>U Thant by Nyan Oo Maung

>

အနှစ်တရာ မမေ့သာ
ဉာဏ်ဦးမောင်
ဇန်န၀ါရီ ၂၅၊ ၂၀၀၉

ဒီနေ့ နေ့လယ်ပိုင်းက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီး ရဲ့ တတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်တဲ့ ကွယ်လွန်သူ ဦးသန့်ရဲ့ နှစ်တရာပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ကြပါတယ်။ နေရာက ဖရီးမောင့်မြို့ မေတ္တာနန္ဒဝိဟာရ ဓမ္မ ရိပ်သာမှာပါ။ ဒီပွဲကို ဆန်ဖရန်စစ္စကို ဘေးဧရာရှိ လူငယ်များက ဦးဆောင် ကမကထပြုလုပ်ကာ ကျင်းပကြတာပါ။ ဦးသန့်အကြောင်းကို လူငယ်တွေ ပိုမို သိရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပကြခြင်းဖြစ်ပါတယ်။ အရှင်ဉာဏိက၊ ဆရာဦးလှမင်း၊ ဆရာကိုထိန်လင်းနဲ့ ဆရာမင်းဇင်တို့က ဟောပြောကြပါတယ်။

တကယ်တော့ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် တဦး ဖြစ်ပေမယ့် ဦးသန့်အကြောင်းကို လူငယ်များ သိပ်ပြီး မသိကြပါဘူး။ ဒါကလည်း လူငယ်တွေရဲ့ အားနည်းချက် မဟုတ်ပါဘူး။ သိနိုင်ဖို့ဆိုတာက ဦးသန့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားတဲ့ စာပေမှတ်တမ်းမျိုး စတာတွေက များများရှိပါမှ မဟုတ်လား။ ဒါပေမယ့် ကံဆိုး လှစွာ ဦးသန့်အကြောင်းကို ရေးသားထုတ်ဝေထားတဲ့ စာအုပ်စာတန်းနဲ့ အခြားမှတ်တမ်းက များများစားစား မရှိလှ ပါဘူး။ တကယ်တော့ ဦးသန့်က တိုင်းပြည်ဂုဏ်ဆောင်ပုဂ္ဂိုလ်။ ကမ္ဘာကပင် အသိအမှတ်ပြု လေးစားရတဲ့သူ။ ကိုယ် တို့လူမျိုးတွေအဖို့ ဂုဏ်ယူထိုက်တဲ့သူ။ စဉ်းစားကြည့်ပေါ့။ ကိုယ်တို့တိုင်းပြည်မှာ အဲဒီလိုကမ္ဘာကအသိအမှတ်ပြုလေး စားတဲ့သူ ဘယ်နှယောက်များရှိခဲ့ဘူးလို့လဲ။ တိုင်းပြည်ဂုဏ်ဆောင် ပုဂ္ဂိုလ်တယောက်အကြောင်းဆိုတာ ကျယ်ကျယ် ပြန့်ပြန့် အများသိအောင် လုပ်ဆောင်ကြရမှာပါ။

ဦးသန့်အကြောင်းက ပြောစရာတွေ အများကြီး။ ပြောရရင် သူ့လုပ်ဆောင်မှုတွေက တတိုင်းတပြည် တလူမျိုး အကျိုးတောင် မဟုတ်။ တကယ့်ကိုမှ ကမ္ဘာနဲ့ဆိုင်တဲ့ အရေးအရာတွေ။ နောက်ပြီးလည်း သူ့ရိုးသားမှုနဲ့ ကြိုးစားမှုကို ကမ္ဘာ့ ခေါင်းဆောင်များကပင် အသိအမှတ်ပြု လေးစားခဲ့ကြတာ။ ဒီလို ရိုးသားကြိုးစားသူတဦးထံမှာ အတုယူစရာ စံပြုဖွယ်တွေ ဆိုတာလည်း ဘယ်နည်းလိမ့်မလဲ။ ယူတတ်ရင် ရနိုင်မည့်အရာတွေ တပုံတပင်ရှိမှာပေါ့။ သို့ပေမယ့် ပြောခဲ့ သလိုပါပဲ။ သူ့အကြောင်းကို ထုတ်ဖော်ထားတာက သိပ်များများစားစား မရှိဘူး။ ဒီတော့ သူ့အကြောင်းကိုလည်း သိပ်မသိရဘူး။ မသိတော့လည်း သူ့ဆီကနေရမယ့် အတုယူဖွယ်တွေကိုလည်း များများ မရနိုင်ကြတော့ဘူးပေါ့။ ရဖို့ ခက်ခဲတဲ့ အရာတွေတောင် မရမနေ ခက်ခက်ခဲခဲ ယူကြရတာ။ ကိုယ်တို့က လွယ်လွယ်နဲ့ရနိုင်မယ့် အရာမျိုးကို တောင် မယူတတ်လို့ မရနိုင်ဖြစ်နေကြရတာ။

အနာဂတ်ကိုမျှော်ကြည့်ရာမှာ ရှေ့ကို ရောက်နိုင်သမျှရောက်အောင် မျှော်ခေါ်ကြည့်ကြရမှာ။ ရေတိုအခိုက်အတန့်လေးမျှ ကြည့်ပြီး ပုဂ္ဂိုလ်ရေးမုန်းတီးမှု အခြေခံတွေနဲ့ စဉ်းစားလုပ်ဆောင်ကြရမှာမျိုး မဟုတ်ဘူး။ တကယ်ဆိုတော့ လူငယ်လူရွယ်တွေဆိုတာက စံပြုစရာ ပုဂ္ဂိုလ်တွေဆို စံပြုတတ်ကြတာ။ ကောင်းတဲ့စံကို အတွေ့များရင်လည်း ကောင်းတဲ့စံကို ယူဖို့ အခွင့်အလမ်း ပိုများတတ်ပါတယ်။ အပြန်အလှန်အားဖြင့် မကောင်းရာမှာ စံပြုဖွယ်တွေ အတွေ့များရင်လည်း မကောင်းတာကိုပဲ စံယူဖို့ အခွင့်အလမ်း များသွားတတ်တာ။ ဒါက လူငယ်သဘာဝ။ ပိုမို တိတိကျကျ ဆိုရရင် လူ့သဘာဝ။ ဒါကြောင့် စံပြုဖွယ်ပုဂ္ဂိုလ်တွေရဲ့ အကြောင်းဆိုတာက လူငယ်လူရွယ်တွေ များများသိနိုင်စေဖို့ ဖန်တီးပေးကြရမှာ။ လူငယ်တွေကြားမှာ ကောင်းတဲ့စံတွေ ကျယ်ပြန့်နိုင်သလောက် ကျယ်ပြန့်အောင် လုပ်ဆောင်ပေး ကြရမှာ။ နောက်ပြီးလည်း ယဉ်ကျေးမှု မတူသူတွေ၊ ဘာသာလူမျိုး ခြားနားသူတွေရဲ့ စံပြုဖွယ် အကြောင်းတွေကို အသိပေးတာထက် ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့စရိုက်နဲ့ ကိုက်ညီတဲ့သူတွေရဲ့ စံပြုဖွယ်ဂုဏ်ရည်တွေကို မျှဝေတာက ကိုယ့်တိုင်းပြည်ကို လှပလာအောင် ပုံဖော်ရာမှာ ပိုမိုပြီးလည်း ဆီလျော်နိုင်ပါတယ်။

ကိုယ့်ဆီမှာ အဲဒီလိုစံပြုဖွယ်ပုဂ္ဂိုလ်တွေ၊ အားကျအတုယူဖွယ်ပုဂ္ဂိုလ်တွေ ရှိနေပါလျက် အတုယူခွင့် မရနိုင်အောင် တားဆီးထားတာမျိုးကတော့ အလွန်မှပဲ ဝမ်းနည်းစရာကောင်းပါတယ်။ ဦးသန့်ဆိုတာ ဘယ်လိုလူမျိုးလဲ။ ဦးသန့် ပြောကြားခဲ့တဲ့ စကားလေးတခွန်း နှစ်ခွန်း မျှလောက်ကိုပဲ မြည်းစမ်းကြည့်လိုက်ပါ။ ဘယ်လောက်များ သူ့အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့ လိုမယ် ဆိုတာ သဘောပေါက်လာပါလိမ့်မယ်။

‘စစ်ပွဲတွေဆိုတာ လူသားတွေရဲ့ စိတ်ထဲကပဲ စခဲ့တာပါ။ အဲဒီစိတ်ထဲက ချစ်မေတ္တာတရားနဲ့ သနားကြင်နာမှုကပဲ ငြိမ်းချမ်းမှုကို ကာကွယ်စောင့်ရှောက်တဲ့ အရံအတားကိုလည်း တည်ဆောက်နိုင်ပါတယ်’ တဲ့။ စိတ်ထားတွေ ပြုပြင် ပြောင်းလဲကြဖို့ တိုက်တွန်း နှိုးဆော်ခဲ့မှုဟာ ဘယ်လောက်တောင် တန်ဖိုးကြီးမားတဲ့ အရာပါလဲ။ လူသားချင်း တန်းတူ ရည်တူ တန်ဖိုးထားဖို့ ပြောဆိုခဲ့ရာမှာလည်း အလွန်မှတ်သားလေးစား လိုက်နာဖွယ်ကောင်းပါတယ်။

‘နေရာဒေသ တွေ၊ ဘာသာလူမျိုးတွေ မတူကွဲပြားခြားနားပေမယ့် လူသားတိုင်းဟာ လူသားဂုဏ်သိက္ခာနဲ့ ညီစွာ လေးစားထိုက်သူ ချည်းပါ။ ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို လေးစား တန်ဖိုးထားသလို အခြားသူတွေကိုလည်း လေးစားတန်ဖိုးထားဖို့လို ပါတယ်’။

ဦးသန့်ပြောခဲ့သလိုပါပဲ။ လူသားအချင်းချင်း အပြန်ပြန် အလှန်လှန် လေးစား တန်ဖိုးထားကာ ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားကြမယ်ဆိုလျင် အချင်းချင်းကြား ငြင်းခုံနေကြရတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချင်းများမှုတွေ၊ တစုနဲ့ တစု၊ တဖွဲ့နဲ့တဖွဲ့၊ တနိုင်ငံနဲ့တနိုင်ငံ တိုက်ခိုက်နေကြတဲ့ စစ်ပွဲတွေဆိုတာ ဒီကမ္ဘာမြေပေါ်မှာ ဘယ်မှာလာလို့ ပေါ်ပေါက်လာနိုင်စရာ အကြောင်း ရှိပါတော့မလဲ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts