော်တည်ထောင်ခန်း (၂)
အောင်ဝေး
သြဂုတ် ၉၊ ၂၀၀၈

ညက ဒေါ်မာမာအေး ဖုန်းဆက်တယ်။ ကျနော်တို့ အနုပညာမောင်နှမ စိုင်းထီးဆိုင်အမှတ်တရစကားတွေ ပြောရင်း အဝေးမှာ ကျန်ရစ်တဲ့ အမိတိုင်းပြည်ကို လွမ်းမိသွားကြပါတယ်။

စိုင်းထီးဆိုင်ဟာ ၁၉၈၈ စက်တင်ဘာ စစ်တပ်က အာဏာမသိမ်းခင် ဖွဲ့စည်းလိုက်တဲ့ ဂီတသမဂ္ဂမှာ ဥက္ကဋ္ဌအဖြစ် ရွေးချယ် တင်မြှောက်ခံရတဲ့ အကြောင်းက စလို့ ဒေါ်မာမာအေးက စစ်တပ်က အာဏာသိမ်းသွားပြီးတဲ့နောက်ပိုင်းမှာလည်း စိုင်းထီးဆိုင်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီအတွက် လှုပ်ရှား ဆောင်ရွက်ခဲ့ပုံတွေကို ပြန်ပြောပြနေခဲ့တာပါ။
၈၈ အရေးတော်ပုံကြီးဟာ ကမ္ဘာမှာ တုန်ဟီးသွားစေခဲ့တဲ့ မဟာ့မဟာ လူထုတိုက်ပွဲကြီးပါ။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် ကျဆုံးတဲ့ မတ်လ ၁၃ ရက်ကနေ စရေတွက်ရင် စစ်တပ်က အာဏာသိမ်းသွားပြီးတဲ့ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ၆လကျော် လူထုဒီမိုကရေစီ လှုပ်ရှားမှုကြီးပါ။ ဒီ ၆လ အတွင်းမှာ ဦးနေ၀င်း၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် စတဲ့ မဆလ သမ္မတ ၃ ယောက်ကို ဆက်တိုက် ဖြုတ်ချနိုင်ခဲ့တဲ့ နိုင်ငံရေးတိုက်ပွဲကြီးပါ။ သြဂုတ်လ ၈ ရက်၊ ရှစ်ရက် ရှစ်လကနေ စစ်တပ်က အာဏာသိမ်းသွားတဲ့ စက်တင်ဘာ ၁၈ ရက်အထိ ၁လ နဲ့ ၁၀ ရက်ဟာ မုန်တိုင်းအထန်ဆုံး အချိန်တွေပဲပေါ့။
အဲဒီအချိန်မှာ ကျောင်းသားတွေဟာ ရဲရဲ ရင့်ရင့် လမ်းပေါ်ထွက် ဆန္ဒပြပြီး ပဉ္စမမြန်မာနိုင်ငံတော်ရဲ့ အစနိဒါန်းကို ဖွင့်လှစ်ခဲ့ကြတယ်လေ။

ဒီလိုနဲ့ … သြဂုတ်လလယ်ရက် တရက်မှာ စစ်တပ်က ရန်ကုန်ဆေးရုံကြီးကို စက်သေနတ်နဲ့ ပစ်လို့ အပြစ်မဲ့ပြည်သူတွေ၊ သူနာပြုဆရာမတွေ သေကြေ ဒဏ်ရာရသွားခဲ့ရတယ်။ ဆေးရုံကြီးအုတ်နံရံနီနီပေါ်က စက်သေနတ်ကျည်ဆံရာတွေကို လာလာကြည့်ကြတဲ့ လူအုပ်ကလည်း တနေ့တနေ့ကို နည်းမှ မနည်းတာပဲ။ အနယ်နယ် အရပ်ရပ်က ဘုရားဖူးတွေ ကျိုက်ထီးရိုးမှာ လာဆုံသလိုပါ။

ခြေထောက်မှာ ဒဏ်ရာရသွားတဲ့ သူနာပြုဆရာမ ဒေါ်စိန်စိန်ရီတို့ရဲ့အခန်းဟာ ကျနော်တို့ ၇၄-၇၅-၇၆ ကျောင်းသားခေါင်းဆောင်ဟောင်းတွေရဲ့ ရုံးခန်း၊ အလုပ်ခန်း ဖြစ်လာတော့တာပေါ့။ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုမိုးသီးဇွန်တို့ ကျောင်းသားခေါင်းဆောင်တေါကလည်း ရန်ကုန်ဆေးရုံကြီးမှာပဲ အတူတကွ စုမိကြတဲ့အချိန်။ ဆေးရုံကြီးကို တနေ့တနေ့ ဒီလောက် ပျားပန်းခပ် လာလာကြည့်နေကြတဲ့ လူအုပ်ကြီးကို ကျနော်တို့ ဘာလုပ်ပေးနိုင်မလဲ။ ကျနော်တို့ ဘာလုပ်ပေးရင် ကောင်းမလဲ။

နောက်ဆုံးမှာ ကျနော်တို့ ဒီမိုကရေစီဟောပြောပွဲ လုပ်ဖို့ တိုင်ပင်ဆုံးဖြတ်လိုက်ကြတယ်။ ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနထိပ်က ကွက်လပ်မှာ ကျနော်တို့ စင်ထိုးလိုက်ကြပြီ။ ဟောပြောပွဲဆိုတော့ အဓိက ဟောမယ့်ပြောမယ့်လူ လိုတယ်။ ဘယ်သူဟောမလဲ။ ဘယ်သူ ပြောမလဲ။

အဲဒီအချိန်မှာ အစပိုင်းဟာ ကျနော်တို့ ၃၃လမ်း ရွှေကြည်အေး စာပေသမားတွေကလည်း ဟောဖို့ပြောဖို့ လူလိုက်ရှာနေတဲ့ ကျနော့်ကို တွေ့တာနဲ့ သရဲတစ္ဆေ မြင်လိုက်သလို ထွက်ထွက်ချည်း ပြေးပြေးနေတဲ့အချိန်။ ဒါပေမယ့် ကျနော်တို့စင်မှာ ပထမဆုံး တက်ဟောဖို့ တိုက်ပွဲထဲ ခုန်ဝင်လိုက်သူကတော့ တခြားသူ မဟုတ်ပါဘူး။ အဆိုတော်ကြီး စိုင်းထီးဆိုင်ပဲ ဖြစ်ပါတယ်ခင်ဗျား။

အဲဒီနေ့ကစပြီး စိုင်းထီးဆိုင်ဟာ နိုင်ငံရေးတက်ကြွသူတွေ၊ စာပေသမားတွေ၊ ကျောင်းသားတွေနဲ့အတူ ဒီမိုကရေစီ မကြောက်တရားကို ရဲရဲတောက် ဟောပြောသွားခဲ့သူပါ။ ကျနော်တို့စင်မှာ စိုင်းထီးဆိုင်နဲ့ တနေ့တည်း အခု အင်န်အယ်ဒီ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးလည်း လာရောက်ဟောပြောခဲ့ပါတယ်။
ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုမိုးသီးဇွန်တို့ ကျောင်းသားတွေရဲ့ ဦးဆောင်မှုနောက်မှာ ကျနော်တို့ တနိုင်ငံလုံး၊ တပြည်လုံးဟာ သမုဒ္ဒရာလှိုင်းလုံးကြီးတွေလို တလုံးပြီးတလုံး လိုက်ပါနေခဲ့တဲ့ အချိန်ပေါ့။ စိုင်းထီးဆိုင်ဟာ ရန်ကုန်မှာ ပထမဆုံးကျင်းပတဲ့ ဒီမိုကရေစီဟောပြောပွဲမှာ ပထမဆုံး ဟောပြောခဲ့တဲ့ အနုပညာရှင်တဦးပါ။ တိုင်းရင်းသားတဦးပါ။ အလေးပြုပါတယ် ဗိုလ်ထီး။
အဲဒီအချိန် အဲဒီရက်တွေမှာ ကျနော်တို့ရဲ့ လူထုခေါင်းဆောင် ဒီမိုကရေစီခေါင်းဆောင် ဖြစ်လာမယ့် ဒေါ်အောင်ဆန်းစုကြည်တောင်မှ မိန့်ခွန်းမပြော၊ တရားမဟောရသေးပါဘူး။ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးဟောပြောတဲ့နေ့ဟာ ကျနော် အမှတ်မမှားဘူးဆိုရင် ၁၉၈၈ သြဂုတ်လ ၂၅ ရက်နေ့ ဖြစ်ပါလိမ့်မယ်။

အဲဒီနေ့က ရန်ကုန်ဆေးရုံကြီး နှလုံးရောဂါကုဆောင်ရှေ့ ကျနော်တို့ စာပေအနုပညာရှင်တွေရဲ့ စင်မြင့်မှာ ဒေါ်အောင်ဆန်းစုကြည် လူထုကို ပထမဆုံး မိန့်ခွန်းပြောခဲ့တာပါပဲ။ အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းဖြစ် ချည်သားအင်္ကျီကလေး ၀တ်လို့ ဗမာတောသူမကလေးတယောက်လို သနပ်ခါး ပါးကွက်ကျား ပါးပါးကလေး လိမ်းခြယ်ထားပါတယ်။ သူပြောတဲ့ မိန့်ခွန်းက တိုတိုလေးပါ။ တမျက်နှာပဲ ရှိပါတယ်။

မနှိုင်းကောင်း နှိုင်းကောင်း၊ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ “အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်ကြ” ဆိုတဲ့ ဖက်ဆစ်တော်လှန်ရေး စစ်ထွက်မိန့်ခွန်းလိုပဲ။ မနှိုင်းကောင်း နှိုင်းကောင်း၊ အမေရိကန်သမ္မတကြီး အီဗရာဟင်လင်ကွန်းရဲ့ “government of the people, by the people, for the people” ဆိုတဲ့ ကမ္ဘာကျော် ဂတ်တီးစဘတ် မိန့်ခွန်းလိုပဲ။
အဲဒီ သြဂုတ်လ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်း နိဂုံးချုပ်က “စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်” ဆိုတဲ့ စကားပါပဲ။

“စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနဲ့ ကိုက်ညီတဲ့ အင်အားမျိုးကို ကျမတို့ ထူထောင်ရမယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျော်ကြားလှတဲ့ ရွှေတိဂုံအနောက်မုခ် လူထုအစည်းအဝေး မိန့်ခွန်းက နောက်တနေ့ သြဂုတ်လ ၂၆ ရက်နေ့မှာ ပြောခဲ့တာပါ။
ပဉ္စမမြန်မာနိုင်ငံတော်ရဲ့ လမ်းအစဟာ ကျောင်းသားတွေရဲ့ သွေးနဲ့ ခင်းခဲ့ရတာပါ။ ဒီလမ်းပေါ်မှာ ဆက်လျှောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီသွေးတွေကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူးလို့ ကျနော်တို့ အကြွင်းမဲ့ ယုံကြည်တယ်။

“အိုဘယ့်ဘယ် … အိုဘယ့် ဧရာဝတီ
အောင်ဆန်းစုကြည်
ကြယ်နီဆင်သ
ပဉ္စမမြန်မာနိုင်ငံတော် တည်စေသော် …”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts