Uncategorized

Myat Tun Aung – Articles

ေ အ ာ င် ပွဲ 
မြတ်ထွန်းအောင်
ဇူလိုင် ၂၈၊ ၂၀၁၃
ကျွန်တော်တို့နိုင်ငံမှာ၊ ပွင့်လင်းလူ့အဖွဲ့အစည်း တဖြည်းဖြည်း ဖြစ်တည် လာတာနဲ့အမျှ၊ လူထုလူတန်းစားအသီး သီးရဲ့ ဆန္ဒဖော်ပြမှုတွေကလဲ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ဖြစ်ပေါ်လာတာကို တွေ့ကြရမှာဖြစ်ပါတယ်။ ဒေသအသီးသီးက လယ်သမားတွေ၊ စက်ရုံတွေက အလုပ်သမား တွေ၊ လုပ်ငန်းနယ်ပယ်အသီးသီးမှ ဝန်ထမ်းတွေဟာ သူတို့ရဲ့နစ်နာချက်တွေ၊ မတရားဖိနှိပ်ချုပ်ချယ်ခံရမှုတွေနဲ့ မကျေ နပ်ချက်တွေကို နည်းမျိုးစုံနဲ့ ထုတ်ဖော်လာကြတာပါ။ လယ်ယာမြေ မတရားသိမ်း ဆည်းခံရတာကအစ၊ ပြည်တွင်းငြိမ်းချမ်းရေးဆန္ဒသာမက၊ ပြည်သူတွေနဲ့ ရဟန်း သံဃာတွေအားလုံး ပါဝင်လာကြတာကို တွေ့မြင်ရမှာဖြစ်ပြီး အဲဒီလို ဆန္ဒပြမှုတွေကို အုပ်ချုပ်ရေးပိုင်းက နည်းမျိုးစုံနဲ့ဟန့်တားပိတ်ပင် တား ဆီးတာကိုလဲ တွေ့မြင်လာရပါတယ်။
တစ်နေ့မှာ မိတ်ဆွေ အငြိမ်းစား ကျောင်းဆရာတစ်ဦးနဲ့ လက်ဖက်ရည် သောက်ကြရင်း နိုင်ငံတစ်ဝန်း ဖြစ်ပေါ် နေတဲ့ ဆန္ဒပြပွဲတွေအကြောင်း စကားစပ်မိကြပြီး ကျွန်တော့်သဘောထားကို စူးစမ်းပါတယ်။ မိတ်ဆွေကျောင်းဆရာရဲ့မေးမြန်းပုံက ဆန္ဒပြပွဲတွေကို မကျေမနပ် ကန့်ကွက် လိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။ အုပ်ချုပ်ရေးပိုင်းက လုပ်ပိုင်ခွင့်ရှိသူနဲ့ အရေးယူပိုင်ခွင့်ရှိသူတွေထံမှာ ဆန္ဒပြခွင့်တောင်းကြရတာကို နည်း လမ်းမကျ ဘူးလို့ ယူဆနေပါတယ်။ ပြည်သူလူထုတွေက ဘာကြောင့်ဆန္ဒပြချင်ကြတာလဲဆိုတာနဲ့ ဒီလိုဆန္ဒပြတာတွေကို ဘယ်လို အေး အေးချမ်းချမ်း နည်းလမ်းတွေနဲ့ ဖြေရှင်းလို့ရနိုင်မလဲဆိုတာကို သိချင်တဲ့ပုံရပါတယ်။
ကျွန်တော်က ပြည်သူ့ခေတ်ဂျာနယ်တစ်စောင်ရဲ့ ပြည်သူ့အသံကဏ္ဍမှာပါတဲ့ အမျိုးသမီးတစ်ဦးခံစားတင်ပြထားချက်ထဲက ‘ဒီလို ဆန္ဒပြတာ တွေဟာ၊ သူတို့မှာ ကြီးမားတဲ့လိုအပ်ချက်တွေရှိနေလို့ပေါ့၊ လယ်သမားပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ်၊ ဘယ်သူကမှ ကလိမ်ကကျစ် ကျပြီးတော့ ဆန္ဒပြမယ်လို့မထင်ဘူး၊ လောကမှာ အလွန်သည်းခံစိတ်ရှိပြီးတော့၊ အလွန်ကိုရိုးသားတဲ့သူတွေဟာ၊ သူတို့ပဲလေ။ သူတို့ တွေ ရဲ့ တစ်ရက်စာ၊ တစ်လစာ၊ တစ်နှစ်စာတွေက မပူမပင်ရရင်၊ သူတို့လုပ်သလောက် သူတို့ပြန်ရမယ်ဆိုရင်၊ အရမ်းမနစ်နာဘူး ဆိုရင်၊ သူတို့မှာ ဆန္ဒပြစရာအကြောင်း တစ်စုံတစ်ရာမရှိပါဘူး။ ဒီလို လမ်းပေါ်ထွက်ပြီး၊ လူသိရှင်ကြားလုပ်ရတာကို သူဌေးတွေထက်၊ သူတို့က ပိုပြီးရှက် တတ်ပါတယ်။ အမှန်တော့ ဘယ်သူတွေဘက်က ပဲလွန်လွန်၊ အလုပ်သမားဘက်ကပဲ လွန်တယ်ထားဦး၊ တရားဥပဒေနဲ့အညီ မှန်မှန် ကန် ကန် ဆုံးဖြတ်လုပ်ဆောင်ကြရင်၊ ပြဿနာ နည်းနိုင်ပါတယ်။ အခုတော့ ဆန္ဒပြသူတွေဘက်က မမှားဘူးဆိုတာ  ကောက်ချက်ချနိုင်ပါတယ်’’ တဲ့။ ဒီတော့ ရှင်းမနေဘူးလားဗျာလို့ ပြောပြလိုက်တော့၊ သူက ခေါင်းတညိတ်ညိတ် လုပ်နေတာနဲ့။
ဟုတ်တယ် ဆရာရဲ့၊ ခေတ်အဆက်ဆက်မှာ ဖြစ်ပေါ်နေခဲ့တဲ့၊ ၁၃ဝဝ ပြည့် အရေးတော်ပုံကအစ၊ ရှစ်လေးလုံး ဆန္ဒပြပွဲကြီးက အလယ်နဲ့၊ အခု ငြိမ်းချမ်းရေး ဆန္ဒဖော်လမ်းလျှောက်တာတွေအဆုံး၊ လှုပ်ရှားမှုအားလုံးဟာ အကြောင်းမရှိ အကြောင်းရှာပြီး ဆန္ဒပြကြတာ မဟုတ်ပါ ဘူးဗျာ။ အားလုံး အခြေခံအကြောင်း အချက်လက်တွေ ခိုင်ခိုင်မာမာရှိနေခဲ့ပြီးသားပါလို့ ဆက်ပြောလိုက်တော့၊ ကျွန်တော် မိတ်ဆွေ ကျောင်းဆရာက၊ ခင်ဗျားလို နိုင်ငံရေးတွေ ဘာတွေကိုတော့ နားမလည် ပါဘူးဗျာ။ ခေတ်အဆက်ဆက် မကျေနပ် ချက်တွေကများခဲ့တာရယ်၊ အခုအချိန်မှာ ကြောက်တတ်တဲ့စိတ်တွေက နည်းနည်းလျော့လာတာကြောင့် ဒီလိုဆန္ဒပြကြတာလို့ ထင်တာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်း ရင်းသား ပြည်သူအချင်းချင်းတွေပဲ မဟုတ်လား၊ ဖမ်းဟယ်၊ ဆီးဟယ်နဲ့ တရားစွဲတာမျိုးတွေကိုတော့ မမြင်ချင်၊ မကြားချင်ပါဘူးဗျာလို့ သူ့ သဘောထားကို ပြောရှာပါတယ်။
မိတ်ဆွေ ကျောင်းဆရာကဆက်ပြီး ပြောပါသေးတယ်။ ဆန္ဒပြတဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျုပ်သဘောမပေါက်လို့ မေးရအုံးမယ်။ တ လောက ပေါ်ပြူလာဂျာနယ်ထဲမှာလားတော့ မသိဘူး။ တူရကီအကျဉ်းထောင်ထဲမှာ ကာဒ့်အကျဉ်းသားတွေက အကျဉ်းကျနေတဲ့ သူတို့ ခေါင်း ဆောင်ကိုလွှတ်ပေးဖို့ (၆၈) ရက်စာ အစာငတ်ခံကြတဲ့ သတင်းဖတ်လိုက်ရတယ်ဗျ။ ကျွန်တော့်ကို ခင်ဗျားပြောပြဖူးတဲ့ ကိုကိုးကျွန်း အကျဉ်း စခန်းဖျက်သိမ်းရေး အစာငတ်ခံဆန္ဒပြပွဲက (၅၃) ရက်ကြာပြီး၊ ရဲဘော် (၈) ယောက် ကျဆုံးခဲ့တယ်ဆို။ သူတို့ (၆၈) ရက် အစာငတ် ခံဆန္ဒပြကြတာမှာတော့ တစ်ယောက် တစ်လေတောင် သေဆုံးကြောင်း သတင်းမတွေ့ခဲ့ရဘူးဗျတဲ့။
ဟုတ်တယ်ဗျ။ ခင်ဗျားပြောသလိုပါပဲ၊ အကျဉ်းကျနေတဲ့ သူတို့ရဲ့ခေါင်းဆောင်ကတိုက်တွန်းလို့ အစာငတ်ခံတာကို ရပ်လိုက် ကြတာလို့ဆိုပါ တယ်။ တစ်စုံတစ်ယောက်  ကျဆုံးကြောင်းဖော်ပြတာလဲ မတွေ့ရပါဘူး။ ကျွန်တော့်အနေနဲ့ သူတို့လူမျိုးတွေရဲ့ ဓလေ့စရိုက်ကို ထဲထဲဝင်ဝင် မသိသလို၊ နေထိုင်စားသောက်မှုပုံစံကိုလဲ မသိပါဘူး။ ကျွန်တော်တို့ရဲ့ ဓလေ့စရိုက်နဲ့ နေထိုင်စားသောက်ပုံက သူတို့နဲ့မတူညီနိုင်တာ ကြောင့်၊ သူတို့ရဲ့ အစာငတ်ငံဆန္ဒပြပွဲကို ဝေဖန်တာမျိုးလဲ မပြုလုပ်သင့်ဘူးဗျ။ ကျွန်တော်တို့ရဲ့ အစာငတ်ခံဆန္ဒပြပွဲကတော့ (၅၃) ရက် ကြာ မြင့်ခဲ့ပြီး၊ ရဲဘော် (၈) ယောက်ကျဆုံးခဲ့ပေမယ့်၊ ကျွန်တော်တို့ရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ ကိုကိုးကျွန်းအကျဉ်းစခန်း ဖျက်သိမ်းရေး တောင်းဆိုချက်က အောင်မြင်ခဲ့တယ်လေ … လို့ ပြောလိုက်တော့ ကျွန်တော့်မိတ်ဆွေက ခေါင်းတညိတ်ညိတ်နဲ့ အဲဒီ အစာငတ်ခံဆန္ဒပြပွဲ အကြောင်းကို အပြည့်အစုံသိချင်တယ်ဗျာ။ ခင်ဗျားအရင်ပြောခဲ့တာတွေက ဟိုတစ်ကွက်၊ ဒီတစ်ကွက်၊ တို့တိတို့တိနဲ့ အားမရပါဘူးဗျာ။ အခု အချိန်ရတုန်း ပြန်ပြောစမ်းပါအုံးလို့ ပြောပါတယ်။
ကျွန်တော်က နိုင်ငံရေးအကျဉ်း သားတွေ ဖိနှိပ်တဲ့နေရာမှာ၊ အပြင်းအထန် အရက်စက်ဆုံးဖြစ်တဲ့ ကိုကိုးကျွန်း ကိုပို့ပြီး ကိုယ့်ရေ ကိုယ်ခပ်၊ ကိုယ့်အပင် ကိုယ်စိုက်၊ ကိုယ့်ထင်း ကိုယ်ခွဲ၊ ကိုယ့်ထမင်း ကိုယ်ချက်ဆိုတဲ့ ကိုယ်ထူကိုယ်ထစနစ်ဆိုးနဲ့ အနှိပ်စက်ခံရတာတွေ၊ လေး ဘက်လေးတန် ကင်းမျှော်စင် မီးဆလိုက်တွေနဲ့ သံဆူးကြိုးအထပ်ထပ်ကာထားတဲ့ စစ်အကျဉ်းစခန်း ဘားတိုက်တွေထဲမှာ ပိတ်လှောင်နှိပ် စက်မှုအမျိုးမျိုးကို နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ပွဲ ဝင်ခဲ့ကြပုံတွေကစပြီး၊ တောင်းဆိုချက်တွေနဲ့ အစာငတ်ခံဆန္ဒပြပွဲတွေအကြောင်း၊ အစီ အရီပြောပြလိုက်ပါတယ်။
ကိုကိုးကျွန်းအကျဉ်းစခန်းမှာ အစာငတ်ခံဆန္ဒပြပွဲ (၄) ကြိမ် ဆင်နွှဲခဲ့ကြတယ်ဗျ။ ကျွန်တော်တို့ကိုကျွေးတဲ့ ငါးပိတွေကပုပ်နေလို့ ငါးပိအ ကောင်းပေးဖို့ အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့ကြတာက ပထမဆုံးတိုက်ပွဲပါ။ (၇) ရက်ကြာတော့ ထောင်အာဏာပိုင်တွေက အလျှော့ပေးပြီး ငါးပိ အကောင်းပြန်လဲပေးခဲ့ပါတယ်။ ဒုတိယ အစာငတ်ခံတိုက်ပွဲကိုတော့၊ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေ လွတ်လပ်ရေးလှုပ်ရှားမှုတွေ တိုက်ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ဦးဆောင်ပြီး၊ မျိုးချစ်စာပေပညာရှင်တွေ၊ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ သက်ကြီးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ရန်ကုန်ခရိုင်ကျောင်း သားသမဂ္ဂတွေရဲ့ ခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်တွေ၊ အမှုထမ်းသမဂ္ဂခေါင်း ဆောင်တွေနဲ့ ကိုကိုးကျွန်းအကျဉ်းစခန်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးက ဝိုင်းဝန်းထောက်ခံကြပြီး အလံနီကွန်မြူနစ်ပါတီမှ ရဲနီတစ်ယောက်လဲ ပူပေါင်းပါဝင်ဆန္ဒပြခဲ့တယ်ဗျ။ အစာငတ်ခံဆန္ဒပြပွဲရဲ့ တောင်းဆိုချက်တွေကတော့ ….
(၁) နာမကျန်းဖြစ်တဲ့ အကျဉ်းသားတွေကို ပြည်မပြန်ပို့ပြီး ဆေးကုသပေးရေး၊ 
(၂) မိသားစုနဲ့ စာရေးဆက်သွယ်ခွင့်ရရေး၊ 
(၃) စာအုပ်စာတမ်းအပါအဝင် ပစ္စည်းများပို့ခွင့်ရရေး၊ 
(၄) စည်သွပ်ဗူးအစား၊ အသားစိုကျွေးရေး 
စတဲ့အချက် (၄) ချက်ဖြစ်ပြီး၊ တောင်းဆိုချက်တွေ မရမချင်း၊ အစာငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲဟာ ရက်ပေါင်း (၄ဝ) ကြာမြင့်ခဲ့ပြီး၊ တောင်းဆိုချက်အားလုံး ရရှိခဲ့ကြပါတယ်။ အကျအဆုံးမရှိပေမယ့်၊ ကျွန်တော်မှတ်မိသလောက်၊ ဦးထင်ရှိန် (သတင်းထောက်)၊ ဗိုလ်မဲ (ခေါ်) ဦးလှချို (ပြည်သူ့တိုးတက်ရေးပါတီ)၊ ဦးလှကြည် (တ.က.သ)၊ ဦးအောင်ငြိမ်း (မ.တ.က.သ)၊ ဦးသိန်းဖြူ၊ ဦးတင်ရီ (ပြည်သူ့တိုးတက် ရေးပါတီ) စတဲ့ ရဲဘော် (၆) ဦးဟာ၊ အာရုံကြောထိခိုက်ပြီး၊ ကျန်းမာရေး ချွတ်ယွင်းခဲ့ကြရာမှာ၊ အချို့ရဲဘော်တွေဟာ ကွယ်လွန်ချိန်အထိ ခံစားသွားရကြောင်းသိရပြီး ဗိုလ်မဲတစ်ယောက်ကတော့ အခုအချိန် အသက် (၈ဝ) အထိ လှုပ်ရှားသွားလာဆဲပဲဗျ။
အဲဒီရက် (၄ဝ) တိုက်ပွဲအပြီး မကြာခင်ကာလအတွင်းမှာ နောက်ထပ်တိုက်ပွဲတစ်ခု ဖြစ်ခဲ့သေးတယ်ဗျ။ ကိုကိုးကျွန်း အကျဉ်းစခန်းမှာရှိကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ကျောင်းသားနဲ့ အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ကမ်းလှမ်းပူးပေါင်းမှုကို လက်မခံဘဲ၊ အလံနီကွန်မြူနစ်ပါတီ တစ်ခုတည်းပြုလုပ်ခဲ့တဲ့၊ (၄၆) ရက်ကြာ အစာငတ်ခံဆန္ဒပြပွဲပါ။ တိုက်ပွဲမှာ ရဲနီတစ်ဦးကျဆုံး အပြီးသတ်ခဲ့ပါတယ်။
အကျဉ်းထောင်တွင်း ဖိနှိပ်မှုတွေဟာ ပြင်ပနိုင်ငံရေးအခြေအနေနဲ့ ဆက်နွယ်မှု အမြဲရှိတတ်ပါတယ်။ ဒါကြောင့် (၄၆) ရက်ကြာ အလံနီကွန် မြူနစ်ပါတီရဲ့ တိုက်ပွဲအပြီးမှာ ပြောင်းလဲလာတဲ့ အကျဉ်းစခန်းတွင်း ဖိနှိပ်မှုတွေကို လေထီးဦးအုန်းမောင်၊ ဆရာရာဂျန်၊ ဆရာဗန်းမော်တင် အောင်၊ ဆရာဦးခင်မောင်မြင့်၊ ဆရာမြသန်းတင့်၊ သခင်ခင်အောင်တို့နဲ့ ရဲဘော်ဖေအောင်၊ ရဲဘော်စိန်ဝင်း (ရန်ကြီးအောင်)၊ ရဲဘော် လှချို စတဲ့ ခေါင်းဆောင်တွေက အကြိမ်ကြိမ် စဉ်းစားဆွေးနွေးသုံးသပ်ကြပြီး၊ အဓိက ကိုကိုးကျွန်းဖျက်သိမ်းရေးကို ဦးတည်တဲ့၊ ကိုယ်ထူ ကိုယ်ထ စနစ် ဖျက်သိမ်းရေး၊ အကျဉ်းသားအားလုံးကို ပြည်မပြန်ခေါ်ရေး စတဲ့တောင်းဆိုချက်တွေကို မရမချင်း အစာငတ်ခံဆန္ဒပြတိုက်ပွဲ ဝင်ကြ မယ်လို့ ကြေညာပြီး၊ မြန်မာပြည်အကျဉ်းထောင်သမိုင်းမှာ စံပြုထိုက်ရုံမျှသာမက၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေး တိုက်ပွဲ သမိုင်းတွေမှာတောင် မတွေ့၊ မမြင်၊ မကြားသိရဖူးတဲ့၊ ဂုဏ်တင်စရာတိုက်ပွဲကြီး စတင်လိုက်ကြတာပါပဲဗျာ။
အစာငတ်ခံဆန္ဒပြပွဲရဲ့ သဘောသဘာဝကိုလဲ ခင်ဗျားသိထားသင့်တယ်လို့ ကျွန်တော်က ပြောလိုက်တော့.. သူက ရေနွေးကြမ်းသောက်ပါ အုံးဗျာ။ ပြီးမှ ဆက်ပြောပါတဲ့။ ဒီနေ့အချိန်လဲရတော့ ပြည့်ပြည့်စုံစုံသာ ပြောပါဗျာတဲ့။
ကျွန်တော်တို့ လူမှုရေးဓလေ့အရ၊ အစာငတ်ခံဆန္ဒပြတယ်ဆိုတာ ရေကလွဲလို့ အခြားဘာကိုမျှမစားဘဲ ဆန္ဒပြကြတယ်ဆိုတာကိုတော့၊ ခင်ဗျားနားလည် သဘောပေါက်မယ်လို့ ထင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ စတိသဘောမျိုး ရက်သတ်မှတ်ပြီး ပြတာမျိုးမဟုတ်ရင်၊ တောင်းဆိုချက်တွေကို မရမချင်း အသေခံတိုက်ကြဖို့ ဆုံးဖြတ်ပြီးသားပဲဗျ။ တော်ရုံစိတ်ဓာတ်နဲ့လဲ မတိုက်နိုင်ပါဘူး။ လက်နက် ကိုင်တိုက် ပွဲတွေလို သူလဲလက်နက်နဲ့ ကိုယ်ကလဲလက်နက်နဲ့တိုက်ကြရတာ မဟုတ်ဘူးလေ။ အာဏာပိုင်တွေဘက်မှာ ဖိနှိပ်မှုယန္တရား လက်နက်မျိုး စုံရှိပြီး ကျုပ်တို့မှာ အသက်ပဲရှိတာဗျ။ ဒီအသက်ကိုလဲ ဆာလောင်မွတ်သိပ်မှုကို ခံစားရင်း၊ တစ်စက္ကန့်ခြင်း၊ တစ်မိနစ်ခြင်း၊ တစ်နာရီခြင်း၊ တစ်ရက်ခြင်း၊ သွေးတစ်စက်ခြင်း၊ ဆုတ်ယုတ်တာကိုခံစားပြီး၊ အပေါ်သွေးနဲ့ အောက်သွေး သုည သုည မှာဆုံ၊ နှလုံးခုန်ရပ်တဲ့အထိ အ သေခံတိုက်ကြတာပါဗျာ။ ကျွန်တော်တို့တောင်းဆိုချက်တွေဟာ မင်းတို့နေရာတွေက ဖယ်ပေးကြ၊ ငါတို့ အုပ်ချုပ်မယ်လို့ တောင်းကြတာ လဲမဟုတ်ပါဘူး။ လူသားတစ်ယောက်အနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုပဲတောင်းဆိုကြတာကို ခင်ဗျားလဲ သတိထားမိမှာပါ။ ဒါ ကြောင့် ကျုပ်တို့က မတရားဖိနှိပ်မှုအောက်မှာ တရားတဲ့အခွင့်အရေးအတွက် အသေခံတိုက်ပွဲဝင်ကြတာဗျ။ ဒီနေရာမှာ အစာငတ် ခံဆန္ဒပြ တဲ့ လူတစ်ယောက်ရဲ့ ရုပ်ပိုင်းခံစားမှုနဲ့ စိတ်ခံစားမှုတွေကိုလဲ ခင်ဗျားသိထားသင့်တယ်လို့ ထင်ပါတယ်ဗျာ။ အစာငတ်ခံဆန္ဒပြတဲ့ ရဲဘော် တွေဟာ တစ်ဦးနဲ့တစ်ဦး ရုပ်ပိုင်း ဖွဲ့စည်းတည်ဆောက်ပုံ မတူညီနိုင်တဲ့အတွက် ခံစားရမှုတွေ မတူကြပေမယ့်၊ တောင်းဆိုချက်တွေ မရရင် အသေခံမယ်ဆိုတဲ့ စိတ်ဓာတ်ပိုင်းခံယူမှုကတော့ တစ်ထပ်တည်းတူညီကြတယ်လေ။ ကျွန်တော်ကတော့ ရက်ပေါင်း (၄ဝ) အစာငတ်ခံ ဆန္ဒပြပွဲမှာ (၃၃) ရက် ပါဝင်ခဲ့ဖူးတဲ့ အတွေ့အကြုံလေးနဲ့ပဲ ခင်ဗျားကို ပြောပြနိုင်တာပါ။ ကျွန်တော့်ထက် ရက်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ခံစားမှုက ပိုပြီး ပြည့်စုံမှာပေါ့ဗျာ။ အဲဒီတော့ အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ကြတော့မယ်ဆိုရင် တိုက်ပွဲဝင်တောင်းဆိုချက်တွေကို ပထမဆုံး လက်ခံယုံကြရတယ်ဗျ။ ဒါကို လက်ခံယုံကြည်မှလဲ၊ တောင်းဆိုချက်တွေက မရမချင်း အသေခံဆန္ဒပြဖို့ ကတိကဝတ်ပြုနိုင်ကြ မှာလေ။ အဲဒီလို ယုံယုံကြည်ကြည်နဲ့ အသက်စွန့်ဖို့ ကတိပြုနိုင်ရင်တောင် ခေါင်းဆောင်မှုပေးတဲ့ ပုဂ္ဂိုလ်တွေက လက်ခံရွေးချယ်မှ အစာငတ် ခံဆန္ဒပြပွဲမှာ ပါဝင်ဆင်နွှဲခွင့်ရတာဗျ။ အစာငတ်ခံဆန္ဒပြပွဲကလဲ တိုက်ပွဲစပြီဆိုကတည်းက အားလုံးက ပြုံပြီး တစ်ပြိုင်တည်း တိုက်ပွဲဝင်ကြရ တာ မဟုတ်ပါဘူး။ သတ်မှတ်လူအင်အားနဲ့ ပထမအသုတ်စဝင်ပြီး (၇) ရက်ပြည့်တော့ ဒုတိယအသုတ်၊ နောက်ထပ် (၇) ရက်ပြည့်တော့ တတိယအသုတ်၊ စတုတ္ထအသုတ်ဆိုပြီး ဆန္ဒပြရတာဗျ။ ဒုတိယအသုတ်မှာ ဆန္ဒပြဖို့ ကျွန်တော်ကို ရွေးချယ်ထားတော့၊ တိုက်ပွဲဝင်ရမယ့်နေ့ နံနက် (၄) နာရီလောက်မှာ ကျန်းမာရေးစောင်ရှောက်မှုတာဝန်ယူထားရတဲ့ ကျွန်တော်တို့ရဲ့ မန္တလေးဆေးတက္ကသိုလ်ကျောင်းသား သမဂ္ဂမှ နောက်ဆုံးနှစ်ဆေးကျောင်းသား ရဲဘော်အေးမြင့်က ကျွန်တော့်ကို အိပ်ရာမှနှိုးပြီး၊ ရေနွေးနွေးနဲ့ဖျော်ထားတဲ့ ဆားခါးတစ်ခွက်တိုက်ပါတယ်။ အစာအိမ်ထဲမှာ အစားကြွင်းအစားကျန်တွေမရှိအောင် ဝမ်းနှုတ်ဆေးကြောပေးတဲ့သဘောပါ။
နံနက် (၇) နာရီထိုးတာနဲ့ အကျဉ်းစခန်းဂိတ်ဝထွက်ပြီး ပထမအသုတ် တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေနဲ့အတူ တောင်းဆိုချက်တွေမရမချင်း ဆက်လက်တိုက်ပွဲ ဝင်ကြမယ်လို့ ကြေညာပြီး၊ တိုက်ပွဲဆောင်တွေထဲ သွားခဲ့ကြပါတယ်။ ခေါင်းဆောင်တွေနဲ့ အခြားရဲဘော်တွေက တိုက် ပွဲဝင်အဆောင်ထဲအထိ လိုက်လံပို့ဆောင်ကြပြီး (၇) ရက်ကြာ တိုက်ပွဲဝင်နှင့်ကြတဲ့ ရဲဘော်အစ်ကိုကြီးတွေရဲ့ နွေးထွေးတဲ့ အားပေးကြိုဆိုမှုကို ခံစားကြရတာဟာ အားရှိစရာပါပဲဗျာ။ တိုက်ပွဲဆောင်ထဲရောက်ပြီး မကြာမီ (၈ နာရီခန့်) မှာ ထောင်ဆရာဝန်နဲ့ ဆေးအဖွဲ့ရောက်လာကြပြီး၊ သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်း၊ ကိုယ်အလေးချိန်တွေကို မှတ်တမ်းပြုပါတယ်။ ဒါက နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ် မှတ်တမ်းယူပြီး ရန် ကုန်ကို ပို့ပေးရတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ တိုက်ပွဲဝင်ရဲဘော် တွေဟာ အသင့်အတင့် လမ်းလျှောက်လှုပ်ရှားကြပြီး၊ အိပ်ရာထဲမှာ (သို့) ပက်လက်ကုလားထိုင်မှာထိုင်ပြီး စာဖတ် ရင်းအနားယူကြပါတယ်။ လာရောက်အားပေးကြတဲ့ ရဲဘော်တွေနဲ့ စကားပြောကြပါတယ်။ ရေမှတပါး အခြား အစားအစာအားလုံး ဖြတ်ပြီး အစာငတ်ခံတာဖြစ်ပေမယ့်၊ ပထမသုံးလေးရက် လောက်အထိ၊ လုံးဝဆာလောင်မွတ်သိပ် ရမှန်းမသိပါဘူး။ (၅) ရက်လောက်ကြာလာ တော့ အနည်းငယ် ဆာလောင်လာပါတယ်။ တစ်ပတ်ကျော်လာတော့ စားချင်စိတ်ဖြစ်ပေါ်လာပြီး စိတ်ယူးယဉ်မှုအချို့ ရှိခဲ့ပါတယ်။ ဒီနေရာမှာ အစာငတ်ခံဆန္ဒပြပွဲပြီးလို့ အမှတ်တရပြောကြဆိုကြတဲ့အခါ ရယ်မောစရာကြုံတွေ့ရပုံကိုလဲ ပြောချင်သေးတယ်ဗျ။ အစားအသောက် တွေ ကို စိတ်ကူးယဉ်ကြတဲ့နေရာမှာ လူငယ်ရဲဘော်အတော်များများက ထမင်းကောင်း၊ ဟင်းကောင်း၊ တရုတ်စာ၊ ကုလားစာ အမျိုးစုံအောင် စိတ်ကူးပေါက်နေကြပြီး၊ ရဲဘော်တစ်ယောက်ကတော့ အညာပွဲဈေးတန်းမှာ ရေမုန့နဲ့ အကြော်စုံစားခဲ့တာနဲ့ မုန့်ပျားသလက်ရယ်၊ အကြော် စုံရယ်၊ စားတော်ပဲပြုတ်ရယ်၊ အားလုံး သုတ်စားခဲ့တာတွေကို အမှတ်ရပြီး စားချင်လာတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီလို စားချင်းတဲ့စိတ်ဟာ နေ့စဉ် အချိန်ပြည့်ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။ ဒီစိတ်တွေပေါ်လာတာနဲ့ တောင်းဆိုချက်တွေမရမချင်း အသက်သေမှာကိုတောင် မ ကြောက်ရွံ့ဘဲ တိုက်ပွဲဝင်နေတယ်ဆိုတဲ့ အသိစိတ်က အုပ်ချုပ်သူအာဏာပိုင်တွေ အပေါ်နာကျည်းတဲ့ ခံစားချက်တွေကိုသာ ပိုမိုခိုင်မာစေခဲ့ တယ်ဗျ။ အစာငတ်ခံ ဆန္ဒပြတာ (၁၄) ရက်ပြည့်တော့၊ တတိယအသုတ်၊ နောက်တစ်ပတ်ပြည့်တော့ စတုတ္ထအသုတ်နဲ့ အားလုံးလေးသုတ်ခွဲပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ ပထမဆုံး အသုတ်ကရဲဘော်တွေက အိပ်ယာထဲမှာ လဲလျောင်းနေကြပါပြီ။ ကျွန်တော်တို့ ဒုတိယအသုတ်လဲ ရက် ပေါင်း (၃ဝ) ကျော်လာပြီဆိုတော့ အင်အားကိုချွေတာလာကြရပါပြီ။ ထောင်အာဏာပိုင်တွေဘက်လဲ ခြိမ်းခြောက်တာ၊ ချော့မြူတာ၊ ကော လဟာလမျိုးစုံဖန်တီးပြီး တိုက်ပွဲကိုဖျက်ဆီးဖို့ ကြိုးစားအားထုတ်တာတွေကိုလဲ တွေ့လာရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တိုက်ပွဲဝင်စိတ် ဓာတ်က မယိမ်းမယိုင် ကျောက်စာတိုင်လို ခိုင်မြဲတော့၊ အစာငတ် ခံဆန္ဒပြတာ ရက်ပေါင်း (၄ဝ) ပြည့်တဲ့နေ့ မှာ ထောင်အာဏာပိုင်တွေအနေနဲ့ တောင့်မခံနိုင်ကြတော့ဘဲ ကျွန်တော်တို့ရဲ့ တောင်းဆိုချက် (၄) ချက်စလုံးကို လိုက်လျောပါမယ်လို့ကတိပြုပြီး အလျော့ပေးခဲ့ကြတာပါပဲဗျာ။
အစာငတ်ခံဆန္ဒပြပွဲရဲ့ ဒုတိယအဆင့်တိုက်ပွဲက ဒီအချိန်မှစတင်တာဗျလို့ ကျွန်တော်ကပြောလိုက်တော့ ကျွန်တော့်မိတ်ဆွေ ကျောင်းဆရာက အံ့သြဟန်နဲ့ မပြီးသေးဘူးလားဗျာ၊ ဘာကြောင့်လဲလို့ မေးပါတယ်။ ဟုတ်တယ် ဆရာရဲ့၊ ဆန္ဒပြပွဲပြီးပြီးချင်း ထောင်ဆရာဝန်နဲ့ ဆေးအဖွဲ့ ရောက်လာပြီး ဆေးကုသမှုပြုလုပ်ပါတယ်။ ဖိနှိပ်မှုတွေပြင်းထန်နေချိန်မှာ စုစုစည်းစည်းနဲ့ တောင့်ခံနိုင်ကြပေမယ့်၊ ဖိနှိပ်မှုတွေကင်းလာတာနဲ့ နေရာလုချင်တာတွေ ဖြစ်တတ်ကြသလို၊ ဆင်းရဲဒဏ်ကို ခံနိုင်ကြပြီး၊ ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ကြပါဘူး။ ကျွန်တော်တို့ အစာငတ်ခံကြတဲ့ ရဲဘော်တွေဟာလဲ ရက်ပေါင်း (၄ဝ) လောက် အစာငတ်ခံတာကို မမှုခဲ့ကြပေမယ့်၊ အောင်ပွဲဆင်ပြီး အစားအစာပြန် လည်စားခွင့်ရတဲ့ အခါမှာတော့ အတော်ကို ပင်ပင်ပန်းပန်း ဖြတ်သန်းကြရပါတယ်။ ခင်ဗျာပဲစဉ်းစားကြည့်ပါဗျာ၊ ရက်အတော်ကြာ ထမင်းမစားဘဲ အငတ် ခံခဲ့တဲ့ ရဲဘော်တွေကို ပထမဆုံး သကြားရည်ဂလူးကို့စ် ခပ်ကျဲကျဲနဲ့ ခပ်နည်းနည်းပဲ သောက်ခွင့်ပေးပြီး၊ နောက်နေ့ကျတော့ အုန်းရေနည်း နည်းနဲ့ထမင်းချိန်မှာ၊ ထမင်းရေ ခပ်ကျဲကျဲ အနည်းငယ်သောက်ရပါတယ်။ နောက်နေ့ကျတော့ အုန်းရေအသင့်အတင့်နဲ့ ထမင်းရေပြစ်ပြစ်ဖြစ် လာပါတယ်။ နောက် နေ့ကျတော့ ထမင်းရေသာသာ၊ ဆန်ပြုတ် မကျတကျဖြစ်လာပြီး၊ နောက်နေ့မှာတော့ ဆန်ပြုတ်ပြစ်ပြစ် ကျွေးပါတယ်။ ဒီနောက်မှာတော့ ထမင်းပျော့ပျော့၊ တစ်ဆင့်ပြီး တစ်ဆင့်၊ စနစ်တကျစားသောက်စေခဲ့တာတွေဟာ ကျွန်တော်တို့ရဲ့ဆေးမှူး၊ မန်းဆေး တက္ကသိုလ် နောက်ဆုံးနှစ် ဆေးကျောင်းသား ရဲဘော်အေးမြင့်ရဲ့ စေတနာဖြစ်ကြောင်း တိုက်ပွဲဝင်ရဲဘော်အားလုံးက သဘောကျကျေ နပ်ကြပါတယ်။
မိတ်ဆွေကျောင်းဆရာက၊ ခင်ဗျားတို့ အစာငတ်ခံဆန္ဒပြကြတာကလဲ၊ အတော်ကို မလွယ်ပါလားဗျာ။ ရဲဘော် (၈) ယောက်ကျဆုံးခဲ့တဲ့ (၅၃) ရက် တိုက်ပွဲကတော့ ပိုပြီး ခက်ခဲမှာပေါ့နော် . . . လို့ စာနာစိတ်နဲ့ ပြောရှာပါတယ်။
ဟုတ်တယ် ဆရာရဲ့၊ (၅၃)ရက် အစာငတ်ခံတိုက်ပွဲကြီးရဲ့ တောင်းဆိုချက်တွေကလဲ အမြင့်ဆုံးလေဗျာ။ ကျွန်တော်ပြောခဲ့သလို၊ ကိုကိုးကျွန်း အကျဉ်း စခန်းဖျက်သိမ်းရေးကိုဦးတည်တဲ့ ကိုယ်ထူကိုယ်ထစနစ် ဖျက်သိမ်းရေး၊ အကျဉ်းသားတွေ ပြည်မပြန်ခေါ်ရေးစတဲ့ တောင်းဆိုချက် တွေကို မရမချင်း၊ အစာငတ်ခံဆန္ဒပြတာဆိုတော့ အာဏာသိမ်းစစ်အစိုးရနဲ့ ထိပ်တိုက်တွေ့ကြတာပေါ့ဗျာ။
အဲဒီ ကိုကိုးကျွန်းစခန်း ဖျက်သိမ်းရေး အစာငတ်ခံဆန္ဒပြပွဲကြီးကို ၉-၆-၇၁ နေ့၊ နံနက် (၈း ဝဝ) နာရီမှာ တကသခေါင်းဆောင် ရဲဘော်စိန်ဝင်း (ရန်ကြီးအောင်) ဦးဆောင်ပြီး၊ ရဲဘော် (၁ဝ) ဦးနဲ့ စတင်လိုက်ကြတာပါ။ ၁၆-၆-၇၁ နေ့မှာ ပြည်သူ့တိုးတက်ရေးပါတီခေါင်းဆောင် ရဲဘော် ခင်မောင်မြင့်ဦးဆောင်တဲ့ ရဲဘော် (၁ဝ) ယောက်က ဒုတိယအသုတ်အနေနဲ့ အားဖြည့်ခဲ့ပြီး၊ ဦးတင်ညွန့် (မာမူကြီး) ခေါင်းဆောင်တဲ့ ရဲဘော် (၁ဝ) ယောက် ၂၃-၆-၇၁ နေ့မှာ တတိယအသုတ်အဖြစ် အစာငတ်ခံဆန္ဒပြပွဲကြီးကို အားဖြည့်ပါဝင်ခဲ့ကြတယ်ဗျ။
ကိုကိုးကျွန်း အကျဉ်းစခန်းထောင် အာဏာပိုင်တွေကလဲ၊ နေ့စဉ်နံနက် တစ်ကြိမ်၊ ညနေတစ်ကြိမ်၊ သွေးပေါင်ချိန်၊ သွေးခုန်နှုန်းနဲ့ ကိုယ် အလေးချိန်တွေကို စစ်ဆေးမှတ်တမ်းတင်ပြီး ရန်ကုန်ကို ပေးပို့နေပါတယ်။ အခြားတစ်ဖက်မှာလဲ၊ သင်္ဘောမကြာမီ ရောက်တော့မယ်။ သင်္ဘောရောက်ရင် ပြည်မသို့ ပြန်ပို့ပေးမယ်လို့ သွေးဆောင်ဖျားယောင်းမှု တွေလဲလုပ်ပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ ရေတပ်အခြေစိုက် စခန်း နယ်မြေထဲကို နယ်ကျော်ရောက်ရှိသွားတဲ့ ရဲဘော်ကြည် မောင်ညွန့်နဲ့ ရဲဘော်သိန်းလှိုင်တို့ကိုဖမ်းဆီးထားရာမှ ပြန်လည်လွှတ်ပေးခဲ့ပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အစာငတ်ခံဆန္ဒပြပွဲကြီးကတော့၊ ဆင်နွှဲဆဲ၊ ချီတက်ဆဲပါပဲ။
အစာငတ်ခံဆန္ဒပြပွဲကြီး ငါးပတ်ကျော်ပြီး နှစ်ရက်စွန်းတဲ့ ၁၆-၇-၇၁ ရက်နေ့မှာတော့၊ အကျဉ်းစခန်းက ထောင်အာဏာပိုင်တွေအနေနဲ့ ထိတ်လန့် မှုတွေ စတင်ကြုံတွေ့ရတာပဲဗျ။ ဘာ ကြောင့်လဲဆိုတော့ အစာငတ်ခံဆန္ဒပြပွဲ (၃၇) ရက်ပြည့်တဲ့ အဲဒီနေ့မှာ ပထမအသုတ်မှာ ပါဝင်ဆန္ဒပြခဲ့တဲ့ ဘီအိုစီ အလုပ်သမားသမဂ္ဂမှ ရဲဘော်သိန်းကြည် ကျဆုံးခဲ့ရလို့ပဲဖြစ်ပါတယ်။ ရဲဘော်သိန်းကြည်ရဲ့ ‘ငါ၏သွေးသား၊ ကုန်ခန်း သွားလည်း၊ အသက်ကိုပေး၊ ငါစတေးမည်’’ ဆိုတဲ့ ကြွေးကြော်သံက ထောင်အာဏာပိုင်တွေကို သွေးပျက်စေခဲ့တယ်ဗျ။ အဲဒီလိုပဲ ပထမ အသုတ်နဲ့ တိုက်ပွဲဝင်နေတဲ့ တပ်မတော် ရေတပ်၊ ဆက်သွယ်ရေးမှ ရဲဘော်အုံးမော်က၊ သူအသေခံလိုက်ရင် အခြားရဲဘော်တွေ မကျ ဆုံးနိုင်တော့ဘူးဆိုတဲ့ အတွေးနဲ့ လူကြီးတွေတားမြစ်တဲ့ကြားက ရေပါဖြတ်လိုက်တော့ ဆန္ဒပြပွဲ (၄၆) ရက်မြောက်တဲ့ ၂၅-၇-၇၁ နေ့မှာ ကျဆုံးခဲ့ပါတော့တယ်။ သူမကျဆုံးမီ နံနက်ပိုင်းသွေးချိန်တော့၊ သွေးပေါင်ချိန် အလျင်အမြန်ကျဆင်းနေလို့၊ ထောင်ဆရာဝန်က ခင်ဗျား အခြေအနေဆိုးနေပြီး၊ ၂၄ နာရီ အတွင်းသေနိုင်တယ်။ အခုဆေးကုသခံရင် မီသေးတယ်လို့ပြောတော့ ရဲဘော်အုံးမော်က အကြီးအကျယ် ဒေါသထွက်ပြီး ကျုပ်နှလုံးသားကို အသေအချာစစ်ကြည့်စမ်းပါ၊ ပုံမှန်အနေအထားထက် တစ်ချက်ကလေးမျှ ပိုမခုန်ဘူးဆိုတာ ကျုပ်သိတယ် ဗျ။ ဒီတိုက်ပွဲအတွက် အသက်ပေးရတာကို အိမ်အပြန်လမ်းလို့ သဘောထားပြီး ကြည်နူးနေတာဗျလို့ မာမာတင်းတင်း ပြန်ပြောခဲ့ သေးတယ် ဗျ။ ထောင်အာဏာပိုင်တွေ ပိုမိုယောက်ယက်ခတ်လာနေချိန် ၂၇-၇-၇၁ ရက်နေ့မှာ ပြည်ခရိုင်ကျောင်းသားသမဂ္ဂမှ ရဲဘော်ချစ်ဆွေ (မဲကြီး) ကျဆုံးခဲ့ရပြန်ပါတယ်။ ၁၆-၆-၇၁ နေ့  ဒုတိယအသုတ်က တိုက်ပွဲဝင်ခဲ့တာဖြစ် (၄၁) ရက်အကြာမှာ ကျဆုံးခဲ့တာပါ။ သူက ကျွန်တော်တို့ ရဲဘော်တွေထဲမှာ ဘက်စုံစံပြုထိုက်တဲ့ ရဲဘော်တစ်ယောက်ပဲဗျ။ ဆရာမြသန်းတင့်ရေးတဲ့ ဓါးတောင်ကိုကျော်၍ မီးပင်လယ်ဖြတ်သန်းမယ် ဝတ္ထုထဲကဇာတ်လိုက်ဟာ သူ့ကိုယ်ပွားပဲပေါ့ဗျာ။ နောက်တစ်နေ့မှာ ထောင်အာဏာပိုင်တွေကို ပိုပြီးပြာယာခတ်စေခဲ့တာကတော့ အမှုထမ်း ပေါင်းစုံသမဂ္ဂမှ ရဲဘော်ထွန်းမြင့်နဲ့ ဘီအိုစီအလုပ်သမားသမဂ္ဂမှ ရဲဘော်စိန်ချင်းတို့နှစ်ယောက်၊ တစ်နေ့တည်း တစ်ရက်တည်း ရှေ့ဆင့် နောက်ဆင့် ကျဆုံးခဲ့တာပါပဲ။ ဒီရဲဘော်နှစ်ဦးဟာ၊ ၁၆-၆-၇၁ရက်နေ့မှာ တိုက်ပွဲဝင်တဲ့ ဒုတိယအသုတ်ကရဲဘော်တွေဖြစ်ပြီး ၂၈-၇-၇၁ နေ့ ဟာ (၄၃) ရက်အပြည့်မှာ ကျဆုံးခဲ့ကြတာဗျ။
အစာငတ်ခံဆန္ဒပြတိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေရဲ့ ရုပ်အလောင်းတွေကို၊ ပိတ်ဖြူနဲ့ရစ်ပတ်ပြီး မီးသွေးခဲအမှုန့်များ ဖြန့်ခင်းထားတဲ့ သွပ်ပြားအခေါင်းထဲမှာထည့်ပြီး အလုံပိတ်ပါတယ်။ သွပ်ပြားခေါင်းအပြင်မှ သေသပ်တဲ့သစ်သားအခေါင်းနဲ့ စီမံထားပါတယ်။ ရဲဘော်တွေ ရဲ့ရုပ်အလောင်းတွေကို (၉) အဆောင်နဲ့ (၄) ကြားက ကွက်လပ်မှာ မဏ္ဍပ်ထိုးပြီး စင်မြင့်ပေါ်မှာ တင်ထားပါတယ်။ ရဲဘော် (၅) ယောက် ကျဆုံးသွားပေမယ့် အစာငတ်ခံဆန္ဒပြနေဆဲ ရဲဘော်တွေရော၊ အခြားတာဝန်အသီးသီးယူထားကြတဲ့ ရဲဘော်တွေရော၊ တုန်လှုပ်မှုကင်းပြီး နာကျည်းမှုအပြည့်နဲ့ တိုက်ပွဲကို ဆက်လက် ဆင်နွှဲကြဆဲဖြစ်ပါတယ်။ အဲဒီအချိန်မှာ အကျဉ်းထောင်အာဏာပိုင်တွေဟာ၊ ဂယောင်ချောက်ချား သွေးပျက်နေကြပြီး ရမ်းရမ်းကားကား ပြုမူလာကြပြန်ပါတယ်။ ထောင်အာဏာပိုင်တစ်ဦးဟာ နောက်ပါလက်နက်ကိုင် အရာရှိတစ်ဦးနဲ့ တပ် သားနှစ်ဦးခြံရံပြီး မီးဖိုဆောင်ဘက်သို့ ရောက်လာကြရာမှာ မျက်မှန်အကျိုးအပဲ့ကို ဖြစ်သလို ပြုပြင်တပ်ဆင်ထားပြီး ချက်ပြုတ်ရေးကို တာ ဝန်ယူထားတဲ့ ဆရာမြသန်းတင့်အနီး ရောက်လာကြပါတယ်။ ထောင်အာဏာပိုင်က၊ ခင်ဗျားမျက်စိကို နိုင်ငံခြားပို့ပြီး ကုပေးမယ်၊ ကျွန် တော်တို့နဲ့ ပြန်လိုက်ခဲ့ပါလို့ပြောတော့၊ ဆရာမြသန်းတင့်က ကန်းသွားပါစေဟေ့ မကုဘူးလို့ ဒေါသတကြီးပြန်အော်လိုက်ပါတယ်။ ထောင် အာဏာပိုင်ဟာ ဒီလိုအပြောခံရတာကို မမှတ်သေးဘဲ၊ အဆောင်တစ်ဆောင်ထဲဝင်ပြီး မကြာမီ သင်္ဘောလာတော့မယ်၊ အားလုံးကို ပြန်ပို့ မှာပါလို့ ထပ်မံသွေးဆောင်ပြန်ပါတယ်။ အဆောင်ထဲမှာရှိနေတဲ့ ရဲဘော်မြတ်စံဦးနဲ့ ဖိုးသံချောင်းတို့က ဒီမှာလာမပြောနဲ့ လူကြီး တွေဆီ သွားပြောကြလို့ မာမာတင်းတင်း ရင်ဆိုင်လိုက်တော့၊ အာဏာပိုင်ရဲ့နောက်ပါတွေက ကာဘိုင်သေနတ်များကို မောင်းတင်လိုက်ကြပါတယ်။ ရဲဘော်မြတ်စံဦးတို့က ပစ်ရဲရင်ပစ်လေ၊ ကျုပ်တို့က အသေခံတိုက်နေကြတာဗျလို့ ပြောလိုက်ချိန်မှာ၊ ရဲဘော်မြတ်ဆွေရောက်လာပြီး အိပ် ယာ ခေါင်းရင်းမှာရှိတဲ့ မယ်ဒိုလင်ကို ဆွဲယူတီးခတ်လိုက်ပါတယ်။ တိုက်ပွဲဝင်တေးသီးချင်းသံစဉ်တွေကို အားပါတရဟစ်ကြွေး သီဆိုလိုက် တော့ တခဏချင်းအတွင်းမှာပဲ အဆောင်တစ်ဆောင်လုံးနဲ့ အခြားအဆောင်များကပါ ညီညီညာညာ သီဆိုဟစ်ကြွေးလိုက်ကြပါတယ်။ ထောင်အာဏာပိုင်နဲ့ နောက်ပါတွေအားလုံး သုတ်သီးသုတ်ပျာ ထွက်သွားကြတယ်ဗျ။
၉-၆-၇၁ ရက်နေ့က စခဲ့တဲ့ အစာငတ်ခံဆန္ဒပြပွဲဟာ ၃၁-၇-၇၁ ရက်နေ့ ရောက်တော့ ပထမအသုတ်က တိုက်ပွဲဝင်ခဲ့တဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ရဲဘော်မောင်မောင်စိုး (ခေါ်) ကိုလတ်တစ်ယောက် (၅၃) ရက်တိုက်ပွဲဝင်ပြီး အသက်စွန့်ကျဆုံးသွားခဲ့ပါတယ်။ မကြာမတင်အချိန်ကလေးမှာ တတိယအသုတ်နဲ့ဆန္ဒပြခဲ့တဲ့ မတကသမှ ရဲဘော်လေးမောင်လဲ (၃၉) ရက် အစာငတ်ခံပြီး ကျဆုံးသွား ခဲ့ပြန်တယ်ဗျ။
အဲဒီအချိန်မှာတော့ ဗိုလ်နေဝင်းအစိုးရဟာ ဆက်လက်ပြီးတင်းမခံနိုင်တော့ပါဘူး။ ကိုကိုးကျွန်းအကျဉ်းစခန်း ထောင်အာဏာပိုင်တွေဟာ စခန်းတွင်းသို့ သုတ်သီးသုတ်ပျာဝင်လာကြပြီး တောင်းဆိုချက်တွေ အားလုံးပေးပါမယ်။ မကြာခင်မှာပဲ ပြန်ခေါ်ပေးပါမယ်လို့ ဝန်ခံကတိ ပေးကြပြီး နှစ်ဦးနှစ်ဘက် လက်မှတ်ရေးထိုး အစာငတ်ခံဆန္ဒပြပွဲကြီး အောင်မြင်ပြီးဆုံးကြောင်း ကြေညာလိုက်တဲ့အချိန်မှာပဲ ၁၆-၆-၇၁ ရက်နေ့၊ ဒုတိယအသုတ်မှာပါဝင်ပြီး (၄၆) ရက် ဆန္ဒပြတိုက်ပွဲဝင်ခဲ့တဲ့ တပ်မတော်လေတပ်မှ ရဲဘော်ထွန်းဝင်းကျဆုံးခဲ့ရတာပါပဲဗျာလို့ ပြောလိုက်တော့ ကျွန်တော့်မိတ်ဆွေက ဘာမျှပြန်မပြောဘဲ ငေးငေးငိုင်ငိုင်နဲ့ ကြည့်နေပါတယ်။
ကျွန်တော်ကလဲ ရဲဘော် (၈) ယောက် အကျအဆုံးခံပြီး တိုက်ရဲသူတွေရဲ့ (၅၃) ရက် အစာငတ်ခံဆန္ဒပြပွဲကြီးနဲ့ အောင်ပွဲရယူခဲ့ပြီး မကြာခင် ကာလမှာပဲ ကိုကိုးကျွန်းအကျဉ်းစခန်းကိုဖျက်သိမ်းပြီး ကျွန်တော်တို့ကို ပြန်လည်ခေါ်ယူခဲ့တာပါပဲဗျာလို့ပြောရင်း ကျွန်တော့်စကားကို အဆုံးသတ်လိုက်ပါတယ်။

မြနန္ဒဂျာနယ် အတွဲ(၂) အမှတ် (၂၈)

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ယူပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts