မောင်တူး

Maung Too – Essay

သက်ရှိပန်းချီ – အပိုင်း (၆)
မောင်တူး
ဇူလိုင် ၂၅၊ ၂၀၁၃

သံလွင်မြစ်ရေ အေးလှတယ်။
ဒါပေမယ့် သံလွင်မြစ် တလျှောက်မှာပဲ ပိုက်နဲ့ထောင်ပြီး ငါးဖမ်းစားနေကြတယ်။ ခုရတဲ့ ငါးက သံလွင်မြစ်ထဲ ကျနော်တို့ ဖမ်းမိသမျှ ငါးတွေထဲမှာ အကြီးဆုံး။ တကောင်ထဲ  ၃ ကီလို ကျော်။ ၂ ကောင်ရထား ချက်စား နှစ်။ ကျနော်တို့  ကျောင်းသားတပ်ရင်း ၂၀၄-၂၀၅ ပူးပေါင်းတပ်ရင်းကို ဒေါင်းခွင်မှာ ပြန်တည်ဆောက် နေချိန်။ ၀ါးခုတ်၊ သစ်ခုတ် တိုင်တွေထူ ဘားတိုက်တွေဆောက်။ 
အဲသည်အချိန် ကျောင်းသားတပ်မှာ ဗဟိုကော်မတီ ၂ ခု အဖြစ်ကွဲနေ။ ဒေါက်တာနိုင်အောင် ဦးဆောင်နဲ့ မိုးသီးဇွန် ဦးဆောင် ၂ ဖွဲ့ ဖြစ်ချိန်။ ကျနော်တို့ က ဒေါက်တာ နိုင်အောင် ဗဟိုကော်မတီမှာ ရှိတယ်။ နေရာ အတိအကျ ပြောရရင် ကရင်ပြည်နယ်၊ ဖါပွန်မြို့  နယ်ထဲမှာပေါ့။ ဒါးကွင်းလို့ခေါ်တဲ့ ဒေါင်းဂွင် ကျောင်းသားတပ်မတော်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဗဟိုဌာနချုပ်။ 
ဘာလို့ကျနော်တို့ တပ်ရင်းနေရာသစ် ပြောင်းရသလဲ။ ထွီဖါဝီးကျိုး (ခွေးအိပ်တောင်)တိုက်ပွဲကြောင့်။ ၁၉၉၁ ခုနှစ်ထိ အခြေစိုက်ခဲ့တာက ကြာအင်းဆိပ်ကြီးမြို့ နယ်၊ ကျိုက်ဒုံမြို့ နယ်ခွဲလို့ ခေါ်တဲ့ နေရာမှာပါ။ အဲ့ဒီမှာ နာမည်ကျော် အဇင်းတိုက်ပွဲကြီး အပြီး မာနယ်ပလော စစ် ပူ လာ လို့ ဖါပွန် မြို့ နယ်ထဲက ခွေးအိပ်တောင် ခုခံရေးအတွက် စစ်ကူလာရင်းက ကျနော်တို့ မာနယ်ပလောမှာ သောင်တင်။ အဲ့ဒီနောက် မူလအခြေစိုက် တပ်ရင်းဟောင်းနေရာ မပြန်ရတော့ဘူး။ ပထမ မာနယ်ပလောမှာ ခန တပ်စွဲနေသေးတယ်။
မာနယ်ပလော တဲ့လား။ မာနယ်ပလောက ကေအင်န်ယူဌာနချုပ်။ တပ်ပေါင်းစု ဌာနချုပ်မို့နေလို့ရတယ်။ မာနယ်ပလော ကလဲ နေရာ ကျယ်သား။ အဲ့ဒီမှာ လောကွားလူ ဆိုတဲ့ ကုန်းကလေးနဲ့နေရာမှာ ကျောင်းသား ဌာနချုပ် ရှိရာက နောက်ပိုင်း ဒေါင်းခွင်ဘက် ပြောင်းခိုင်းလို့ပြောင်းလာကြရတာပါ။ ဒီအခါ ကျနော်တို့ လဲ လိုက်ပြောင်းပေါ့။ ကျနော်တို့ တပ်ရင်းအပြင် ကြာအင်းဆိပ်ကြီးနယ်က အတူ ပူးတွဲ ပါလာတဲ့ တပ်ရင်း ၂၁၆ လဲ လိုက်ပြောင်းလာရပါတယ်။ သူတို့ နဲ့ကျနော်တို့ က နေရာသစ်မှာ တပ်ရင်းခြင်း ကပ်လျှက်။ သူတို့ နဲ့ကျနော်တို့ ကြား အပေါ်ဘက်ကုန်းမှာ ကိုတိုက်မောင်း ဦးဆောင်တဲ့ ၆၀၁ တပ်ရင်းက နောက်ပိုင်း ရောက်လာပါတယ်။ အဲသည်တော့ ဒေါင်းခွင် ဌာနချုပ်နေရာမှာ တပ်ရင်းတွေ တန်းစီကြည့်ရင် ပထမ ၂၁၆ တပ်ရင်းပေါ့။ နောက် ၆၀၁ တပ်ရင်း၊ ပြီးရင် ကျနော်တို့ ၂၀၄-၂၀၅ တပ်ရင်း။ နောက် ကျောင်းသားတပ်ဗဟိုဌာနချုပ်။ အဲ့ဒါပြီးရင် ၂၁၂ တပ်ရင်း၊ ၂၁၄ တပ်နဲ့၂၁၀ တပ်ရင်းတန်းစီရှိနေတယ်။ ၂၁၀ တပ်ရင်းကို စောထစခန်းလို့ခေါ်ကြပါတယ်။ သူတို့ က စောထကို အခြေစိုက်ခဲ့တာကိုး။ ဟိုးအောက်ဘက် ဆက်သွားရင်တော့ ၂၀၉ တပ်ရင်း ဆက်ရှိတာပေါ့။ ဗဟိုကို တပ်ရင်းတွေက ၀န်းရံထားရဲ့။
ကျောင်းသား ကေဒါသင်တန်းဆင်းပွဲ ၁၉၉၃ ခုနှစ်။ (ဘယ်မှစရေတွက်လျှင် ၄ ယောက်မြောက်မှာ စာရေးသူဖြစ်သည်)
ကျနော်က ၁၉၉၃ ခုနှစ်မှာ ဗဟိုတည်ဆောက်ရာမှာလဲ ပါခဲ့တယ်။ နောက် တပြိုင်ထဲ တပ်ရင်း တည် ဆောက် တယ်ပေါ့။ တချိန်ထဲမှာပဲ သံလွင်မြစ်ထဲ ငါးတွေဖမ်း၊ ကမ်းခြေမှာ စိုက်ပျိုးရေးတွေလုပ်၊ ဒီကြားထဲ စစ်ရေး မွမ်းမံသင်တန်း၊ လက်နက် ကြီးငယ်သင်တန်းတွေတက်ကြတယ်။ ကျနော်ဆိုရင် ကျောင်းသား တပ်မတော် ကေဒါသင်တန်းကိုတောင် တက်ခဲ့ရတယ်။ ဒီကေဒါသင်တန်းဟာ နိုင်ငံရေး သဘောတရားရေး အရ အင်မတန်ကောင်းပြီး တပ်ရင်း အသီးသီးက ကျောင်းသားရဲဘော် ရဲမေ ၃၀ ကို လက်ရွေးစင် ရွေးပြီး တက်ခိုင်းခဲ့တာပါ။ နောက်ပိုင်းမှာ ကေဒါသင်တန်း၊ ကျောင်သား ကေဒါရဲဘော်တွေ အကြောင်းနဲ့စောစော က ပြောခဲ့တဲ့ ကြာအင်းဆိပ်ကြီးမြို့ နယ်က အဇင်းတိုက်ပွဲအကြောင်း ပြောပါဦးမယ်။ အဇင်းတိုက်ပွဲမှာက ကျနော် ပထမဆုံး ဒါဏ်ရာရခဲ့ပါတယ်။

 ရဲဘော်ဆန်းလင်းနှင့် ၂၀၁ တပ်ရင်း ဘက်တံဆိပ်

အခုကျနော် အဓိက အမှတ်တရ ရှိနေတာက သံလွင်မြစ်နဘေး ဒေါင်းခွင် ဌာနချုပ်အနားမှာ ရှိနေတုန်း ကျောင်းသားတပ်မတော် ခေါင်းဆောင်တွေ၊ တပ်ရင်းအသီးသီးက တပ်မှူးတွေနဲ့တွေ့ ခဲ့ရတဲ့အထဲ တပ်ရင်း ၆၀၁ က ကိုတိုက်မောင်း၊ တပ်ရင်း ၂၁၀ စောထစခန်း တပ်ရင်းမှူး ကိုဆန်းလင်း တို့ ပါ။ ကိုဆန်းလင်းဟာ ကျနော်နဲ့ဆုံဖြစ် စကားပြောဖြစ်ချိန်မှာ ဗဟိုကော်မတီဝင် ဖြစ်နေပါပြီ။ ဒါပေမယ့်သူဟာ စကားကိုနှိမ့်ချပြောပြီး တဖက်သူပြောတာကိုလဲ နားစိုက်ထောင်တတ်တာကို ကျနော် သတိထားမိပါတယ်။
စိတ်အင်မတန်ရှည်ပါတယ်။ စကားပြောရင် စည်းရုံးရေးဆန်ပြီး မှတ်မှတ်ရရ ရှိတာက ပြောတဲ့ စကားရဲ့ အဆုံးမှာ ဖြစ်တယ်။ ဖြစ်တယ် ဆိုတာကို အဆုံးသတ်ပြောတဲ့ သူ့ရဲ့ စကားဟန်ကို ကျနော် စွဲစွဲမြဲမြဲ မှတ်မိ နေပါတယ်။
ကျနော်တို့ အဖွဲ့  အစည်းဟာ ကျောင်းသားတပ်မတော်ဖြစ်တယ်။ ကျနော်တို့ ကိုယ်တိုင်ဟာ ကျောင်းသား စစ်သားတွေ ဖြစ်တယ်။ လစာရလို့စစ်တိုက်နေတာမဟုတ်ဘူး ဖြစ်တယ်။ ၈၈၈၈ အရေးတော်ပုံမှာ လက်နက်ဆိုလို့အပ်တိုတချောင်းမှ မကိုင်ဘဲ ဆန္ဒပြတောင်းဆို ခဲ့ကြတာ ဖြစ်တယ်။ ဒီမိုကရေစီနဲ့လူအခွင့် အရေး သက်သက်ကို ကျောင်းသားတွေက တောင်းဆိုခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် မဆလ စစ်တပ်က ကျည်ဆံတွေဘဲ ပြန်ပေးခဲ့တာ ဖြစ်တယ်။ ကျနော်တို့ ကျောင်းသားတွေ သွေးမြေကျခဲ့တာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ ပြတ်သားရမှာ ဖြစ်တယ်။ ၈၈ တင်မက ၆၂ ဆဲဗင်းဂျူလိုင်မှာပါ အာဏာရှင်ကြီး ဦးနေ၀င်းရဲ့ ဓါးကို ဓါးခြင်း လှံကိုလှံခြင်း ခြေမုန်းရမှာလို့ပြောခဲ့တဲ့အတွက် ကျနော်တို့ ကလဲ ဓါးကိုဓါးခြင်း လှံကိုလှံခြင်း ပြန်တုန့် ပြန် ကြတာ ဖြစ်တယ်။ ရန်သူကို ပြတ်သားရမှာ ဖြစ်တယ်ဆိုပြီး ဖြစ်တယ် ဖြစ်တယ် အဆုံးသတ်ပြီး  သူက မိန့် ခွန်းပြောပါတယ်။ ဒေါင်းခွင်က အခမ်းအနားတခုမှာပါ။
၁၉၈၈ ခုနှစ် တနိုင်ငံလုံး လှည်းနေလှေအောင် မြင်းဇောင်းမကျန် ပါဝင်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီး အပြီး န၀တ စစ်တပ်က အာဏာသိမ်း သပိတ်စခန်းတွေကို ခြေမုန်းခဲ့လို့သပိတ်စခန်းတွေက ကျောင်းသားတွေ တောခိုခဲ့ကြတယ်။ ခုန ကိုဆန်းလင်းပြောသလို လက်နက်နဲ့ပြန်တိုက်ဘို့ နယ်စပ် အသီးသီးကို ထွက်လာခဲ့ ကြတယ်။ အဲသည်ထဲက တောင်ငူနယ် သပိတ်ကို ဦးဆောင်ခဲ့တဲ့ ကိုဆန်းလင်းတို့ အဖွဲ့ ဟာ အင်အား ရာနဲ့ချီရှိခဲ့ပါတယ်။ သူတို့ ကပဲ စောထစခန်းမှာ ကျောင်းသားတပ်ရင်း ၂၁၀ ကို စုဖွဲ့ ခဲ့ကြတာပါ။
ဒီနေရာမှာ ကျောင်းသားတပ်မတော်မှာ တိုက်ပွဲဝင်ရင်းက ကျဆုံးခဲ့ရသူတွေ အကြောင်း ရေးသားထားတဲ့ In Memory of the Fallen ဖေ့စ်ဘွတ်မှာ ရဲဘော်ဆန်းလင်း အကြောင်းကို အခုလို ရေးထားပါတယ်။
(((((( အလယ်တန်းပြဆရာ ဦးမင်းဝေနဲ့အလယ်တန်းပြ ဆရာမ ဒေါ်ဘောက်ခွန်တို့ရဲ့ ဒုတိယ မြောက် သား ကိုဆန်းလင်းကို ၁၉၆၃၊ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ မွေးဖွားခဲ့ ပါတယ်။ လားရှိုးမြို့မှာ ၁၀ တန်းအောင်ခဲ့ပြီး ၁၉၈၃ မန္တလေး ဂျီတီအိုင် နောက်ဆုံးနှစ်က ကျောင်းရှေ့မှာ ရဲနဲ့ ကျောင်းသားတွေ ရန်ပွဲကတဆင့် ရုန်းရင်းဆန်ခတ်ဖြစ်တော့ သူက ကျောင်းသားတွေကို ဦးဆောင်ခဲ့လို့ ကျောင်းတနှစ် ထုတ်ခံရပါတယ်။ ဒါကြောင့် ၁၉၈၄ မှာမှ မြို့ ပြအင်ဂျာင်နီယာဘွဲ့ကို ရခဲ့ပါတယ်။ 
အဲ့ဒီနောက် တောင်ငူမြို့မှာ ဆောက်လုပ်ရေး အင်ဂျင်နီယာ အငယ်တန်း အရာရှိ အဖြစ် လုပ်ကိုင်ရင်း မိဘနဲ့ ညီငယ် ညီမငယ်တွေကို တာဝန်ယူ လုပ်ကျွေးနေခဲ့တဲ့ အကိုကြီး တယောက် ဖြစ်ပါတယ်။ သူ့ မိသားစု အကြောင်း ပြောတိုင်း သူဟာ ညီအကို မောင်နှမတွေ အပေါ် ငဲ့ညာ ဦီးစားပေးတတ်သူ တယောက် ဖြစ်ကြောင်း ပေါ်လွင်နေခဲ့ပါတယ်။ 
ရှစ်လေးလုံအရေးအခင်းမှာ တောင်ငူရွှေဆံတော်သပိတ်စခန်း အမာခံခေါင်းဆောင်တဦးအနေနဲ့ တက်တက်ကြွကြွ လှုပ်ရှားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲ ဆင်နွဲရန် KNU နယ်မြေ စောထစခန်းသို့ ရောက်ရှိခဲ့ပါတယ်။ ပထမအကြိမ် မကဒတ ညီလာခံမှစပြီး အရေးပေါ်ညီလာခံ၊ ဒုတိယအကြိမ် ညီလာခံ သက်တမ်းများတွင် ဗဟိုကော်မတီအဖြစ် တာဝန် ထမ်း ဆောင် ခဲ့ပါတယ်။ 
ရဲဘော်ဆန်းလင်းဟာ ပြည်တွင်း စည်းရုံးရေး မြေအောက်လှုပ်ရှားမှု လုပ်ငန်းတွေကို ပိုအားသန် စိတ်ဝင် စားစွာ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၉ ခုက စပြီး အလယ်ပိုင်းဒေသ အရှေ့ခြမ်း စိုးမိုးရေး အော်ပရေးရှင်း မှာ တောင်ငူခရိုင်၊ တပ်မဟာ ၂ နယ်မြေ ထန်းတပင်၊ အုပ်တွင်း၊ တောင်ငူ၊ ရေတာရှည်မြို့နယ်များကို တာဝန်ယူ ဆောင်ရွက် ခဲ့ပါတယ်။ 
ပြည်တွင်း မြေအောက် အလုပ်အဖွဲများ ဖွဲ့စည်းမှု ပိုမို့ကျစ်လစ် ခိုင်မာရေးနှင့် ပြည်တွင်း မြေအောက် လှုပ်ရှားမှုများ ပိုမို့အချိတ်အဆက် မိလာစေဖို့ သူကိုယ်တိုင် မြို့နှင့် အနီးကပ်ဆုံး နေရာများတွင် ကိုယ်တိုင် ကိုယ်ကျ သွားရောက် ဆောင်ရွက်မှုများကို စွန့်စွန့်စားစား အနစ်နာခံ ဆောင်ရွက်နေစဉ် ၁၉၉၃ ဒီဇင်ဘာ လထဲမှာ ရေနီ အရှေ့ဘက်၊ ဆိတ်ဖူးကုန်း ရွာမှာ ရန်သူတပ်မှ ရဲဘော်ဆန်းလင်းကို ဖမ်းမိ သွား ခဲ့ပါတယ်။ 
ရေနီ လေ့ကျင့်ရေး ၅ မှာ ခဏချုပ်ထားပြီး တောင်ငူ ထောက်လှမ်းရေး ၃ ကို လွှဲပေး လိုက်ပါတယ်။ ရဲဘော် ဆန်းလင်းဟာ အင်မတန်မှ ခံယူချက် ပြင်းထန်တဲ့ တော်လှန်ရေး သူရဲကောင်း တယောက်ပါ။ ဒါကြောင့် စစ်ကြောရေးက ဘာတွေမေးမေး ဘယ်လိုနှိပ်စက်ပါစေ၊ အသက် အသေခံပြီး အားလုံးအပေါ် သစ္စာရှိရှိ ရပ်တည်သွားခဲ့ပါတယ်။ 
ဒါကြောင့် တော်လှန်ရေးအင်အားစု လက်နက်ကိုင် အဖွဲ့အစည်းများ၏ လုံခြုံရေး၊ ပြည်တွင်းယူဂျီ ရဲဘော်များ၏ လုံခြုံရေးနဲ့ ပြည်တွင်း အလုပ်အဖွဲ့များ ဆက်လက်ရှင်သန်ရေးကို သူ့အသက်နဲ့လဲကာ ပေးဆပ်ကာကွယ်သွားခဲ့ပါတယ်။ ရဲဘော်ဆန်းလင်းကို ဘာမေးမေး မဖြေတဲ့အဆုံး ဥပဒေမဲ့ အပြီး စီရင် လိုက်ခြင်း ဖြစ်ပါတယ်။ ။))))))))))))
ဒီနေရာမှာ လေးစားရတာကတော့ မိမိတဦးတည်းသာ အသက်အသေခံသွားခဲ့ပြီး ဘာတခုမှ မဖေါ်ထုတ်ခဲ့တာပါ။ တနည်းအားဖြင့် ဆန့် ကျင်ဘက် ရန်သူကို အရှုံးမပေးခဲ့တာပါ။ ဘယ်လောက် ရိုက်ရိုက် ဘယ်လောက် နှိပ်စက်နှိပ်စက် ဘာတလုံးမှ ပြန်မပြောပဲ အသက်အသေခံသွားခဲ့တဲ့ သံမဏိ စိတ်ဓါတ်ပိုင်ရှင် ကျောင်းသားခေါင်းဆောင် တဦးဆိုတာကို နောက်ပိုင်းမှာ သူ့ကို ဖမ်းခဲ့သူတွေကိုယ်တိုင် ဆီက ပြန်ကြားခဲ့ကြရပါတယ်။
လမ်းပြရွာသားတဦးနဲ့အတူ မြို့ နဲ့နီးစပ်နေရာတွေမှာ စည်းရုံးရေး လုပ်ငန်းတွေ လုပ်ရင်း လမ်းပြကသစ္စာ ဖေါက်ခဲ့လို့သူ့ကို ၀ိုင်းထားချိန် ထက်ထဲမှာ ကိုင်ထားတဲ့ အေကေ ၄၇ မောင်းပြန် အော်တိုမစ်တစ် ရိုင်ဖယ်နဲ့ပြန်ပစ်ပြီး ဖေါက်ထွက်လို့ရခဲ့ပါတယ်။ ဒါပေမယ့် သူနဲ့အတူ ရှိနေတဲ့ ရွာသားတွေကို ငဲ့ပြီး အဖမ်းခံခဲ့ရတာပါ။ စစ်ဆေးမခံလိုတဲ့အတွက် သူ့ကို ဖမ်းမိချိန်မှာ အင်္ဂလိပ်လိုဘဲ ပြန်ပြောခဲ့တာမို့သူ့ကို စစ်ဘို့ နောက်တန်းက အင်္ဂလိပ်စကားပြောတဲ့ အဆင့်မြင့် အရာရှိတဦးကို ပြန်ခေါ်ပြီး စစ်မေးခဲ့ရပါတယ်။ သူ ကျဆုံးချိန်အထိ အင်္ဂလိပ်စကားကိုပဲ ပြောသွားခဲ့တာပါ။
အာဇာနည်ပြီသစွာ ကျဆုံးခဲ့တဲ့ ရဲဘော် ဆန်းလင်းနဲ့ ဆက်စပ်ပြီး အခုလို သံမဏိ စိတ်ဓါတ်ပိုင်ရှင်တဦးကို သတိရနေမိပါတယ်။ သူကတော့ ၁၉၆၂ ခုနှစ် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) ဒုဥက္ကဌ ဦးစိန်ဝင်းပါ။ သူ့ကို ရန်ကြီးအောင်လို့ခေါ်ကြပါတယ်။ ရန်ကုန်တိုင်း၊ သုံးခွမြို့ နယ်၊ ရန်ကြီးအောင်ရွာဟာ သူ့ဇာတိမို့သူ့ကို ရန်ကြီးအောင် စိန်ဝင်းလို့ တကသကျောင်းသားတွေက ကင်ပွန်းတပ်ခေါ်ပါတယ်။ ကျနော် သုံးခွမှာ နေစဉ်က သူနဲ့ ၂  အိမ်ကျော်ပဲ ဝေးတာမို့သူ့အကြောင်းကို သိခဲ့ရသလို နောက်ပိုင်း သုံးခွမြို့ အလယ် ရှစ်မျက်နှာဘုရား သပိတ်စခန်းမှာလဲ ဦးစိန်ဝင်းနဲ့အနီးကပ် နေခဲ့ ရတာမို့သူ့အကြောင်း ပိုသိခွင့် ရခဲ့ပါတယ်။ သူဟာ ၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးခင်းမှာ မသေခဲ့ပဲ တကသ အဆောက် အဦ ကြီးကို ဗုံးခွဲအပြီးနောက်ပိုင်း အဖမ်းခံခဲ့ရပါတယ်။ သူ့ကို နှိပ်စက်နည်းမျိုးစုံနဲ့နှိပ်စက်ခဲ့လို့မျက်စေ့မှုန်၊ ခါး မသန်၊ ဒူးနဲ့ခြေထောက်တွေ ပုံမှန် လှုပ်ရှားလို့မရတော့တဲ့ထိ ဒုက္ခိတတပိုင်းဘ၀ ရောက်ခဲ့ပေမယ့် တစုံ တခုမှ ဖေါ်ကောင် မလုပ်ခဲ့တဲ့အတွက် နောက်ထပ်ကျောင်းသားတွေ ရာနဲ့ချီ အဖမ်းခံရမယ့်ဘေးက ဝေးခဲ့ရတယ်လို့သူရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ပြောပြကြ ပါတယ်။  ၁၉၈၈ ခုနှစ် သပိတ်အပြီး အဖမ်းခံရချိန်မှာလဲ ထုံးစံအတိုင်း သူ့ကို ဘာမှ စစ်လို့မရခဲ့ပါ။ ရန်ကြီးအောင် ဦးစိန်ဝင်းဟာ ၁၉၉၁ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့ အင်းစိန်ထောင် ဆေးရုံမှာ ကျဆုံးခဲ့တဲ့ သံမဏိစိတ်ဓါတ်ပိုင်ရှင်ပါ။
ကျောင်းသားမျိုးဆက်သစ် ရဲဘော်ဆန်းလင်းဟာလဲ သံမဏိစိတ်ဓါတ်နဲ့ပဲ ကျဆုံးခဲ့လို့စိတ်ဓါတ်တွေ တူကြပါတယ်။ ၁၉၉၃ ခု ဒီဇင်ဘာမှာ ကိုဆန်းလင်း ကွယ်လွန်ခဲ့တာမို့အခု ဆိုရင် ၁၀ နှစ်ရှိတော့မှာပါ။ ဒါပေမယ့် ကျောင်းသား တပ်မတော်သားတွေက တော့ ကိုဆန်းလင်းကို အမှတ်ရနေကြဆဲပါ။ သူဟာ ဂစ်တာတီး သီချင်းစပ်တာလဲ ၀ါသနာပါသူပါ။ အိုခွပ်ဒေါင်း အမည်ရှိ တိုက်ပွဲဝင်သီချင်းကိုလဲ ကိုဆန်းလင်း ရေးသားခဲ့ပါတယ်။
……..
(အိုခွပ်ဒေါင်း)
 ရေး – ရဲဘော်ဆန်းလင်း၊ ဆို – ကိုထွေး

–        – –  တောတောင်ရေမြေ ကျော်ဖြတ်ရင်းနဲ့တော်လှန်လမ်း ခရီးကြမ်း လှမ်းသူတွေ လောကဓံကို အံခဲရင်းနဲ့ဖိတ်ခေါ်နေ။ ပန်းကို ရေကို ဖြတ်သန်းခဲ့စဉ် ကြည်နူးမှူတို့ ရှိသလိုဘဲ။ အားခဲရင်ဆိုင် စစ်ဆူးတောလဲ ဖြတ်ကျော်ရဲ။ အိုခွပ်ဒေါင်း – – – – ကောင်းမြတ်တဲ့ လုံလမွန်ဟာ သင့်မှာ ရှိပေတယ်။ အိုခွပ်ဒေါင်း – – – ရင့်ကျက်တဲ့ သဘောရဲ့ အင်္ဂါ သင့်မှာ ပြည့်စုံရင်း – – – ရေတံခွန်ပေါ်မှာ မာန်ပြင်း ခဲ့သလို လွင်ပြင်ပေါ် လေပြည်အေးတေးများနဲ့ဆက်ဆံခဲ့။

–        နောက်ပြန်မလှည့်ဘူး ရှေ့ ခရီးဆက်ရာ အောင်ပွဲများနဲ့တိုက်ယူထား။ အရှုံးနဲ့သရေဟာ ဒို့  ဒေါင်းသမိုင်းလဲ မရှိခဲ့ဘူး။

–        ခြောက်ပြန်သံမှာ သင်မရွံ့ ခဲ့သလို နွေမိုးဆောင်းလဲ ခရီးနှင်ဆဲ ဘ၀ပန်းတိုင်ကို ဘယ် နည်း နဲ့မှ မလျော့တဲ့ဇွဲ။ အိုခွပ်ဒေါင်း – – – – ကောင်းမြတ်တဲ့ လုံလမွန်ဟာ သင့်မှာ ရှိပေတယ်။ အိုခွပ်ဒေါင်း – – – ရင့်ကျက်တဲ့ သဘောရဲ့ အင်္ဂါ သင့်မှာ ပြည့်စုံရင်း – – – ရေတံခွန်ပေါ်မှာ မာန်ပြင်း ခဲ့သလို လွင်ပြင်ပေါ် လေပြည်အေးတေးများနဲ့ဆက်ဆံခဲ့။

–        တောတောင်ရေမြေ ကျော်ဖြတ်ရင်းနဲ့တော်လှန်လမ်း ခရီးကြမ်း လှမ်းသူတွေ လောကဓံကို အံခဲ့ရင်းနဲ့ဖိတ်ခေါ်နေ။ ပန်းကို ရေကို ဖြတ်သန်းခဲ့စဉ် ကြည်နူးမှူတို့ ရှိသလိုဘဲ။ အားခဲရင်ဆိုင် စစ် ဆူး တောလဲ ဖြတ်ကျော်ရဲ။ အိုခွပ်ဒေါင်း – – – – ကောင်းမြတ်တဲ့ လုံလမွန်ဟာ သင့်မှာ ရှိပေတယ်။ အိုခွပ်ဒေါင်း – – – ရင့်ကျက်တဲ့ သဘောရဲ့ အင်္ဂါ သင့်မှာ ပြည့်စုံတယ် – – – ရေတံခွန်ပေါ်မှာ မာန်ပြင်း ခဲ့သလို လွင်ပြင်ပေါ် လေပြည်အေးတေးများနဲ့ဆက်ဆံခဲ့။

–        ရေတံခွန်ပေါ်မှာ မာန်ပြင်း ခဲ့သလို လွင်ပြင်ပေါ် လေပြည်အေးတေးများနဲ့ဆက်ဆံခဲ့။
–        ရေတံခွန်အပေါ်မှာ မာန်ပြင်း ခဲ့သလို လွင်ပြင်ပေါ် လေပြည်အေးတေးများနဲ့ဆက်ဆံခဲ့။ ။

http://jargyi.blogspot.com/2012/07/absdf.html လင့်မှာ ဒီသီချင်းကို နားထောင်နိုင်ပါတယ်။

အခုဆိုရင်တော့ သမိုင်းဝင် ၈၈၈၈ အရေးတော်ပုံကြီးလဲ ငွေရတုတိုင်ပါပြီ။ ကျောင်းသားတပ်မတော် ဖွဲ့ ခဲ့ တာလဲ နိုဝင်္ဘာ တရက်နေ့ ဆိုရင် ၂၅ နှစ်သားရှိချိန် ရဲဘော်ဆန်းလင်းနဲ့တကွ အသက်ပေးသွားခဲ့ကြတဲ့ ကျောင်းသား တပ်မတော်သား အပေါင်းကို သတိတရ ရှိနေပါတယ် ခင်ဗျာ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts