>မင်းစင်လင်း – မဵက်ရည်တိုႚခမ်းနေသည့် ဒေသ

>

မျက်ရည်တို့ခမ်းနေသည့် ဒေသ

မင်းစင်လင်း
(ဓာတ်ပုံ –SLA)

မေ ၁၇၊ ၂၀၀၈

ကွမ်းခြံကုန်း

ရန်ကုန်တိုင်းတွင်းရှိ လေဘေးဒဏ်အခံရဆုံး ကွမ်းခြံကုန်းမြို့ကို ၃ ခေါက် ရောက်ခဲ့သည်။ ဒလမြို့က ထွက်သည်နှင့် မြင်ရသည့်ရှုခင်းများက စိတ်ချမ်းသာစရာ တစ်စက် ကလေးမှ မရှိပါ။ မိုင် ၃၀ ကျော် ဘေးဘီက အပျက်အစီးတွေနှင့် အပျက်အစီးကြားက ကုန်းရုန်းထဖို့ ကြိုးစားနေသည့် လူတွေကို ကြည့်ရင်း ကွမ်းခြံကုန်းရောက်ချိန်တွင် မြို့အ၀င်ရှိ “ကွမ်းခြံကုန်းမြို့ မှ ကြိုဆိုပါ၏” ဆိုသည့် ရွှေရောင်ဆိုင်းဘုတ်မှာ မြေပေါ်တွင်မှောက်လျက်သား။

စူးရှသည့်အပုပ်နံ့များက လူကို မူးဝေသွားစေသည်။ တ်မြို့လုံး မမှတ်မိတော့လောက်အောင် ပျက်စီးနေခဲ့ပြီ။ ဒုက္ခတရားကြားမှာ မြို့သူမြို့သားတွေက လမ်းပေါ်မှာ တန်းစီစုဝေးလျက် ရှိနေသည်။ သူတို့အဆိုအရ ထောက်ပံ့ရေးပစ္စည်းဝေမည့်အချိန်ကိုစောင့်ပြီး တန်းစီနေကြတာဟု ဆိုသည်။

မုန်တိုင်းတိုက်အပြီး ၆ ရက်မြောက်နေ့ ရောက်သည့်တိုင် လူသေအလောင်းတွေ ကွမ်းခြံကုန်း ချောင်းထဲမှာ ရှိနေသေးသည်။ ယင်းအပုပ်နံ့များကလည်း မြို့လယ်ကောင်မှာ ဟောင်ထလျက်၊ သုသာန်မှာလည်း မမြှုပ်ရသေးသည့် အလောင်းတွေ တန်းစီနေသည်။

“စံပြရပ်ကွက်ဘက်က သေတာဆို အများကြီး။ အလောင်းတွေက ဒီရေတက်တော့ မြို့လယ်အထိ မျောလာတယ်။ သုသာန်ဆီကိုရသလောက်သယ်ပြီး မြှုပ်နေတယ်။ ဒါပေမဲ့ မနိုင်ဘူး။ လူသေတာတွေ အရမ်းများတယ်။ မမြှုပ်ရသေးတဲ့ အလောင်းတွေကို မိုးကာရွက်ဖျင်နဲ့ အုပ်ထားရတယ်။ ကျွဲသေ၊ နွားသေ တွေကဖြင့် မြင်တဲ့အတိုင်း မရှုမလှ အများအပြားပဲ” ဟု မြို့ခံတစ်ဦးက ဆိုသည်။

သူ့ကြည့်ရသည်မှာလည်း စိုးရိမ်ထိတ်လန့်နေပုံရသည်။ ကြောက်စရာအဖြစ်ဆိုးကြီးအပြီး လူတိုင်းလိုလိုပင် စိုးရိမ်ထိတ်လန့်နေကြတာကို တွေ့ရသည်။ ဒါကတော့ မုန်တိုင်းတိုက်ခတ်အပြီး ၅ ရက်အကြာ ကျွန်တော် ပထမအကြိမ် ကွမ်းခြံကုန်းမြို့ရောက်ခဲ့စဉ်က ဖြစ်သည်။

ကျွန်းချောင်း

မေ ၁၁ ရက်မှာတော့ ကွမ်းခြံကုန်းမြို့နယ်တွင်းရှိ လေဘေးဒဏ်ခံ ကျေးရွာများသို့ ကျွန်တော် ဒုတိယအကြိမ် ရောက်ခဲ့ပြန်သည်။ အထူးသဖြင့် ကွမ်းခြံကုန်းမြို့နှင့် ၃ မိုင်ခန့်သာ ဝေးသည့် ကျွန်းချောင်း ကျေးရွာသို့ ဦးတည်လာခဲ့ခြင်းဖြစ်သည်။ တစ်ခါက အလွန်သာယာခဲ့သည့် ရွာကလေးဖြစ်သော်လည်း နာဂစ် မုန်တိုင်းတိုက်ခတ်ပြီးနောက် အရာအားလုံးပျက်စီးသွား ခဲ့ပြီဖြစ်သည်။ အရာဝတ္ထုတွေတင် မကပါ။ လူတွေ၏ ဘ၀တွေပါ ပျက်စီးခဲ့ရခြင်းဖြစ်သည်။

“ကျွန်တော့်မိသားစုဝင် ၅ ဦးမှာ ၄ ဦးသေ ခဲ့တယ်။ မုန်တိုင်းတိုက်တဲ့ညက ကျွန်တော်တို့က ကွင်းထဲမှာ ရှိနေတယ်။ မုန်တိုင်းတိုက်တဲ့အချိန်မှာ မိုးကလည်း သဲသဲမဲမဲပဲ။ လေကတော့ ပြင်းထန်သလား မမေးနဲ့။ အစတုန်းကတော့ မိသားစုတွေအကုန်လုံး မတ်တပ်ရပ် နေရတယ်။ ပြီးတော့ ဒီလှိုင်းတွေ တက်လာတဲ့အချိန်မှာ အကုန် အိမ်ရော၊ လူရော ပါသွားတယ်။ မိသားစုဝင်တွေ ကွဲသွားတယ်။ အော်ခေါ်လည်း မကြားတော့ဘူး။ ကျွန်တော်လည်း တညလုံး သွေးရူး သွေးတန်းနဲ့ မျောနေတာ၊ နောက်ဆုံး ကောက်ရိုးပုံတပုံတွေ့တော့ အဲဒီပေါ်မှာ တက်နေရတယ်။
မိုးလင်း မုန်တိုင်းစဲချိန်၊ ကျွန်တော့်ဇနီးနဲ့ ကလေးတွေကို လိုက်ရှာတော့ ညနေပိုင်းမှာ ဇနီးနဲ့ ကလေး ၁ ယောက် ဖက်လျက်သား သေနေတာ တွေ့ရတယ်။ ကျွန်တော့် ကျန်တဲ့ ကလေးနှစ်ဦးကတော့ အခုချိန်ထိ မတွေ့သေးဘူး”

ဟု လယ်ကူလီလုပ် အသက်မွေးသည့် ကိုမြတ်ထွန်းကပြောပြသည်။

၃၁ နှစ် သာရှိသေးပေမယ့် သူ့မျက်နှာသည် ဆယ်နှစ်စာလောက်ပိုပြီး အိုစာသွားသည်။ အဖြစ်အပျက်တွေ ပြန်ပြောပြနေရင်းက တခါတခါ အသံတွေ နစ်ဝင်နေသည်။ တခါတခါမှာတော့ အံကိုတင်းတင်း ကြိတ်ထားသည်။ ဘယ်လိုဖြေဖြေ မပြေနိုင်တော့သည့် သူ့ရင်ထဲက သောကကို ကျွန်တော် ခံစားလို့ရပါသည်။ လောလောဆယ် သူ့မှာ နေစရာ အိမ်မရှိ၊ ၀တ်စရာ အ၀တ်မရှိ၊ မိသားစုလည်း မရှိတော့ပြီ။

“ရွာထိပ်မှာ အလောင်းတွေ ရှိသေးတယ် အစ်ကို။ သွားကြည့်ဦးမလား”

ဒေသခံတဦးက ကျွန်တော်တို့ကို မေးလာသည်။ သွားကြည့်တော့ ကလေးအလောင်းနှင့် မိန်းမအလောင်းတွေ ဖြစ်နေသည်။

“အဲဒါ ဟိုဘက်ကမ်းက သေပြီး မျောလာတဲ့ အလောင်းတွေ။ ဒီမှာ တင် နေတာ အစ်ကို။ လူတွေကလည်း ကိုယ့်ဒုက္ခနဲ့ ကိုယ် ဆိုတော့ အလောင်းတွေ ဘယ်ရှင်းနိုင်မှာလဲ။ ကိုယ့်မိသားစုဝင်ထဲက သေသွားသူတွေရဲ့ အလောင်းကိုတောင် ပြန်မရှာကြတော့တာ”

ဟု အဆိုပါ ဒေသခံက ဆက်ပြောနေသည်။

ဟုတ်ပါသည်။ ရွာထဲက လူတွေမှာ လတ်တလောနေဖို့နှင့် စားဖို့ အတွက် လုံးပန်းနေရသည်မို့ ကိုယ့်အိမ်သားတွေထဲက မုန်တိုင်းထဲပါသွားသူတွေ၏ အလောင်းကိုတောင်မှ မရှာအားကြတော့။ သေပြီးတဲ့သူက သေပြီးပြီပဲဟု ဖြေတွေးလေး တွေးကြတော့သည်။

“အဲဒီ မုန်တိုင်းတိုက်တဲ့ညက တစ်ခါတည်း သေတာကမှ ကောင်းသား။ သေရင် အေးရော။ သားနဲ့ ချွေးမ သေတယ်။ သူတို့ကတော့ အေးပြီပေါ့။ ကိုယ်က အသက်ရှင်နေတော့ အခုလို ဒုက္ခတွေနဲ့ ရင်ဆိုင်နေရပြီ”

မျက်ရည်တွေသုတ်ရင်း မိန်းမကြီးတစ်ဦးက ပြောနေ သည်။ သူမအိမ်မှာ တစစီ ဖြစ်နေပြီ။ အိမ်ထောင်ပရိဘောဂတွေလည်း မရှိတော့။ အိမ်မှာ အဓိက ရှာဖွေကျွေးမွေးနေသည့် သားနှင့်ချွေးမတို့ သေဆုံးသွားသည့်အခါ ကျန်ရစ်ခဲ့သည့် မြေးတစ်ယောက်နှင့်အဘွားအို၏ရှေ့ရေးကို ကာယကံရှင်မပြောနှင့် ကျွန်တော်ပင် စဉ်းစားလို့ မရပါ။

အလှူရှင်များက ဂျာနယ်တိုက်များ၊ မဂ္ဂဇင်းတိုက်များကို လာရောက်ဆက်သွယ်ပြီး လေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသည့်ပစ္စည်းများကို အဆိုပါ ကျွန်းချောင်း ကျေးရွာတွင် ကျွန်တော်တို့ လှူဒါန်းခဲ့သည်။

စားဝတ်နေရေး အခက်အခဲဖြစ်နေချိန်တွင် ကျွန်တော်တို့ ကူညီနိုင်သည့် ပမာဏ နည်းသော်လည်း ကျေးရွာပြည်သူတို့အဖို့ ရွှေဖြစ်နေသည်။ ယခုလို သူတို့ အကူအညီရသည်မှာ ကျွန်တော်တို့ဆီက ပထမဦးဆုံးဖြစ်ကြောင်း ပြောပြကြသည်။

ကျွန်တော်တို့ ရွာထဲကပြန်ထွက်လာသည့်အခါ လယ်ကွင်းထဲတွင် ပြန့်ကျဲနေသည့် စပါးအိတ် ရာထောင် များစွာကို လှမ်းတွေ့ရသည်။ တစ်ခါက ဤနေရာတွင် လူတွေ နေခဲ့ဖူးသည်ဟုသာ စိတ်ကူးဖြင့် မြင်အောင် ကြည့်ရတော့မည်။

တနေရာမှာတော့ အမှိုက်သရိုက် ဒိုက်များဖြင့် ရောထွေးငြိတွယ်ကာ ပျက်စီးနေသည့် အိမ်လေးတလုံးကို တွေ့ရသည်။ လေထုထဲလွင့်ပါလာသည့် အနံ့အသက်က သိပ်မကောင်းလှ။

“ဒီအိမ်က မိသားစုတွေဆို အကုန်လုံး သေကုန်တာ။ အလောင်းတွေက အဲဒီအပျက်အစီးအောက်မှာ အခုထိ ရှိနေသေးတယ်”

ဒေသခံက ရှင်းပြနေသည်။

ရွာကပြန်အထွက်မှာ ဒေသခံတဦးက ပြောလိုက်သည့် ငိုစရာမျက်ရည်တောင် မရှိတော့ဘူး ဆိုသည့်စကားကို ကျွန်တော် အခုမှ သဘောပေါက် နားလည်သွားသလိုရှိသည်။

နှခေါင်းချောင်း၊ ချောင်းကြီး

မေလ ၁၄ ရက်တွင် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အပိုင် ကျေးရွာများဖြစ်သည့် နှာခေါင်းချောင်း ကျေးရွာနှင့် ချောင်းကြီးကျေးရွာတို့မှ လေဘေးသင့် ပြည်သူများကို ဆန်နှင့် အခြားပစ္စည်းများ သွားရောက်လှူဒါန်းဖို့ ကွမ်းခြံကုန်းမြို့ကို တခေါက် ရောက်ခဲ့ပြန် သည်။

လူသေအလောင်းနှင့် အပုပ်နံ့များကတော့ အတော်လေး ကင်းစင်သွားခဲ့ပြီဖြစ်သည်။ ကွမ်းခြံကုန်း ချောင်းထဲမှတစ်ဆင့် စက်လှေဖြင့် တိုးမြစ်ကိုဖြတ်ပြီး တဖက်ကမ်းရှိ နှာခေါင်းချောင်း ကျေးရွာကို အရင်ဝင် ဖြစ်သည်။

တခါက စိမ်းစိုညို့မှိုင်းခဲ့သည့် ထိုမြစ်အတွင်းရှိ ကျွန်းကလေးများသည် ယခုတော့ သွေ့ ခြောက်သွားခဲ့ပြီ။ ကျွန်းပေါ်တွင်ရှိသည့် ငှက်ပျောခြံများ မှာမူ အပိုင်းပိုင်းပြတ်ပြီး အုန်းပင်တချို့သာ ကျိုးတိုးကျဲတဲ မြင်ရသည်။

လှေနှစ်စင်းဝင်စာသာကျယ်သည့် ချောင်းကလေးထဲမှ နှာခေါင်းချောင်း ရွာဘုန်းကြီးကျောင်းသို့ ၀င်သည့်လမ်းတစ်လျှောက်တွင် လက်ကိုင်လော်စပီကာဖြင့် ထောက်ပံ့ရေးပစ္စည်းများ ကျေးရွာဘုန်းကြီးကျောင်းတွင် ဝေပေးမည့်အကြောင်း အော်သည့်အခါ ကျေးရွာဒေသခံများမှာ ကြောင်နေကြသည်။

ဘယ်ကမှ အထောက်အပံ့တွေ ရောက်မလာသည်မို့ သူတို့အထောက်အပံ့တွေ မမျှော်တတ်ကြတော့ဘူးလား မသိ။ ကျနော်တို့ အော်လွန်းမက အော်တော့မှ ၀မ်းသာအားရ ပြေးလာကြသည်။ “ကျွန်တော်တို့ ကူထမ်းပေးပါမယ်” ဆိုပြီး ပါလာသည့်ပစ္စည်းတွေကို ၀ိုင်း ၀န်းသယ်ချပေးကြသည်။

ဘုန်းကြီးကျောင်းမှာ ကလေး၊ လူကြီး အများကြီး စုနေပြီး၊ နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်က သူတို့ကြုံရသည့်ဒုက္ခတွေ၊ ခံစားရမှုတွေကို အပြေးအလွှား ရင်ဖွင့်သည်။

တချို့အမေကြီးတွေက မျက်ရည်လည်ရွဲဖြင့် “မြို့ကြီးသားများ ကျန်းမာချမ်းသာပါစေ” ဟု တိုးတိုးလေး ဆုတောင်းပေးကြသည်။ ကျွန်တော်တို့ မြစ်ကူး ချောင်းဖျား ခက်ခက်ခဲခဲလာပြီး သူတို့ကို ကူညီထောက်ပံ့တာတွေကိုလည်း အတော် အံ့သြနေသည်။

“ရေ ရေ ပေးပါ …” ဟု အသက် ၅၀ အရွယ် လူကြီးတစ်ဦးက ကျွန်တော့် အနား ကပ်လာသည်။ လှမ်းပေးသည့်ရေဘူးကို အငမ်းမရဖွင့်ပြီး မော့သောက်လိုက်သည်။ ပြီးတော့မှ မျက်လုံးတွေ ပြန် ၀င်းလက်လာပြီး ပြုံးပြသည်။

“ကျွန်တော်တို့ ရွာကန်ကပဲ ရေသောက်တာလေ။ အခု ရွာကန်က ဒီရေတက်တုန်းက ရေမြုပ်တော့ ငန်နေပြီ။ ဘာမှ သောက်မရတော့ဘူး။ ဒါပေမဲ့ ငတ်လွန်းမက ငတ်တော့လဲ …”

သူက လက်ရှိ သူတို့အခက်အခဲကို ရှင်းပြပြီး စကားဖြတ်ထားလိုက်သည်။ သူဆက်မပြောတော့သော်လည်း ကျွန်တော်နားလည် ပါသည်။ ရေငန်ဝင်နေသည့် ရေကိုပဲ သူတို့ဆက် သောက်နေရသည်။

အချိန်မရတော့သည်မို့ သူတို့တွေနှင့် အသေအချာ စကားမပြောခဲ့ရသော်လည်း ဒီရွာမှာ လူတွေ ဘယ်နှယောက်လောက် သေလဲ ဟု မေးမိသည်။ လူ တရာ ၀န်းကျင်ခန့်လောက် ဟု ဒေသခံတွေက ပြောသည်။ သေတဲ့ အလောင်းတွေကို ဘယ်လို လုပ်လိုက်သလဲတော့ မမေးမိ။ သေချာတာက သူတို့လည်း မြစ်ထဲ မျှောထားလိုက်မှာပါပဲ။

နှာခေါင်းချောင်းရွာက ထွက်ပြီး တိုးမြစ်ဘက် စုန်ဆင်းလျှင် ချောင်းကြီးကျေးရွာကို ရောက်သည်။ နှာခေါင်းချောင်းရွာလိုပင် ချောင်းကြီးရွာထဲကိုရောက်ဖို့ ချောင်းထဲကို အတော်ဝင်ရသည်။ ၀င်လာသည့်ချောင်းရိုး တစ်လျှောက်မှာတော့ ကျွဲသေတွေကို တွေ့ရသည်။ စက်လှေပေါ်ပါလာသည့် စေတနာရှင်တွေက ချောင်းရိုး တစ်လျှောက်မှာရှိသည့် ကလေးတွေကို ပေါင်မုန့်တွေ လှမ်းပစ်ပေးတော့ ကလေးတွေ ပျော်သွားကြတာတွေ့ ရသည်။

နှာခေါင်းချောင်းရွာမှာလိုပင် ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့ကူညီသည့် ဆန်နှင့်အခြား ထောက်ပံ့ပစ္စည်းတွေ လာယူနိုင်ကြောင်း အော်သွားသည်။ ဘုန်းကြီးကျောင်း တံတားဆိပ်မှာ ကျွန်တော်တို့စက်လှေရောက်တော့ ကလေး၊ လူကြီး အတော်လေးများနေတာ တွေ့ရသည်။

မြစ်ကူး ချောင်းဖျား ရေလမ်းခရီးမှာ ဒီရေ အတက်အကျကြည့်သွားရသည်မို့ ချောင်းကြီးရွာမှာလည်း အချိန်မရ။ ဒုက္ခသည်တွေလည်း ဘုန်းကြီးကျောင်းမှာ စုနေကြသည်။ ကျောင်းထိုင်ဘုန်းကြီးကိုသာ ပစ္စည်းတွေသင့်တော်သလိုဝေပါဟု အပ်နှံခဲ့ရသည်။

စက်လှေထွက်ခါနီးတော့ ဒေသခံလူငယ် တစ်ဦးကို အပြေးအလွှားမေးကြည့်ရသည်။ ဒီရွာမှာ အတော်သေကြသည်ဟု သူကဆိုသည်။

“ကျွန်တော်ဆို အိုးလဲမရှိ၊ အိမ်လဲမရှိတော့ ဘူး။ အခု ဘုန်းကြီးကျောင်းမှာ တက်နေရတယ်။ သေတဲ့လူကတော့ ဘုန်းကြီးတွေ စာရင်းကောက်တာတောင် လူ ၉၀ ၀န်းကျင်လောက်ရှိမယ်”ဟု ယင်းဒေသခံ လူငယ်က ဆိုသည်။

အပြေးအလွှားမို့ နာမည်ကို မမေးခဲ့မိ။ ဘာပဲဖြစ်ဖြစ် သူတို့အဖို့ ကျွန်တော်တို့ သွား ရောက်လှူဒါန်းခဲ့သည့် ပစ္စည်းများက ၇ ရက်စာလောက်တော့ ဖူလုံပါသည်။ ဒီထက်ပိုသည့် အထောက် အပံ့အကူအညီတွေရရင်တော့ ပိုကောင်းမှာပေါ့။

အကူအညီတွေ အမှန်တကယ် ရောက်သင့်သည့်နေရာကို အမြန်အဆန်ရောက်ပါစေကြောင်း ဆုတောင်းရသည်။

အသွားနဲ့ အပြန်

အပြန်မှာတော့ ကွမ်းခြံကုန်းမှ ရန်ကုန် ကားလမ်းဘေးက ပြည်သူတွေ ကားလမ်းတစ်ဖက် တစ်ချက်မှာ သူတို့ကို ပါလာတာလေးတွေ ချပေးခဲ့ဖို့ အကူအညီတောင်းနေတာ တွေ့ရသည်။ ယခင်နှစ် ခေါက် ဤလမ်းပေါ် ဖြတ်သွားစဉ်က ကျွန်တော်မတွေ့ခဲ့ရသည့် မြင်ကွင်းနှင့် အတွေ့အကြုံများဖြစ်ပါသည်။

စေတနာရှင်တွေက ပေးသွားသည့် ဆန်ထုပ်လေးတွေ ပိုက်ရင်း ယောက်ျားရင့်မာကြီးတွေ၊ မိန်းမတွေ၊ အဘွားအိုတွေ၊ ကလေးတွေ နောက်ထပ်ကားပေါ်က ပစ်ချပေးမည့် ပစ္စည်းများကို သူတို့မျှော်နေကြတာ မှောင်ရီပျိုးစအချိန်ထိ ကျွန်တော်တို့ကား ဖြတ်လာရာ လမ်းတလျှောက်မှာ မြင်နေခဲ့ရသည်။

ကျွန်တော်ကတော့ ဤလူတွေ လမ်းဘေးမှာ ရပ်ရင်း အကူအညီမျှော်နေတာ နောက်တခေါက်လာရင် မမြင်ပါရစေနှင့်ဟုသာ ဆုတောင်းမိသည်။ ထိုက်သင့်သည့် အကူအညီတွေ လာပါစေတော့၊ အမှန်တကယ်ရောက်သင့်သည့်နေရာတွေကို ရောက်ပါစေတော့၊ အကူအညီခံစားသင့်သည့် ပြည်သူတွေ ခံစားရပါစေတော့၊ လူသားဆန်သည့် စိတ်ဓာတ်တွေ နေရာအနှံ့ ထွန်းကားပါစေတော့…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts