Uncategorized

Min Kaung Chit – Articles

ရွှေမှင်လူးသောအဆိပ် (သို့) သွေးဆာနေသော ယုံကြည်မှုများ
မင်းကောင်းချစ် (မန္တလေး)
ဇူလိုင် ၂၅၊ ၂၀၁၃


ဟော့ဒီလောက ဒွန္နရာကြီးထဲမှာ လူတွေဟာ မွေးဖွားလာပြီဆိုကထဲက မိမိမွေးဖွားရောက်ရှိတဲ့ အရပ်ဒေသ၊ တိုင်းနိုင်ငံနဲ့ မိဘမျိုးရိုးက ကိုးကွယ်နေတဲ့ ဘာသာတစ်ခုခုရဲ့ ဘာသာဝင်တစ်ယောက် အလိုလျောက် ဖြစ်သွားခဲ့ရတယ်။  ငယ်စဉ်တောင်ကျေးကလေးဘဝကစလို့ မိဘဆရာသမားများရဲ့ နေ့စဉ် သွန်သင်ဆုံးမမှုတွေ နာခံရင်း၊ ဘုရားကျောင်းကန်၊ ဗလီ၊ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းတွေရောက်ခဲ့ရင်း မိရိုးဖလာဘာသာဝင်တွေ ဖြစ်ခဲ့ကြရတယ် မဟုတ်လား။
ဒီဂြိုလ်ပြာကြီးမှာ ကိုးကွယ်မှုတွေ ဘယ်အချိန်က၊ ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာ ပြောဖို့ရာ တိကျတဲ့ အထောက်အထားတွေမရှိပေမယ့်၊ လူသားတွေရဲ့တရွေ့ရွေ့ ဆင့်ကဲဖွံ့ဖြိုးလာတဲ့ ဖြစ်စဉ်တွေနဲ့အတူ၊ ကြီးထွား လာတဲ့ ဥဏှောက်အရွယ်ပမာဏနဲ့၊ စည်ပင်ဖွံ့ထွားလာတဲ့အတ္တနဲ့ လောဘတရားရယ်၊ မဆုံးနိုင်တော့တဲ့ လိုအင် ဆန္ဒတွေကြောင့် ဘာသာတရားတွေ ပေါ်ပေါက်လာရတယ်လို့ သိပ္ပံပညာရှင်များက ခန့်မှန်းပြောဆိုကြတယ် မဟုတ်လား။
သမိုင်းမတိုင်ခင် ခေတ်တွေမှာ မီးတောင်ပေါက်၊ မိုးကြိုးမုန်တိုင်းတွေကြောင့် မီးလျှံငရဲနဲ့ကြုံရရင် မီးနတ်ကို ကိုးကွယ်ကြ၊ မြေငလျှင်တွေတော်လည်းပြီး တောင်တွေပြို၊ ကမ်းပါးတွေပြိုရင်၊ မြေနတ်၊ တောင်စောင့်နတ်တွေ ကိုးကွယ်ကြမှာ လူ့ဓမ္မတာပါ။ အကြောက်တရားကို အခြေခံတဲ့ ကိုးကွယ်မှု၊ အကျိုးစီးပွားကို အခြေခံတဲ့ ကိုးကွယ်မှုတွေကတဆင့် မိဘမျိုးရိုးအစဉ်အဆက် ကိုးကွယ်မှုနဲ့ ကြီးပျင်းလာရတဲ့ အသိဉာဏ်မကွပ်ကဲတဲ့ လူသာမာန် တစ်ယောက်ဖို့ ဆင်ခြင်တုံတရားမပါတဲ့ မျက်ကန်းယုံကြည်မှုမျိုးဖြစ်တည်လာမှာ မလွဲပါဘူး။ အဲဒီကမှတဆင့် အစွန်းရောက်ယုံကြည်သူတွေအဖြစ် လူ့ဖွဲ့စည်းရဲ့ ကုစားလို့မရနိုင်တော့တဲ့ ကင်ဆာဆဲလ်တွေ ဖြစ်သွားတတ်ပါတယ်။
အဲဒီ မိရိုးဖလာယုံကြည်သူတွေနဲ့၊ အစွန်းရောက်ယုံကြည်သူတွေကသာ၊ မိမိဘာသာကိုသာ ယုံကြည်ဖို့၊ ကာကွယ်စောင့်ရှောက်ကြဖို့ တခြားဘာသာတွေရဲ့ မကောင်းကြောင်းကို တွင်တွင်ကြီးကျယ်လောင်စွာ ပြောဆို တိုက်ခိုက်စည်းရုံးလေ့ရှိကြပါတယ်။ သူတို့ရဲ့ စိတ်သဏ္ဍာန်မှာတော့ သူတို့ဟာ သာသနာတော်ကြီးကို အသက်စွန့် ကာကွယ်နေတယ်။  ကိုယ်ကျိုးစွန့်ပြီး သာသနာပြုနေတယ်။ အာဇာနည်အလောင်းတော်တွေရဲ့ လမ်းစဉ်လိုက်နေ တယ်လို့ ထင်မှတ်မှားနေကြပါလိမ့်မယ်။ ပြီးတော့အများစုဖြစ်တဲ့ မိရိုးဖလာ ယုံကြည်သူတွေကို ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းတိုက်ပြီး အတွေးအခေါ်အဆိပ်ခပ်တော့တာပါဘဲ။
သိကြတဲ့အတိုင်း အများစုကြီးဟာ အသိဥာဏ်မကွပ်ကဲနိုင်တဲ့ မျက်ကန်းယုံကြည်သူတွေမို့ အစပိုင်းမှာ အလွယ်တကူ သူတို့နောက်ကို အုံနဲ့ကျင်းနဲ့ လိုက်ပါတတ်ကြပါတယ်။ အဲဒီအခြေနေအရပ်ရပ်ကို အခွင့်ကောင်းယူပြီး အစွန်းရောက်ယုံကြည်သူတွေနဲ့ နှလုံးသားမဲညစ်လှတဲ့ အာဏာရူးတွေပေါင်းမိပြီဆိုရင်တော့ လူတွေရဲ့ အတွေးခေါ် ကို အဆိပ်ခပ်ယုံမက၊ လူမျိုးတုံး သတ်ဖြတ်မှုစတဲ့ ကြောက်မက်ဖွယ် အကြိမ်ဖက်မှုတွေ ထိဖြစ်ပွားအောင် လှုံ့ဆော်ကြတော့တာပါဘဲ။ အပြစ်မဲ့သူတွေရဲ့ အသက်သွေးတွေကို ယာဇ်ပူဇော်ပြီးသူတို့ရဲ့ အောင်မြေကို နင်းလေ့ရှိကြတယ်။ တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ဖို့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ဖို့စတဲ့ အများ သည်း ခြေခိုက်စကားလုံးတွေနဲ့ ရွှေချပြီး အဆိပ်ခပ်တော့တာပါဘဲ။
မြန်မာနိုင်ငံရဲ့သမိုင်းမှာ အထင်ရှားဆုံး ကျန်ရစ်တဲ့ အတွေးအခေါ် လိမ်ညာအဆိပ်ခပ်မူကြီး ကတော့ မြန်မာဆိုရှယ်လစ်လမ်းစဉ် ပါတီဘဲ ဖြစ်တယ်။ အခုခေတ်မျိုးဆက်လူငယ်အများစု သိချင်မှ သိလိမ့်မယ်။ ၁၉၆၂-ခုနှစ် မှာ တော်လှန်ရေးကောင်စီ အာဏာသိမ်းပြီး စစ်တပ်ကဦးစီးတဲ့ မြန်မာ့နည်း မြန်မာဟန် ဆိုရှယ်လစ်စနစ်ကို တည်ဆောက်မယ်လို့ ကြေညာပြီး သမိုင်တွင်မယ့် လိမ်ညာမှုကြီး စတင်ကျူးလွန်ခဲ့ကြတယ်။
“ယျထာဘူတာအမြင်“ “အညမညအမြင်“ စတဲ့ဘာသာရေး စကားလုံးတွေသုံး၊ “သဘောတရားဟူသည် ဘဝရှေ့ဆောင်မီးရှူးရောင်၊ ဘဝဟူသည် သဘောတရားအမြင်မှတ် ကျောက်ပင်“ စတဲ့စကားလုံး အူကြောင်ကျား လေးတွေသုံး၊ “ဆိုရှယ်လစ်စနစ်ရဲ့ အသီးအပွင့်တွေ လူတိုင်းအလျှံပယ်သုံးဆောင်ခံစားရမယ်” စတဲ့ မက်လုံးတွေနဲ့ အဆိပ်ခပ်ခဲ့ လိမ်ညာ ခဲ့ရင်းတို့ တိုင်းပြည် ဒီအခြေရောက်တဲ့အထိ ဆင်းရဲစုတ်ပြတ် နုံခြာခဲ့ရတယ်။  တို့နိုင်ငံသူ/ သားတွေက ရိုးသားတယ်၊ ယုံလွယ်တယ်၊ သနားတတ်တယ်။ မိရိုးဖလာ ဓလေ့ဟောင်းတွေနဲ့ ယောင်ရဲနေလိုမှုတွေအပေါ် အခွင့် ကောင်းယူ အမြတ်ထုတ်သွားခဲ့ကြတာဘဲ။
၁၉၈၈ လူထု အုံကြွမူကြီးကို အကြမ်းဖက်နှိမ်နင်းပြီး အာဏာသိမ်းခဲ့တဲ့ နဝတ၊ နအဖ ခေတ်တွေမှာလဲ၊ အဲဒီလိုစကားလုံး လှလှလေးတွေ သုံးခဲ့တာ လူတိုင်းအသိပါ။ တိုင်းပြည်ကြီးချောက်ထဲကျဖို့ လက်တလုံးခြားအလို တပ်မတော်က အာဏာသိမ်းပြီး ကာကွယ်လိုက်ရတာတို့၊ နိုင်ငံတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲဖို့ စတဲ့ စကားလုံးတွေ အသုံးချခဲ့တာဘဲ မဟုတ်လား။ မဟုတ်တာလုပ်နေတဲ့၊ လုပ်တော့မယ့်လူတွေဆိုရင် ဒီလိုစကားလုံး လှလှတွေ များများသုံးတတ်ကြတယ်။ ဘာသာရေးအသိ၊ နိုင်ငံရေးအသိ၊ အထွေထွေ အသိနောက်ကျတဲ့ လူ့အဖွဲ့အစည်းတွေဟာ အဲဒီလို လိမ်ညာမှုကို ထပ်တလဲလဲ ခံရတတ်တယ်။ ဘာသာရေး ယုံကြည်မှု အဆင့်တွေကို အဆင့်သုံးမျိုးနဲ့ သတ်မှတ်ကြည့်နိုင်ပါတယ်။ ပထမအမျိုးအစားကတော့ မိရိုးဖလာ သက်ဝင်ယုံကြည်မှုပါ။ ဒုတိယအမျိုးအစားက လေ့လာဆည်းပူးပြီး ရလာတဲ့ အသိပညာနဲ့ ဆင်ခြင်ပိုင်းခြားလို့ ဥာဏ်ဦးစီးတဲ့ ယုံကြည်မှုပါ။ တတိယအမျိုးအစားကတော့ ပညာဥာဏ်ကွပ်ကဲရုံမက၊ ကျင့်ကြံအားထုတ်မှု စရဏနဲ့ပါ ပေါင်းစပ်ပြီး မှန်ကန်ကြောင်း ကိုယ်တွေ့အသိနဲ့ ယုံကြည်မှုပါ။ အင်မတန် ရှားပါးတတ်ပါတယ်။ ဘာသာတိုင်းမှာ မိရိုးဖလာအတိုင်း လိုက်စားပြီး မျက်ကန်းယုံကြည်သူတွေဘဲ များပါတယ်။  သူတို့ဟာ သူတို့ရဲ့ ဘုရားရှင်ထံမှာ ဟိုဟာလိုချင်၊ ဒီဟာလိုချင် အမြဲတမ်း အပူကပ်လေ့ရှိပြီး၊ သူတို့ဆန္ဒပြည့်တာနဲ့ ဘုရားကိုမေ့ထားကြ၊ ဘုရားရဲ့ အဆုံးအမ စကားတွေ မေ့ပစ်လိုက်တော့တာပါဘဲ။ သူတို့ရဲ့ နှလုံးသားထဲက တကယ်မယုံကြည်တဲ့ သူတို့ရဲ့ ဘာသာကို ထိပါး စော်ကားလာတယ်လို့ ယူဆရင် သူတို့ရဲ့ ဘာသာကို ကာကွယ်စောင့်ရှောက်ဖို့ ကျယ်လောင်စွာ အော်ကြတော့ တာပါဘဲ။
အမိန့်အာဏာနဲ့ ဥပဒေနဲ့ သာသနာပြုရင်၊ အကြောက်တရားကို ဖန်တီးပြီး သာသနာပြုရင် ရုပ်ဝတ္ထု၊ စည်းစိမ်ဥစ္စာတွေနဲ့ မက်လုံးပြပြီး သာသနာပြုရင်၊ ခပ်ညံ့ညံ့မိရိုးဖလာ မျက်ကန်းယုံကြည်သူတွေကိုဘဲ စည်းရုံးလို့ရမှာပါ။ အဲဒီမျက်ကန်းယုံကြည်သူတွေထဲကဘဲ တယူသန်အစွန်းရောက်တွေ မွေးဖွားလာပြီး အဲဒီဘာသာကို သူတို့ကဘဲ ဖျက်ဆီးပစ်တော့တာပါဘဲ။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး အစွန်းရောက်ခြင်းမှ ကင်းလွတ်ပြီး၊ ဆင်ခြင်တုံတရား ရှေ့ဆောင်သော ယုံကြည်မှုမျိုးရနိုင်ကြပါစေ၊ လူမျိုးစုံ၊ ဘာသာစုံငြိမ်းချမ်းစွာ၊ ပျော်ရွှင်စွာ ယှဉ်တွယ်နေထိုင်နိုင်ကြပါစေ၊ မေတ္တာမျှဝေ၊ အေးချမ်းနိုင်ကြပါစေ။ ဘုရားကိုဆင်းတုကွယ်တတ်၏၊ တရားကိုကျမ်းဂန်စာအုပ်ကွယ်တတ်၏ သံဃာကို အလ္လဇီရဟန်း တို့ဖြင့် ကွယ်တတ်၏။ ခွဲခြားတတ်ကြပါကုန်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts