>ငရဲဴပည္ကရိႀႂက္သံမဵား

>

ငရဲပြည်က ရှိုက်သံများ
မောင်စွမ်းရည်

မေ ၁၄၊ ၂၀၀၈

မနေ့ကလိုလို
ဒီနေ့လိုလို
တနေ့တုန်းမှာ၊ ဝုန်းဒိုင်းဒုန်းစိုင်း
ရေရိုင်းမြင့်မောက် …
အုန်းပင်လောက် အိမ်လုံးလောက်ဆယ့်
ခြောက်ပေလား၊ ၁၅ ပေလား
ကုန်တင်ရထား၊ ကုန်တင်ကားလောက်
ခုန်ပေါက်ထစ်ချုန်း၊ ဆိုင်ကလုန်း တဲ့
တဝုန်းဝုန်းနဲ့၊ လှိုင်းလုံးမဟာ
ဝဠာခွင်က
သွန်ချ တွန်းချ လှိမ့်ချလိုက်တာ
ကမ္ဘာလှိုင်းဖုံး
လှိုင်းလုံး လိမ့်လူး လွှမ်းလေသတည်း။

အဖေကို ဖက်၊ အမေကို ဖက်
သမီးကို ဖက်၊ သားကို ဖက်လို့
ခွေးဖက် ကြောင်ဖက်
သစ်ပင်ကို တက်၊ အိမ်ခေါင်တက်ကြ
ဖက်ကြ တွယ်ကြ၊ ကွယ်ကြ ပုန်းကြ
ရုန်းကြ ကန်ကြ၊ အော်ကြ ဟစ်ကြ
ညှစ်ကြ အစ်ကြ၊ ကုပ်ခွ ခါးဆွဲ
လူတွဲ လူလုံး၊ ဒလိမ့်တုံးလို
ဝရုန်းသုန်းကား၊ လှိုင်းလုံးတွေကြား
လွင့်အသွားမှာ၊ ဝူးဝါးသံတွေ
လေသံလွင့်ရော၊ ရေမှာ မျောလျက်
မောခွင့်မရ၊ ပြောခွင့်မရ
ထိုခဏမှာ၊ မြုပ်ကြလေပြီ …
ပုပ်ပွလေမှ ပေါ်တော့မည်။

နောက်ကျိ ကောင်းကင်
နောက်ကျိ ရေပြင်
ရွှံ့နှုန်းလွင်မှာ
သစ်ပင်တွေက၊ လဲကျ ကျိုးပြတ်
မတ်တတ်မရှိ
အိမ်ပေါ် ဖိတာ ဖိ၊ လူပေါ် ပိတာ ပိ
ငြိတာ ဖိငြိ၊ လဲတာ လဲ
တွဲလောင်း လူသေ
ခွေးသေ ဝက်သေ ကျွဲသေ
အသေကောင်များ၊ ညိုဖောင်းကားလျက်
သားချင်း မျိုးဆွေ
မြေမြှုပ်မည့်သူ၊ ဖုံးအုပ်မည့်သူ
ကယ်သူ ကူသူ၊ ရှိဟန်မတူ
လူမသိ သူမကြား
မနား လင်းတ၊ မကျ ကျီးငှက်
မတက်လောက်ကောင်၊ ယင်ပြောင် မအုံ
ဒိုက်ပုံ ချုံစပ်၊ အလောင်းထပ်လျက်
ချောင်းစပ် ရွှံ့ပုပ်၊ မမြှုပ်ခဲ့လို့
ပုပ်အဲ့ လေထု၊ ရောဂါစုပြီ
လုယက် တိုးဝှေ့ ဝိညာဉ်များ။

မှုန်မှိုင်းအုံ့ပျ၊ သည်လောကမှာ
လ နဲ့ နေပဲ၊ မြေကို ငုံ့ကြည့်
မချိဝမ်းနည်း၊ မသေဘဲ ကျန်သူ
လူတစ္ဆေတွေ၊ ရွှံ့ရေထဲက
လွန့်လူးထရင်း …
ထမင်း နဲ့ သေမင်း၊ မင်းတမျိုးမျိုး
အပင်းရေ နဲ့ သောက်ရေ၊ ရေတမျိုးမျိုး
ထောင်းသူ နဲ့ ထူသူ၊ လူတမျိုးမျိုး
ဘယ်တမျိုးမျိုးဖြစ်ဖြစ်
တွေ့ဖြစ်နိုးနဲ့၊ ရနိုး ယောင်ချာ
ဘာမျှ မတွေ့၊ တနေ့ပြီး တနေ့
နောက်တနေ့ပြီး၊ နောက်တနေ့
မူးမေ့ မိန်းမော မျောခဲ့ပြီ။

မင်းဘေး ဖိစီး၊ မီးဘေးက ညှပ်
ရေဘေးထပ်လျက်၊ ကပ်ကြီးသုံးပါး
ဆိုက်ရောက်သွားပြီ၊ တို့များ ပြည်မှာ
မျက်ရည်နဲ့ သွေး၊ လူစတေးလျက်
ကပ်ဆေးစေသား၊ အေးစေသားဟု
ဘုရား …
ဘုရား …
ဘုရား …၊ ဘုရား တ ရင်း
မင်းဆိုး ကျိန်ဆဲ၊ မျက်ရည်ရွှဲပေါ့
ငရဲပြည်က ရှိုက်သံများ။ ။

မောင်စွမ်းရည်
၂ဝဝ၈ မေ ၁၁
အမေနေ့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts