သန်းဝင်းလှိုင်

Than Win Hlaing – Articles

မြန်မာ့အမြောက်
သန်းဝင်းလှိုင်
စက်တင်ဘာ ၂၉၊ ၂၀၁၃

  

ရှေးခေတ်မြန်မာ့စစ်လက်နက်ခဲယမ်းမီးကျောက်များ၌ အမြောက်သည်ထူးခြား၍ စိတ်ဝင်စားဖွယ် ကောင်းသော စစ်လက်နက်ပစ္စည်း တစ်ခုဖြစ်သည်။
အမြောက်သည် စစ်ရေးတွင်များစွာ အားထားရသော လက်နက်ပစ္စည်းတစ်ခုဖြစ်သည် သာမက နှစ်နိုင်ငံ ချစ်ကြည်ရေး ဧည့်သည်တော် များအား ကြိုဆိုရာတွင်လည်းကောင်း၊ နိုင်ငံရေးအရ အချက်အချာကျသော နေ့ထူးနေ့မြတ်ကြီးများ ကျင်းပရာတွင် လည်းကောင်း၊ အမြောက်ကို တခမ်းတနား ပစ်ဖောက်ကာ ဂုဏ်ပြုလေ့ရှိသည်။
အမြောက်ဟူသော ဝေါဟာရကို ပုဂံခေတ်ကပင် အသုံးပြုခဲ့ကြောင်း သမိုင်းအချို့၌ ဖော်ပြကြသည်။ သုသောဓိက ရာဇဝင်ကြီး၌ –
“ဆင်ဆေးသမား ဆင်တတ်သသူ၊ မြင်းဆေးသမား မြင်းတတ်သသူ၊ ဒိုင်း၊ လွှား၊ ကာလုပ်တတ်သသူ၊ အမြောက်သေနတ်၊ လေးလုပ် တတ်သသူ ….. ဤသူတို့ကိုလည်း အခြားအခြား မရောစေဘဲ ဆောင်ယူတော်မူခဲ့၏။”
ဟု အနော်ရထာမင်း (အေဒီ ၁၀၄၄ – ၁၀၇၇) သထုံမှ ပုဂံသို့ ဆောင်ယူလာသော စာရင်းတွင် တွေ့ရသော်လည်း ပုဂံခေတ် စောလူးနှင့် ငရမန်ကာန်း နှင့် ကျန်စစ်သား စစ်ပွဲများတွင်လည်းကောင်း၊ အလောင်းစည်သူမင်းလက်ထက် စစ်ချီမှုများတွင်လည်းကောင်း၊ အမြောက်၊ သေနတ် လက်နက်စွဲကိုင်ကြောင်း မတွေ့ရချေ။ လှံ၊ ဓါးနှင့် ကူညီထိုးခုတ်မှသာ ငြိမ်ဝပ်ကြောင်း တွေ့ရပေသည်။
ပြောင်းသေနတ်၊ အမြောက်၊ မြတပူ စသော အသုံးအနှုန်းကို အစောဆုံးတွေ့ရှိရသည်မှာ သက္ကရာဇ် ၇၆၆ – ၇၆၇ ခုနှစ်များတွင် ရာဇာဓိရာဇ်နှင့် ဘုရင်ခေါင်တို့ ဆင်နွှဲသော တိုက်ပွဲများတွင်မှ တွေ့ရှိရ၏။ ယင်းနှင့်ပတ်သက်၍ မှန်နန်းရာဇ၀င်တော်ကြီး သတ္တမတွဲ စာမျက်နှာ ၂၆၈၌ မွန်မင်း ရာဇာဓိရာဇ်လည်း ဟံသာဝတီက ဆန်တက်၍ ပြည်မြို့သို့ရောက်လျှင် အကြိမ်ကြိမ် လုပ်ကြံသည်။ ပြည်မြို့တွင်းက ပြောင်းသေနတ်၊ အမြောက်မြတမူ (အမြောက်အမည်)နှင့် ပစ်ခတ်၍ မြို့ကိုမတက်ဝံ့၊ သူရဲသူခက် အသေအပျောက်များလျှင် ပြည်မြို့ကခွာ၍ မြေထဲသို့ ဆန်လေ၏” ဟု ဖော်ပြထားသည်။ ယင်းတိုက်ပွဲအကြောင်း ဖော်ပြရာ၌ ထူးခြားချက်တစ်ခုရှိလာ၏။ ယင်းထူးခြားချက် ‘သေနတ်’ မျှသာမက ‘အမြောက်’ ကို သုံးစွဲကြောင်း ရှေးဦးစွာ တွေ့ရှိရခြင်း ဖြစ်သည်။
ရာဇဝင် မှတ်တမ်းများတွင်မက ပျို့ကဗျာများတွင်လည်း ‘သေနတ်’ ‘အမြောက်’ အသုံးအနှုန်းကို သက္ကရာဇ် ၈၉၁ ခုနှစ်ခန့်တွင် စတင်တွေ့ရှိရ၏။ ထိုအချိန်က ရေးသားသော ရှင်မဟာရဋ္ဌသာရ၏ သံဝရပျို့၌ –
“မီးပေါက် လေးမြား၊ လှံဓား လွှားကာ၊ ကိရိယာအပုံ၊ လက်နက်စုံသား” ….. ဟူ၍ လည်းကောင်း၊
“လှံရှည် အဲမောင်း၊ ကာတောင်း ကာလွှား၊လေးမြား အမြောက်၊ အထောက်ထောက်ဖြင့်၊တိုက်ဖောက်ရန်ထွင်း၊ သင်းပင်းအပေါင်း၊သူရဲကောင်းကို ………..” ဟူ၍ လည်းကောင်းရေးသားခဲ့၏။
ယင်းနောက်ပိုင်းတွင်မူကား တပင်ရွှေထီးမင်းလက်ထက်၊ ဘုရင့်နောင်မင်းလက်ထက်၊ အလောင်းမင်းတရားလက်ထက်များတွင် မြန်မာ့တပ်မတော်၌ ပေါ်တူဂီ၊ ပြင်သစ်စသည့် နိုင်ငံခြားသားများသည် သေနတ်တပ်သား၊ အမြောက်တပ်သားများအဖြစ် ပါဝင်အမှုထမ်း ခဲ့သည့် သမိုင်းမှတ်တမ်းများရှိသည်။
ကမ္ဘာ့သမိုင်းတွင် ခရစ် ၁၃၄၆ ခုနှစ် ဥရောပ၌ ဖြစ်ပွားခဲ့သော ကရေးဆီးစစ်ပွဲတွင် အမြောက်ငယ်များကို ပထမဆုံး အသုံးပြုခဲ့ကြောင်း တွေ့ရသည်။ ၁၆ရာစု အလယ်ပိုင်းတွင်ကား အမြောက်များကို ဘီးတပ်ယာဉ်များတွင်တင်ကာ အများဆုံးအသုံးပြုခဲ့ကြပြီး အာရှနိုင်ငံများသို့ ကိုလိုနီကြေးစားစစ်သားများနှင့်အတူ ရောက်ရှိခဲ့လေသည်။
ဦးကုလားရာဇဝင်နှင့် မှန်နန်းရာဇဝင်တော်ကြီးတွင် ဖော်ပြခဲ့သော သက္ကရာဇ် ၇၇၁ခုနှစ်တွင် ဘုရင်မင်းခေါင်နှင့် ရာဇဓိရာဇ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် ‘ဘားနံတိုက်ပွဲ’ အကြောင်းတွင် အမြောက်၊ စိန်ပြောင်း၊ မြတပူ ဟူသော အသုံးများကို တွေ့ရသည်။ စင်စစ် ‘မြတပူ’ ဟူသည်မှာ အမြောက်၏ အမည်ပင်ဖြစ်သည်။ တဖန် အမြောက်ကို ‘မီးပေါက်’ ဟူ၍ တနည်း ခေါ်ဆိုကြသေးသည်။ ရှေးခေတ်က မောင်းမပါသော သေနတ်နှင့် အမြောက်တို့ကို မီးပေါက်ဟု ခေါ်ခြင်းဖြစ်သည်။ ပစ်လိုသောအခါ နားခွက်၌ ယမ်းပုံကာ ယမ်းကိုမီးရှို့၍ ပစ်ရသည်။ စိန်လည်း၎င်းနည်းအတိုင်းပင်။ ထိုလက်နက်မျိုးကို ငွေဇ၀ါရိုက်လျှင် ငွေမီးပေါက်ဟု ခေါ်ကြကြောင်း  ဦးကုလားရာဇဝင်တော်ကြီး၌ ဖော်ပြထားသည်။
စင်စစ် အမြောက်အသုံးကား ဟံသာဝတီနှင့် အဝ (အင်းဝ) ဧကရာဇ် နိုင်ငံတော်ခေတ်သို့ ရောက်ရှိလာသောအခါမှသာ အနောက်ဥရောပနိုင်ငံအချို့နှင့်ဆက်ဆံမှုများလာပြီး၊ အမြောက်လက်နက် များကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြောင်း တွေ့ရသည်။
မြန်မာ့သမိုင်းတွင် အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိ (အေဒီ ၁၅၀၁ – ၁၅၂၇)သည် ဆင်ဦး၌ပင် အမြောက်သင့် နတ်ရွာစံခဲ့ဖူးသည်။ ပထမဆုံး အမြောက်သင့်၍ နတ်ရွာစံသော မင်းတစ်ပါး ဖြစ်၍ ထူးဆန်းသော ဇာတ်လမ်းတစ်ပုဒ်ဟု ဆိုရပေမည်။
အမြောက်လက်နက်ကို အထူးသဖြင့် ဘုရင့်နောင်ကျော်ထင်နော်ရထာ (အေဒီ ၁၅၁၁ – ၁၅၈၁)၏ လက်ထက်တွက် သမာရိုးကျစစ် (Regular Warfare) ဆင်နွှဲရာတွင် အများဆုံး အသုံးပြုခဲ့ကြောင်း တွေ့ရလေသည်။ ထိုစဉ်က တစ်သန်းရှိသော တပ်မတော်ကြီးတွင် အမြောက်ရှစ်သောင်းကျော် အသုံးပြုခဲ့သည်မှာ ထူးခြားလှပေသည်။
အင်းဝခေတ်မှစ၍ သုံးစွဲခဲ့သော အမြောက် သို့မဟုတ် စိန်ပြောင်းသည် ကုန်းဘောင်ခေတ်မင်းများ လက်ထက်တွင် တွင်ကျယ်စွာ အသုံးပြုလာခဲ့ကြသည်။ အင်္ဂလိပ် မြန်မာ စစ်ပွဲများအတွင်း မြန်မာတို့ဖက်မှ စစ်ချီတပ်ဖွဲ့များတွင် ‘စိန်တပ်ဖွဲ့’၊ ‘အမြောက်တပ်ဖွဲ့’များ ပါရှိကြောင်း တွေ့ရသည်။စစ်သူကြီး မဟာဗန္ဓုလ၏ ဓညဝတီစစ်ကြောင်းချီ တပ်မတော်အကြောင်း အောက်ပါအတိုင်း ဖော်ပြထားသည်။
“ဗိုလ်မှူး သတိုးမင်းကြီး မဟာဗန္ဓုလ တပ်မတော်နှင့် တပ်ပေါင်း တစ်ဆယ့်နှစ်တပ်၊ တပ်ပါရဲမက် အမှုထမ်း လူတစ်သောင်း၊ ဆင်ငါးဆယ်၊ မြင်းငါးရာ အမြောက်၊ စိန်ပြောင်း၊ သေနတ်လက်နက် ကိရိယာစုံများနှင့် စလင်းဆင်ဖြူကျွန်းဆိပ်ကသည်၊ ဓည၀တီမြို့ရောက် ချီတက်ရပ်နေရ၏။”
ဒုတိယ အင်္ဂလိပ် – မြန်မာ စစ်ပွဲအတွင်း၌လည်း မြန်မာတို့ဖက်မှ ‘စိန်ပြောင်း’ သို့မဟုတ် အမြောက်တပ်များပါရှိလေသည်။ ဒုတိယ အင်္ဂလိပ် – မြန်မာ စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့သော အင်္ဂလိပ် တပ်မှူးတစ်ဦးဖြစ်သူ ‘ဗိုလ်မှူးကြီး လော်ရီ’၏ အဆိုမှာ “စိန်ပြောင်းကို Jingal ဟု ခေါ်ဝေါ်ထားပြီး စိန်ပြောင်းကို ခံတပ်နံရံများပေါ်တွင်တင်၍ ပစ်ခတ်သော လက်နက်ကိရိယာ ဖြစ်သည်။ ယင်းသည် ပေါင်ဝက်မှ ၂ပေါင်၊ ၃ပေါင် အလေးချိန်စီးသည်အထိ အရွယ်အစားစားရှိပြီး ပြောင်းထဲတွင် သေးငယ်သော ခဲလုံးများထည့်၍ ပစ်ခတ်ရသည်”ဟု ဆိုထားလေသည်။ တဖန် အထက်မြန်မာပြည် ဂေဇက်တီးယား  အတွဲ ၂၊ အပိုင်း ၁ တွင်လည်း “စိန်ပြောင်းသည် ပြောင်းဝ ၁လက်မ မှ ၂လက်မ အထိ ကျယ်ပြီး ၁၈လက်မ မှ ၂ဝလက်မ အထိ ရှည်လျားလေ့ရှိသည်”ဟု ဖော်ပြထားသည်။ ယခုအခါ အမျိုးသားပြတိုက်ဝင်း အတွင်းရှိပြောင်းတိုတိုနှင့် ဘီးတပ်ထားသော အမြောက်ငယ်မျိုးမှာ စိန်ပြောင်းဟု ခေါ်နိုင်လေသည်။
ကမ္ဘာပေါ်တွင် အမြောက်လက်နက်ကို အမြောက်အမြား အသုံးပြုလေ့ရှိသော နပိုလီယံဘိုနာပတ် (Napoleon Bonaparte) (၁၇၉၉ – ၁၈၁၉)ထက် နှစ် ၂၀၀ စော၍ အသုံးပြုခဲ့သည်မှာ အံ့ဖွယ် ထူးခြားချက်ပင်ဖြစ်သည်။
စင်စစ် မြန်မာ့သမိုင်းတွင် စစ်လက်နက် ပစ္စည်းများတွင်သာ ခေတ်မီသည် မဟုတ်သေး။ မြန်မာစစ်သည် သူရဲကောင်းများသည်လည်း သူရသတ္တိနှင့် ပြည့်စုံခဲ့ကြသည်။ အင်းဝခေတ်နှောင်းမှ ကုန်းဘောင်ခေတ်နှောင်းအထိ မြန်မာ့စစ်ဆင်ရေးကဏ္ဍသည် ပိုမိုတိုးတက်ခဲ့လေသည်။ ကုန်းဘောင်ခေတ်တွင် မြန်မာ့သူရဲကောင်းများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသော အင်္ဂလိပ်စစ်ဗိုလ်အချို့က “မြန်မာအမျိုးသားတိုင်းသည် နိုင်ငံတော်အား ကာကွယ်ရန် လိုအပ်သောအခါများတွင် တင်းပြည့် စစ်မှုထမ်းများ (Professional Soldiers)  ဖြစ်ကြသည်” ဟူ၍ လည်းကောင်း၊ တိုက်ရေးခိုက်ရေးတွင်လည်း “မြန်မာတိုင်းသည် စစ်သားအဖြစ် မွေးဖွားလာသူများ” ဖြစ်ကြသည် ဟူ၍ လည်းကောင်း မှတ်တမ်းတင်ခဲ့ကြသည်။
မြန်မာ့စစ်သမိုင်းတွင် အမြောက်လက်နက်ကို အထူးအားကိုးအားထား ပြုခဲ့ကြကြောင်း တွေ့ရှိရသည်။ ရှေးခေတ် မြန်မာ့စစ်တပ်ဖွဲ့စည်းပုံများတွင် ‘လေးရွာပြု’ ဖွဲ့စည်းပုံ၌ “စစ်သည်သူရဲ ဒိုင်းကိုင် ၅ဝ၊ လေးမြားသမား ၈ဝ၊ လှံဓါးဆွဲ ၅ဝ၊ သေနတ်ကိုင် ၈ဝ၊ အမြောက်သမား ၉ဝ နှင့်စစ်ဝန်ထမ်း ၅ဝ”ပါရှိကြောင်း ဖော်ပြထားသည်။ အမြောက်တပ်သားကို အများဆုံး ဖွဲ့စည်းထားသည်ကို သတိချပ်ရာသည်။
ကုန်းဘောင်ခေတ်ဦးတွင်လည်း အမြောက်ကိုအလေးပေး ထုတ်လုပ်သုံးစွဲခဲ့သည်။ အလောင်းမင်းတရားလက်ထက် (၁၇၅၂ – ၁၇၆၀)တွင် ကြေးအချိန် ၇ဝဝ ရှိသော ဗုံးအမြောက်ကြီးကို သွန်းလုပ်ခဲ့သည်။
“ကျည်ဝ နှစ်မိုက်၊ အလျား ခုနှစ်တောင်၊ ကျည်စေ့ လုံးပတ် နှစ်ထွာ၊ အချိန် ငါးဆယ် ထိုဗုံးအမြောက်နှင့် မီးဖြူမီးဝါသွတ်၍ ညနေညနေတိုင်း …… ဆယ်လုံးဆယ်လုံး မပြတ်ပစ်ခတ်” စေကြောင်း တွေ့ရှိရသည်။
တဖန် သာယာဝတီမင်း နန်းတက်ချိန် (ခရစ် ၁၈၃၇ ခုနှစ်)တွင် ပထမ အင်္ဂလိပ် – မြန်မာ စစ်ပွဲပြီးစကာလ ဖြစ်လေသည်။ နောင်တော် စစ်ကိုင်းမင်း (ဘကြီးတော်) စစ်ရှုံးခဲ့ရခြင်းမှာ စစ်လက်နက်တပ်ဆင်ရေးတွင် ပေါ့ဆခဲ့ခြင်းသည် အကြောင်းရင်းတစ်ရပ် ဖြစ်ခဲ့ကြောင်း သဘောပေါက်ခဲ့၏။ အထူးသဖြင့် အင်္ဂလိပ် – မြန်မာ စစ်ပွဲအတွေ့အကြုံများတွင် အမြောက်လက်နက် တပ်ဆင်ရေး အခန်းသည်များစွာ အရေးပါခဲ့ကြောင်း သတိချပ်ဟန်ရှိသည်။ ထို့ကြောင့် သာယာဝတီမင်းလက်ထက် (၁၈၃၇ – ၁၈၄၆)တွင် စစ်သည်အင်အား၊ လက်နက်အင်အားနှင့် စစ်ရေးလေ့ကျင့်ခန်းများ မပြတ်ဆောင်ရွှက်လျက်ရှိနေကြောင်းကို ‘မေဂျာဘာနေး’ (Major Henry Burney)၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ တဖန် ကပ္ပတိန် ‘မက်လော့’ (Capt. Macleod) ၏ မှတ်တမ်းတွင် –
“ဘုရင်မင်းမြတ် (သာယာဝတီမင်း)သည် စစ်လက်နက် တပ်ဆင်မှုကို အပူတပြင်း ဖြည့်တင်းလျက်ရှိသည်။ ပြည်သူတို့ကိုလည်း လက်နက်ပေးအပ်ခြင်း၊ မိမိ၏ စစ်သည်များကိုလည်း လက်ဖြောင့်တပ်သားများဖြစ်လာစေရန် ကျကျနန လေ့ကျင့်ပေးခြင်းများ ပြုလုပ်လျက်ရှိသည်။ (နေပြည်တော်၌) တနေကုန်တနေခန်း အမြောက်သံ၊ သေနတ်သံများကို ကြားနေကြရသည်။ စစ်လက်နက်ပစ္စည်းအများအပြားကိုလည်း စုဆောင်းသိုလှောင်လျက်ရှိသည်”ဟူ၍ မှတ်တမ်းတင်ခဲ့သည်။
၁၈၃၉ ခုနှစ်၊ ဇူလိုင်လတွင် ‘ကောင့်ဒီဘရိုဗဒီလာ မေဇွန်ဖို့ဒ်’ ဦးဆောင်ပြီး ‘မစ်ဆေရော့ နှင့် မစ်ဆေရှီဗဲ’ အမည်ရှိ ပြင်သစ်ကုန်သည်သုံးဦး အဝ(အင်းဝ)နေပြည်တော်သို့ ရောက်ရှိလာသည်။ မစ်ဆေရှီဗဲသည် သာယာဝတီမင်းအတွက် အမြောက်တင်စစ်သဘောင်္ငယ် အစင်း ၃ဝ တည်ဆောက်ပေးရန် သဘောတူပြီး သဘောင်္ငယ် သုံးလေးစင်းအထိ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။ ၄လ အကြာတွင် ‘စတက်’ ဆိုသူ ဗြိတိသျှ ကုန်သည်တစ်ဦး၏ ခြေထိုးမှုကြောင့် ဆက်လက်မအောင်မြင်ခဲ့ကြောင်း သိရသည်။ တဖန် ဗြိတိသျှတပ်ပြေးတစ်ဦးက မက္ကလွတ်အား ပြောကြားခဲ့ပုံတွင် –
“သာယာဝတီမင်းသည် ရနိုင်သမျှသော ဗြိတိသျှတပ်ပြေးများကို အင်တိုက်အားတိုက် စုဆောင်းလျက်ရှိကြောင်း၊ ယခုအခါ နေပြည်တော်၌ ဗြိတိသျှတပ်ပြေး ၁၄ယောက် ရှိကြောင်း၊ ထို ၁၄ယောက်ကို နေပြည်တော်ရှိ ဘုရင့်အမြောက်တပ်အားလုံး၌ ဦးစီးခန့်ထားလျက် မြန်မာစစ်သည်များအား အမြောက်ပစ်နည်း၊ သေနတ်မီးပေါက်ပစ်နည်းများကို ပြသသင်ကြားစေကြောင်း” စသည်ဖြင့် ပါရှိသည်။ သာယာဝတီမင်းလက်ထက် စစ်ရေးကြိုးပမ်းမှုတွင် အမြောက်လက်နက်ကို အထူးအားထား အလေးပေး ထုတ်လုပ်ခဲ့ကြောင်း တွေ့ရှိနိုင်လေသည်။
ထို့နောက် မင်းတုန်းမင်းလက်ထက် ဘိလပ်(လန်ဒန်) ပညာတော်သင်တစ်ဦးဖြစ်သူ ‘မောင်ရွှေဘင်’သည် မြန်မာသက္ကရာဇ် ၁၂၂၀ပြည့်နှစ်၊ တပို့တွဲ လပြည့်ကျော် ၁၃ရက် (ခရစ်နှစ် ၁၈၅၉ ခုနှစ်၊ မတ်လ ၂ရက်) ဗုဒ္ဓဟူးနေ့တွင် အင်္ဂလိပ်၊သချာင်္ပညာရှင် ‘အိုလင်းတပ် ဂျေဂရေရီ’ (Olinthus G.Gregory 1774-1841) အမြောက်ပစ်နည်းကျမ်းကို အိမ်ရှေ့စံ ကနောင်မင်း၏ ကျောင်းဦးဆောင်၌ မြန်မာဘာသာပြန်ဆိုခဲ့သည်။ အမြောက်ပစ်ရာတွင် ကြုံတွေ့ရသော အဟန့်အတားများ၊ ယမ်းထိုးနည်းများ၊ကျည်ဆန်ကိုချိန်တွယ်နည်းများ၊အမြောက်အနိမ့်ဒီဂရီဖြင့်တွက်နည်း၊ ယမ်းချိန်နည်းများ ကို တွက်နည်းနှင့် လိုရင်းခရီး၏ အရှည်အဝေးသို့ရောက်အောင် တွက်ချက်ပစ်နည်း စသည်ဖြင့် အမြောက်ဗုံးပစ်နည်းကို မြန်မာပြည်တွင် ထည့်သွင်းထားသည်။
ဦးရွှေဘင်၏ အမြောက်ပစ်နည်းကျမ်းကို ခြုံငုံ၍ကြည့်ပါက လွန်စွာသိပ္ပံနည်းကျသော နှစ်ပေါင်း ၅ဝကျော်က သိပ္ပံကျမ်းတစ်စောင်ဟု ဆိုရပေမည်။ ဤကျမ်းပါအချက်အလက်များသည် ရှေးမြန်မာ စစ်သည်တော်များကို အထူးအကျိုးပြုခဲ့မည်မှာ ယုံမှားဖွယ် မရှိချေ။ ထို့ပြင် မြန်မာ့သိပ္ပံသမိုင်းအတွက်လည်း မှတ်တိုင်တစ်ခုဖြစ်သည်။
အမြောက်တပ်ဖွဲ့စည်းပုံနှင့် ပတ်သက်၍ မင်းတုန်းမင်းကြီး ကျောက်တော်ကြီးဘုရားသို့ ထွက်တော်မူပုံ ရောင်စုံပုရပိုက်ဖြူကြီးတွင် တွေ့နိုင်လေသည်။ အထူးသဖြင့် တပ်ဝင်းခင်းကျင်းလိုက်ပါလာပုံကို အောက်ခြေမှတ်စု၌ အကျယ်တဝံ့ ဖော်ပြထားသောကြောင့် ပို၍ တန်ဖိုးကြီးမားလှသည်။ ထိုပုံတွင် ရွှေပြည်စိုးဝန်၊ မြို့ဝန်၊ ထောင်မှူးများနှင့် အဆောင်ကိုင်တို့နောက်မှ မြင်းတပ်တဘက်တချက်ဝန်းရံထားသောအမြောက်တပ်ဖွဲ့ကိုတွေ့မြင်နိုင်ပေသည်။ အောက်ခြေမှတ်စုတွင် အမြောက် ၁ဝလက်ပါရှိသည်ဟု ဖော်ပြထားသည်။ အမြောက်၏ အမည်များကိုပါ ဖော်ပြထားသောကြောင့် ပို၍ တန်ဖိုးကြီးမားလှပါသည်။ လှည်းစကြာတင်အမြောက်၊ မဟာသတ္တရုဇေယအမြောက်၊ ခန့်တိုင်းရောက်အမြောက်၊ ရန်ပုံခွင်းအမြောက် စသည်ဖြင့် ဖော်ပြထားသည်။
ယင်းရှေ့ဖျားချီ အမြောက်တပ်ဖွဲ့တွင် အမြောက်စုသား ၁ဝဝ၊ အမြောက်ကုလား ၅ဝ၊ အမြောက်ဝန်၊ အမြောက်စာရေး၊ အမြောက်တပ်မှူးတို့ ကြီးကြပ်လိုက်ပါလာကြောင်း တွေ့ရှိရလေသည်။ အမြောက်တပ်မှူးနှစ်ဦးမှာ အမြောက်ဝန်၏နောက်မှ စစ်ဝတ်စုံနှင့် မြင်းစီးလျက် လိုက်ပါလာသည်။ မောက်ရှည်စိန်တုံး၊စိန်တောင် တမာရွက်ရှစ်ရွက်၊ပါးကာ၊နားကာ၊နှင်ပါလည်ကွေးနှစ်ဆင့် တပ်ဆင်ထား သည်။ တဖန် သက္ကလတ် မျဉ်းတိုအနီနှင့် မျဉ်းရှည်အစိမ်းကိုလည်း ဝတ်ဆင်ထားသည်။
မင်းတုန်းမင်းတရားကြီးလက်ထက်တွင် အမြောက်လက်နက်ထုတ်လုပ်ရေးအတွက် အင်္ဂလန်၊ ပြင်သစ်၊ အီတလီနှင့် အိန္ဒိယနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခဲ့သည်။ မောင်ရွှေဘင်၊ မောင်မြဲ၊ မောင်တရုတ်ဖြူ၊ မောင်မြူတို့သည် အင်္ဂလန်ပြည် ‘ဂူးလ်ဝိခ်ျ’ လက်နက်စက်ရုံတွင် အမြောက်သေနတ်၊ လက်နက်ခဲယမ်းပြုလုပ်နည်းများကို သင်ကြားခဲ့ကြသည်။
ရတနာပုံ နေပြည်တော်တွင်လည်း အမြောက်လက်နက်စက်ရုံ လေးရုံ တည်ဆောက်ခဲ့သည်။ လက်နက်စက်ရုံ နှစ်ရုံကို မြောက်ပြင် အမရစံခေါင်အရပ်နှင့် အနောက်ပြင် သင်္ဂဇာချောင်း ကမ်းပါးတို့တွင် တည်ဆောက်ခဲ့သည်။ အမြောက်လက်နက် စက်ရုံများကို အိမ်ရှေ့စံ ကနောင်မင်းသားကြီး ကိုယ်တိုင် ကြီးကြပ်တည်ဆောက်ခဲ့သည်။ အမြောက်စက်ရုံ တည်ဆောက်ခဲ့ပုံနှင့် ပတ်သက်၍ ဦးမောင်မောင်တင် (K.S.M.,A.T.M) စီရင်သော ‘ရွှေနန်းသုံး ဝေါဟာရအဘိဓာန်’ စာမျက်နှာ ၂၄၈၌ အောက်ပါအတိုင်း ဖော်ပြထားသည်။
“ရွှေမြို့တော်ကြီး မြောက်ပြင် အမရစံခေါင်ရပ် ရက်ကန်းစက်ရုံ အရှေ့မြောက်ကကပ်လျက် အမြောက်လက်နက်လုပ်ဆောင်သည့် စက်ရုံတော်ကြီးမှာ ဘဝရှင်မင်းတရားကြီးဘုရား ညီတော် ဥပရာဇာအိမ်ရှေ့မင်း ရှိတော်မူစဉ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းစက်ရုံတော်ကြီးအတွင်း မြေပုံလုပ်သည့်ဌာန၊ ထို့ပြင်ပွတ်စက်၊ ရွှေပေါ်စက်၊ မောက်စူးစက်အမျိုးမျိုးနှင့် သံရည်ကျိုစက်၊ ဟန်ဘီးအကြီးအကျယ်နှင့်တကွ မီးအိုးကြီး၌ မီးတံခါးတပ်ဆင်လျက် ပြည့်စုံစွာရှိသည့်အတိုင်း ယမ်းတောင့်ထိုးအမြောက်အမျိုးမျိုး၊ ရေမြှပ်ဗုံးအမျိုးမျိုးကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်။ သို့ရာတွင် အိမ်ရှေ့မင်းမရှိသည့်နောက် ဘုရင်မင်းမြတ်နှင့်တကွ မှူးတော်ကြီးများက ဂရုမစိုက်သဖြင့် အကျိုးမများလှချေ။ ၎င်းအမြောက်စက်ရုံအမှုထမ်း ၁၅၂ယောက်တို့မှာ တစ်လလျှင် စပါးတော် ၃၄၇ဝတင်း သနားတော်မြတ်ခံရသည်။” ဟူ၍ ဖော်ပြထားသည်။
ထို့ပြင် ယင်းအဘိဓာန်၌ပင် လက်နက်တိုက်ဝန်နှင့် အမြောက်ဝန်တို့ကို ခန့်ထား၍ မပြတ်ကြည့်ရှု စစ်ဆေးစေခဲ့သည်။ အမြောက်ဝန်၏ တာဝန်ဝတ္တရားကို –
“လက်နက်တိုက်ဝန် ကြည့်ခွင့်မှတစ်ပါး ကောင်းမွန်စွာ ခင်းကျင်းထားသည့် ရန်ပုံခွင်းအမြောက်၊ မဟာသတြုဇေယျအမြောက်၊ ခန့်တိုင်းရောက်ဟူသော အမြောက်တို့ကို ကြည့်ရှုခွင့်။ စကြာတင်အမြောက်၊ မင်္ဂလာအမြောက်၊ဆူးလေကုန်းမင်္ဂလာအမြောက်၊ဘုံးအိုးမင်္ဂလာအမြောက်၊ တောင်အင်းမင်္ဂလာအမြောက်၊ နောက်တိုးအမြောက်၊ ခရုတုတ်အမြောက် ဟူသော အမြောက်အစု အမှုထမ်းတို့ကို ကြည့်ရှုစီမံခွင့်များကို အမြောက်ဗိုလ်၊ အမြောက်စာရေးတို့နှင့် ဆင့်ဆိုစီမံ ကြည့်ရှုရာ၏” ဟူ၍ ရေးသားထားလေသည်။
အမြောက်လက်နက်ထုတ်လုပ်သည့် လုပ်ငန်းကို နိုင်ငံခြားသား အတတ်ပညာရှင်များနှင့် မြန်မာလူငယ်ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ကလာနက်၊ ဂလပ်စ်၊ စကာလာညီနောင်နှင့် စီဗာတီ စသည့် ပညာရှင်များသည် အမြောက်လက်နက်ထုတ်လုပ်ရေးတွင် ထင်ရှားသူများ ဖြစ်ကြသည်။
၁၈၇၁ ခုနှစ်၊ ဇန်န၀ါရီလတွင် နန်းတော်တွင် အမြောက်စက်ရုံမှ အထူးကောင်းမွန်လှသည့် ယမ်းထိုးကျည်မွှေ အမြောက်ငယ်နှစ်လက်ကို ပထမဆုံးအကြိမ် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ ၁၈၇၂ ခုနှစ်တွင် သင်္ဂဇာချောင်းဘေးရှိ လက်နက်စက်ရုံမှ အမြောက်ငယ်ပေါင်း ၄၂လက်ကို ခေတ်သုံးယမ်းတောင့် ကျည်မွှေအမြောက်အဖြစ် ပြင်ဆင်ထုတ်လုပ်နိုင်ခဲ့သည်။ ယမ်းတောင့် ၆တောင့်ထိုး ဆုံလည်အမြောက်ကြီးနှင့် တူမီးသေနတ်များကိုလည်း ဆက်တိုက်ထုတ်လုပ်ခဲ့သည်။
၁၈၅၈ ခုနှစ်က စတင်တည်ထောင်ခဲ့သော လက်နက်စက်ရုံ ၄ရုံ၏ ထုတ်လုပ်မှု အရည်အသွေးသည် ၁၈၇ဝ ပြည့်နှစ်တွင် အထွတ်အထိပ်သို့ ရောက်ခဲ့သည်ဟု ဆိုနိုင်သည်။ တဘက်မှလည်း ဗြိတိသျှအစိုးရသည် ရတနာပုံခေတ် စစ်လက်နက်ထုတ်လုပ်မှု အခြေအနေကို မပြတ်လေ့လာအကဲခတ်လျက်ရှိသည်။ ဗြိတိသျှ အရေးပိုင်ကိုယ်စားလှယ်၏ မဟာဝန်ရှင်တော်မင်းကြီးထံ အစီရင်ခံစာတွင် အမြောက်လက်နက်များ၏ အရည်အသွေး တိုးတက်မှု အခြေအနေကို ပုံနှင့်တကွ ဖော်ပြလျက် တင်ပြခဲ့သည်။
မြန်မာနိုင်ငံတော်ကိုဗြိတိသျှတို့    ၁၈၈၅ခုနှစ်၊နိုဝင်ဘာလ၂၈ရက်တွင် ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး နောက် မြောက်ပြင် အမရစံခေါင်ရပ်ရှိ အမြောက်လက်နက်စက်ရုံကို ဆင်မလားမြို့မှ ဗျစ်ချက်စက်ရုံပိုင်ရှင် မစ္စတာဒိုင်ယာထံသို့ ဌားရမ်းခဲ့သည်။ ယင်းစက်ရုံကား ယခုအခါ မန္တလေးဘီယာစက်ရုံဘဝသို့ ပြောင်းသွားခဲ့ရသည်မှာ ဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။
ဘုရင့်လက်နက်တိုက်တွင် သမိုင်းစဉ်ဆက် ထိန်းသိမ်းခဲ့သည့် ‘အမြောက်၊ စိန်ပြောင်း၊ မြတပူများ၊ နန်းစဉ်အမြောက်များ၊ ဆင်တင်အမြောက်၊ လှေတင်အမြောက်၊ မြောက်မီးအမြောက်’ စသည်ဖြင့် မြန်မာအနုပညာလက်ရာမြောက် အမြောက်ကြီးငယ်တို့ကို ဗြိတိသျှတို့ သိမ်းပိုက်စဉ် အင်္ဂလန်ပြည်သို့ သယ်ယူ၍ ယခုအခါ လန်ဒန်မြို့ The Rotunda (The Museum of Artillery) ပြတိုက်တွင် ပြသထားသည်။အဆိုပါပြတိုက်ဘိုးတော်မင်းတရား(ဗဒုံမင်း)၏    သားတော်ကြီးအိမ်ရှေ့မင်းသယ်ယူလာ သော ‘မဟာသတကြုဇေယျ’ အမြောက်ကိုလည်း ပြသထားသည်။ အချို့လက်ရာမြောက် မြန်မာအမြောက်ကို Tower of London ခေါ် လန်ဒန်မျှော်စင်ပြတိုက်တွင် တခမ်းတနားပြသထားသည်။
စာကိုး
၁။ ဦးမောင်မောင်တင် (K.S.M.,A.T.M)၊ ရွှေနန်းသုံးဝေါဟာရအဘိဓာန်၊ ရန်ကုန်၊               ရာပြည့်စာအုပ်တိုက် တတိယအကြိမ် ၂၀၀၅။
၂။ နတ်မောက်ဘုန်းကျော်၊ ရှေးခေတ်မြန်မာတပ်မတော်မှတ်စုများ၊ ရန်ကုန် စာပေဗိမာန်၊ ပကြိမ် ၁၉၆၇။
၃။ တင်ဝင်း(ရေစကြို) “မြန်မာ့အမြောက်” မြ၀တီ မဂ္ဂဇင်း တွဲ ၃၃၊ အမှတ် ၃ (၁၉၈၅၊ ဇန်န၀ါရီလ) စာ ၃၈ – ၄၁။

၎။ ဒေါက်တာမျိုးသန့်တင်၊ “ဦးရွှေဘင်၏ အမြောက်ပစ်နည်း” စစ်ပြန် မဂ္ဂဇင်း၊ (၁၉၈၂ စက်တင်ဘာလ) စာ ၁၀၅ – ၁၀၈။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts