>ေူမာင်ူးမ ဧည့်သည်နဲႚ စကားလက်ဆုံ

>

မိုးမခနဲ့ စကားလက်ဆုံ – မြောင်းမြဧည့်သည်
လေဘေး ဒုက္ခသည်တွေရဲ့ မြောင်းမြ

မိုး မ ခ

မေ ၁၃၊ ၂၀၀၈

မိုးမခဆီကို ရောက်လာတဲ့ အဆက်အသွယ်ရသလောက်ကို စုပြီး တင်ပြတာပါ။

မေး – ဘယ်တုန်းက ပြည်တော်ပြန်သွားတာလဲ

ဖြေ – အရင်အပတ်ကပါ။ လေဆိပ်မှာ ဆေးတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပါတဲ့ သေတ္တာ ၃ ပုံးကို စစ်တယ်။ တာဝန်ခံက လာကြည့်ပြီးတော့မှ ထွက်ခွင့်ပေးလိုက်တယ်။ ပစ္စည်းတွေ မသိမ်းလိုက်ဘူး

မေး – ရန်ကုန်မှာ ဘယ်လောက်ကြာလဲ

ဖြေ – ရောက်ပြီး နောက်တနေ့ ရန်ကုန်မြစ်ထဲကို ထွက်ကြတယ်။ ဒလဖက်ကို သွားပြီး အ၀တ်တွေ၊ ဆန်တို့၊ စားစရာတို့ နိုင်သလောက် လိုက်ဝေဖြစ်တယ်။ အဲဒီဖက်ခြမ်းမှာ ရန်ကုန်က လူငယ်လေးတွေဟာ လွန်းထိုးပြီး ကယ်ဆယ်ရေးတို့၊ စောင့်ရှောက်ရေးတို့ လုပ်နေတာ တွေ့ရတယ်။ ရွာပျက်သွားတဲ့ လေဘေးဒုက္ခသည်တွေဟာ စက်ရုံအပျက်တွေ၊ ဆန်စက်ကြီးတွေနဲ့ တူတယ်မှာ စုပြုံပြီး နေကြတယ်။

မေး – ဘယ်လိုမျိုး ကူတာလဲ

ဖြေ – တရွာကို တနေ့ ထမင်းစာရိတ် ကျပ် ၂ သိန်း ရှိပါတယ်။ မော်တော်ခ အပါအ၀င် ဖြစ်ပါတယ်။ မြို့ပေါ်မှာ လူငယ်တွေ၊ မိသားစုတွေက အိမ်တွေကို လှည့်ပြီး အဲဒီကုသိုလ်ကို ထည့်ဝင်ဖို့ အလှူခံကြတာပေါ့။ စောင်တွေအများကြီး တောင်းကြတယ်။ ဆန်ကြမ်းတွေလည်း ရှာဝယ်ကြတယ်။ ဒါတွေကို ကျိုပြီး တိုက်လို့ ရတယ်လို့ ပြောကြတယ်။

မေး – ပြီးတော့ မြောင်းမြကို ချီတက်ကြတာပေါ့

ဖြေ – ကားငှားဖို့က ဈေးအလွန်ကြီးတာပဲ။ ဒါပေမဲ့ ကားတွေက စင်းလုံးငှားဖို့ အဆင်သင့်တွေ ရှိပါတယ်။ ဆေးတွေနဲ့ အစားအသောက်တွေ တင်ပြီး သွားကြတာ ရ နာရီလောက် ကားမောင်းသွားရင် ရောက်တာပဲ။

မေး – လေဘေးဒုက္ခသည် စခန်းတွေ ဖွင့်ထားတယ် ဆိုတာ ဟုတ်သလား

ဖြေ – ဟုတ်တယ်။ လပ္ပတ္တာက ဒုက္ခသည်တွေနဲ့ စခန်း ၂၇ ခု ရှိတယ်။ အနီးအနားက မြို့ ၂ မြို့ကလည်း တခြား ဒေသက ဒုက္ခသည်တွေအတွက် စခန်းတွေ ဖွင့်ထားတယ်လို့ ပြောပြကြတယ်။

မေး – ဒုက္ခသည်စခန်းတွေ အခြေအနေ ကကော

ဖြေ – စခန်းတခုကို လူ ၁ ထောင် နည်းပါး လက်ခံထားတယ် လို့ ပြောပါတယ်။ စခန်း ၂၇ ခု ဆိုတော့ လူ ၂ သောင်း ကျော်ပေါ့။ ထမင်း၊ ဘဲဥ နဲ့ ငါးပိရည် နေ့တိုင်း ကျွေးထားပါတယ်။

မေး – သွားရ လာရတာ အဆင်ပြေသလား။

ဖြေ – ရဲလား စ သုံးလုံးလား ဘာမှန်းတော့ မသိဘူး။ မြောင်းမြရောက်ကတည်းက နောက်က ဆိုင်ကယ်နဲ့ လိုက်တယ်။ စခန်းတွေမှာ ဓာတ်ပုံမရိုက်ရဘူး၊ ဗီဒီယို မရိုက်ရဘူးလို့လည်း တားမြစ်ထားတယ်။ ရန်ကုန်က လူတွေကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကားတွေ၊ လော်ရီတွေနဲ့ မြစ်ဝကျွန်းပေါ်ဖက်ကို ဆင်းပြီး လာကူနေကြတာ တဖွဲဖွဲပဲ။ စစ်ဆေးရေး ဂိတ်တွေကလည်း နိုင်ငံခြားသား ပါမပါကို အဓိက စစ်တယ်။

မေး – ဒါပေမဲ့

ဖြေ – အကူအညီတွေက စီစဉ်တကျ မရှိဘူး၊ အချိတ်အဆက်မရှိဘူး။ အစာရေစာ ပေါများတဲ့ စခန်းတွေက ပေါ။ ငတ်ပြတ်နေတဲ့ စခန်းတွေကလည်း အများကြီး။ အဲဒါမျိုး။ ဒီတော့ အစိုးရ အဆင့်၊ အဖွဲ့အစည်း ကြီးကြီးမားမားနဲ့ ၀ိုင်းလုပ်ကြရမှာ။ ဒီအတိုင်းကတော့ ရေတိုပဲ ရမယ်။

မေး – ဆေးရုံ၊ ဆေးခန်းတွေကို ကြည့်ဖြစ်လား

ဖြေ – မြောင်းမြဆေးရုံကို သွားတယ်။ လူနာတွေအာလုံးဟာ မုန်တိုင်းဒဏ်ထိထားတဲ့ ကျန်ရစ်သူတွေချည်းပဲ။ ဆေးရုံတွေမှာ – ပဋိဇီဝဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပတ်တီး၊ အရက်ပြန် ပြီးတော့ ကလေးသူငယ်တွေအတွက် နို့မှုန့်တွေ လိုနေတယ်။

မေး – တခြားနေရာတွေကိုကော ထွက်ဖြစ်သလား

ဖြေ – မထွက်တော့ဘူး။ မြစ်တွေ ချောင်းတွေမှာ အလောင်းတွေ ပုပ်ပွတဲ့ အချိန်ရောက်နေပြီ။ ရောဂါတွေ ကူးစက်နှုန်းကလည်း မြင့်လာနိုင်တယ်။ ဆေးရုံက မှာတဲ့ ဆေးစာရင်းကလည်း အများကြီးဆိုတော့ အမြန်ပဲ ပြန်လာခဲ့ရတယ်။ လူကြုံနဲ့ ပြန်ပို့ရမယ်။ လူနာတွေက စောင့်နေကြတယ်။

မေး – ဧရာဝတီတိုင်းကို စစ်တပ်က ဘယ်လိုကူနေတာ တွေ့သလဲ

ဖြေ – မတွေ့ဘူး။ စစ်နေတာတွေ စောင့်နေတာတွေပဲ တွေ့ရတယ်။ သူတို့ စစ်ဗိုလ်ချုပ်တွေ ကွင်းဆင်းရင် လုပ်ဖို့ လုံခြုံရေးပဲ စိတ်ဝင်စားနေတာ။

မေး – အခု ပြန်အုံးမလား

ဖြေ – မပြန်နိုင်တော့ဘူး။ စစ်တပ်က အဲဒီဒေသကို အရေးပေါ်အခြေအနေ ကြေညာပြီး မာရှယ်လော ထုတ်လိုက်ပြီ။

မေး – မာရှယ်လော ထုတ်လိုက်ရင် အဲဒီဒေသက ကပ်ရောဂါတွေ ရပ်သွားမှာလား

ဖြေ – ကပ်ရောဂါဆိုးတို့ မုန်တိုင်းတို့က မာရှယ်လောကို နားလည်မှာ မို့လား။ နေ့ရော ညရော ဒုက္ခတွေ တိုးပြီး နှိပ်စက်နေမှာပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts