>Moemaka radio news


>

မြန်မာ့ရုပ်သေး၊ ကိုလေးပွ၊ ဘလော်ဂါမိုးချိုသင်း၊ စိုင်းထီးဆိုင်
မိုးမခရေဒီယိုသတင်း

သြဂုတ် ၉၊ ၂၀၀၈

(ရေဒီယိုအစီအစဉ်များသို့)

မြန်မာ့ရုပ်သေး ရှေးဟောင်းပစ္စည်းဖြစ်တော့မည်

မြန်မာ့ရုပ်သေးဟာ ရှေးဟောင်းပစ္စည်း၊ ရှေးဟောင်းအနုပညာအဖြစ် ပြောင်းလဲနေပြီလို့ ရုပ်သေးပညာရှင် ဒေါ်မမနိုင်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ထုတ် ဘိုင်ဝိကလီ ဂျာနယ် အင်တာဗျူးမှာ ပြောကြားလိုက်တာဖြစ်ပြီး မြန်မာ့ရုပ်သေးသဘင်ဟာ “တိုးတက်ထွန်းကားနေတဲ့ ရုပ်ရှင်၊ ဗီဒီယို၊ ကာရာအိုကေ၊ အငြိမ့်၊ ဇာတ်၊ စတိတ်ရှိုးတို့ကို မထိုးဖောက်နိုင်တော့ပါဘူး” လို့ ဆိုပါတယ်။

ရုပ်သေးပညာရှင် ဒေါ်မမနိုင်ဟာ မြန်မာစာဆရာ ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ သမီး ဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးနဲ့ပတ်သက်တဲ့ ကုမ္ပဏီ တည်ထောင်ထားပြီး၊ အင်္ဂလိပ်စကားပြော သင်တန်းလည်း ဖွင့်လှစ်ထားပါတယ်။ နိုင်ငံတကာ ရုပ်သေး ပွဲတော်ကြီးတွေမှာလည်း လှည့်လည် တင်ဆက် နေတယ်လို့ သိရပါတယ်။
မြန်မာ့ရုပ်သေးဟာ ဖျော်ဖြေမှုသက်သက်မဟုတ်ဘဲ လူတန်းစားမရွေး အထင်ကြီးတဲ့ အနုပညာတရပ် ဖြစ်ခဲ့တယ်၊ ပရိသတ်ကို လူမှုရေး၊ ဘာသာရေး၊ စာပေ၊ ယဉ်ကျေးမှု၊ အသိပညာ ပေးတဲ့ မီဒီယာလည်း ဖြစ်တယ်လို့ ဒေါ်မမနိုင်ကဆိုပါတယ်။
မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ရောက်တဲ့ အချိန်ကစပြီး မြန်မာ့ရုပ်သေး အခြေ ယိုင်ခဲ့တယ်၊ တချိန်တည်းမှာ ဆပ်ကပ်၊ အငြိမ့်၊ ဇာတ် စတဲ့ ဖျော်ဖြေမှုတွေ ပေါ်ပေါက်လာတဲ့ အတွက် မြန်မာ့ရုပ်သေးက ခေါင်းမဖော်နိုင်တဲ့ အခြေအနေကို ရောက်ခဲ့ရတာဖြစ်တယ်လို့ ဒေါ်မမနိုင်က ပြောကြားလိုက်ပါတယ်။

ကိုလေးပွအဖြစ် သရုပ်ဖော်ခံခဲ့ရသူ ကွယ်လွန်
၁၉၈၀၊ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထင်ရှားခဲ့တဲ့ ကာတွန်းဇာတ်ကောင်တယောက်ဟာ ပြင်ပမှာတော့ ကွယ်လွန်သွားခဲ့ပါပြီ။ ဒီကာတွန်း ဇာတ်ကောင်ကတော့ ကာတွန်းတင်အောင်နီရဲ့ ထင်ရှားတဲ့ဇာတ်ကောင် ကိုလေးပွ ဖြစ်ပါတယ်။ တင်အောင်နီရဲ့ ဇာတ်လိုက်ကျော် ကိုပြာလောင်၊ ကိုငှက်ရိုး၊ ပြာဂလောင် ပြာလချောင်၊ ကိုထူးဆန်း၊ ခင်ချောစွိတို့နဲ့ တွဲဘက်ပြီး တွေ့ခဲ့ရသူဖြစ်ပါတယ်။

ကာတွန်းတင်အောင်နီ၏ ဇာတ်ကောင်များ


ကိုလေးပွအဖြစ် ကာတွန်းထဲမှာ အသုံးတော်ခံခဲ့ရသူကတော့ ကာတွန်းဆရာ၊ ပန်းချီဆရာကြီး ဦးလေးဝဖြစ်တယ်လို့ ပြီးခဲ့တဲ့လ ၂၁ ရက်နေ့ထုတ် အလင်းတန်းဂျာနယ်က ဆိုပါတယ်။
နိုင်ငံတော်လေးဝ၊ ဖိုးရာဇာလေးဝ၊ လှတရာလေးဝ ဆိုတဲ့ ကလောင် အမည်တွေနဲ့ ရန်ကုန်သတင်းစာ၊ ဗိုလ်တထောင် သတင်းစာတို့မှာ ကာတွန်းဆွဲခဲ့သူဖြစ်တယ်၊ သူ့ပန်းချီကား တချို့ကိုလည်း အဲဒီခေတ်က ငွေကျပ် တသိန်းအထိ တန်ဖိုးသတ်မှတ်ပြီး ပြပွဲတင်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ဦးလေးဝရဲ့ ခေတ်မှာ ဦးစိန်ကြီး၊ ဦးသော်က၊ ဦးညိုလှ၊ ဦးမောင်လွင်၊ ဦးသန်းအောင်၊ ဦးအောင်မိုး၊ ဦးမောင်မောင်သက်၊ ဦးတင်ဦးလေးတို့ဟာ ဦးလေးဝရဲ့ ခေတ်ပြိုင်ကာတွန်းဆရာ ပန်းချီဆရာတွေ ဖြစ်ပါတယ်။
ကာတွန်းတင်အောင်နီက ဆရာ ကိုလေးဝရဲ့ ကြေးစည်ပုံ ဆံပင်ကို သဘောကျတဲ့ အတွက် ကြေးစည်ပုံစံ ဆံပင် ပုံသွင်းထားတဲ့ ကာတွန်းဇာတ်ကောင်ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
အသက် ၇၃ နှစ်အရွယ် ပန်းချီဆရာ၊ ကာတွန်းဆရာ ဦးလေးဝဟာ ပြီးခဲ့တဲ့ မေလက ကွယ်လွန်ခဲ့တယ်လို့ ဆိုပါတယ်။

ဘလော်ဂါမိုးချိုသင်း
ကွန်ပြူတာအသုံးပြုတဲ့ ပြည်ပရောက် မြန်မာပြည်သား အများအပြားဟာ ဘလော့ဂ် လို့ ခေါ်တဲ့ အင်တာနက်စာမျက်နှာတွေကို ရင်းနှီးနေကြပါပြီ။ တချို့လည်း ကိုယ်တိုင်ကိုယ်ကျ ဘလော့ဂ်လုပ်ပြီး ရေးသားနေကြပါတယ်။ တဖြည်းဖြည်း ကြီးထွားလာနေတဲ့ မြန်မာဘလော့ဂ် လောကထဲကို ဒီရက်ပိုင်းအတွင်း နောက်ဆုံး ၀င်လာသူတဦးကတော့ စာရေးဆရာမ မိုးချိုသင်း ပါပဲ။
မိုးချိုသင်းဟာ မြန်မာပြည်သားတွေ လေးစား ချစ်ခင်ကြတဲ့ ကဗျာဆရာကြီး ဦးတင်မိုးရဲ့သမီး ဖြစ်ပါတယ်။ ဦးတင်မိုးရဲ့သမီး ပီသစွာပဲ သူ့ကိုလည်း လူချစ်လူခင်များတယ် ဆိုတာကို သူ့ဘလော့ဂ်မှာ ပေးသွားကြတဲ့ မှတ်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

မိုးချိုသင်း၊ ဦးတင်မိုး၊ ဒေါ်အောင်ဆန်းစုကြည်

မိုးချိုသင်းဟာ ရန်ကုန်မှာ ထုတ်ဝေခဲ့တဲ့ သင့်ဘ၀မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင် တယောက် ဖြစ်ခဲ့ပြီး၊ ၀တ္တုတိုအချို့ ရေးသားခဲ့သူဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သူ့ရဲ့ ဘလော့ဂ်မှာ ရေးသားထားချက်တွေကို လေ့လာကြည့်တဲ့ အခါ သူ့ရဲ့ စကားပြောတဲ့ဟန်၊ မြန်မာဘလော့ဂ်လောကရဲ့ ရေးဟန်တွေကို ပေါင်းစပ်ထားတာ တွေ့ရမှာပါ။ ရေးဖွဲ့ထားတဲ့ အကြောင်းအရာတွေထဲမှာ ကြုံတွေ့နေရတဲ့ ဖြစ်ရပ်များ၊ မိသားစုအတွင်း စိတ်ဝင်စားစရာတချို့ ပါဝင်ပါတယ်။
သူ့ဘလော့ဂ်ကို သွားရောက် ဖတ်ရှုလိုတယ် ဆိုရင် လိပ်စာကတော့ မိုးချိုသင်း ဘလော့ဂ်စပေါ့ ဒေါ့ ကွန် ဖြစ်ပါတယ်။

Daily City စတိတ်ရှိုးရန်ပုံငွေ စိုင်းထီးဆိုင်၏ မိသားစုသို့ ပေးပို့
အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန် စစ္စကိုမြို့အနီးက Daily Cityမြို့ မှာတင်ဆက်ခဲ့တဲ့ ဂီတ ပွဲစဉ်တခုက ရရှိတဲ့ အကျိုးအမြတ်တွေကို ကွယ်လွန်သူ အဆိုတော် စိုင်းထီးဆိုင်ရဲ့ မိသားစုကို ပေးအပ်ခဲ့တယ်လို့ ဒီလထုတ် ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။ The Encore တေးဂီတအဖွဲ့နဲ့အတူ အဆိုတော် မေဆွိ၊ မီမီဝင်းဖေ၊ ဇယံဓ၊ မျိုးညွန့်၊ ဘုချေတို့က သီဆိုဖျော်ဖြေပေးခဲ့ကြတာ ဖြစ်ပါတယ်။

ရင်ထဲက စိုင်းထီးဆိုင် ဂီတပွဲက ရရှိတဲ့ ငွေကျပ် ၁၁ သိန်းကို ပြီးခဲ့တဲ့လ ၂ ရက်နေ့က ရန်ကုန်မြို့ ကျောက်မြောင်းရပ်ကွက်ရှိ စိုင်းထီးဆိုင်ရဲ့ မိသားစုကို ပေးအပ်ခဲ့တာလို့ သိရပါတယ်။
နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က အသက် ၅၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
စိုင်းထီးဆိုင်ကို ချစ်ကြတဲ့ ပြည်တွင်း ပြည်ပမှ ဂီတချစ်သူများက စိုင်းထီးဆိုင် ကွယ်လွန်တဲ့ ရက်လည်၊ လလည် စသဖြင့် ဆွမ်းကပ် လှူဒါန်းပေးနေကြကြောင်း ကြားသိရတဲ့ အတွက် ကျန်ရစ်သူ မိသားစုအနေနဲ့ ကျေနပ်၊ ပီတိဖြစ်တယ်၊ သာဓုခေါ်ပါတယ်လို့ ဆိုပါတယ်။
အခုလို ကွယ်လွန်သူ စိုင်းထီးဆိုင်အတွက် ကုသိုလ်ပြုသတိရနေကြတာဟာ စိုင်းထီးဆိုင်ကို ဘယ်လောက်ချစ်ကြတယ်ဆိုတာ ပြသနေတာ ဖြစ်လို့ ကျေးဇူးတင်ကြောင်း၊ စိုင်းထီးဆိုင်ကို သာမက ကျန်ရစ်ခဲ့တဲ့ မိသားစုကိုပါ ဆက်လက် ချစ်ခင်ပြီး အားပေးထောက်ပံ့နေတာကို ရင်ထဲမှာ မှတ်တမ်း တင်ထားမယ့်အကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်သန်းစိုးက ပြောကြားခဲ့ပါတယ်လို့ ရန်ကုန်မှာ ထုတ်ဝေတဲ့ ရွှေအမြုတေ မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts