Uncategorized

Yamahtar – Essay

မပြောရမနေနိုင်လို့ ပြောတဲ့စကား … ကြယ်မင်းကြီးရဲ့ နောက်ဆုံးခရီး
ယမထာ
သြဂုတ် ၂၁၊ ၂၀၁၃


(၁)
ကြေကွဲဖွယ် တိုက်ဆိုင်မှုလို့ပဲ ဆိုရပါတော့မယ်။ တနေ့ကမှ ကျွန်တော်ပူပူနွေးနွေးရေးခဲ့တဲ့စာထဲမှာ ဆရာ့ရဲ့ တရား ဆရာ့စကားကို ကိုးကား ခဲ့သေးတယ်။ အခုတော့ စစ်တောင်းမြစ်ဝှမ်းက မိတ်ဆွေကဗျာဆရာပို့လိုက်တဲ့ သတင်းစကားဟာ ကျွန်တော့်ဖုန်းထဲဝင်လာပါရောလား။
“ဆရာတာဆုံးပြီ”
(၂)
ဒဂုန်တာရာဆိုတာ လေးစားအပ်တဲ့စာရေးဆရာ ကဗျာဆရာ အနုပညာဝေဖန်ရေးဆရာ နိုင်ငံရေးအကဲဖြတ်သူ အမျိုးသားလွတ်မြောက် ရေးကြိုးပမ်းသူ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းသူကြီးအဖြစ် အားလုံးသိပြီးသားပါဗျာ။ တိုင်းသိပြည်သိ နေသိလသိဆိုပါတော့ဗျာ။
လူတစ်ယောက်အနေနဲ့လည်းယဉ်ကျေးသူ နူးညံ့သူ ဖြောင့်မတ်သူ ရိုးသားသူ ကိုယ်ကျိုးမရှာသူ လူ့အဖွဲ့အစည်းကို သာယာဝပြောစေလိုသူ စတဲ့ စတဲ့ ဂုဏ်ပုဒ်တွေနဲ့ပြည့်စုံသူပါဗျာ။
ဒါ့အပြင်ဆရာဒဂုန်တာရာဟာ တွေးခေါ်သူ အဘိဓမ္မာဆရာကြီးလည်းဖြစ်တယ်လို့ ကျွန်တော်ကပြောချင်ပါတယ်ဗျာ။ စာပေနဲ့ပတ်သက်ရင် ဆရာ့ရဲ့စာပေသစ်အယူအဆနဲ့ ခေတ်ပြိုင်ခံစားမှုဒဿနဟာ အင်မတန်ထူးခြားပြီး သြဇာကြီးပါတယ်။
ဆရာဒဂုန်တာရာဟာ ခေတ်ကိုထင်ဟပ်ပြီး ပြည်သူကိုအကျိုးပြုရမယ်ဆိုတဲ့ အယူအဆကိုကိုင်ဆွဲပြီး စာပေသစ်ခေတ်ကိုထူထောင်ခဲ့တာပါ။ 
ခေတ်ပြိုင်ခံစားမှုအယူအဆကတော့ မှိုင်းဗေဒကတဆင့် ပေါက်ဖွားတာလို့ပြောနိုင်ပါတယ်။ ခေတ်ပြိုင်လူ့အဖွဲ့အစည်းရဲ့သွေးခုန်သံ လူထုရဲ့ နှလုံးခုန်သံကိုရင်ဘတ်ထဲထည့်ပြီးမှ အနုပညာဖန်တီးခြင်းဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ အမွေဆက်ခံခဲ့တဲ့ အစဉ်အလာဖြစ်ပါတယ်။ ပြီးတော့ အယူအဆတစ်ရပ်အဖြစ်ဖွဲ့စည်းကာ မျိုးဆက်သစ်တွေထံ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်ပါသဗျာ။
ဆရာဒဂုန်တာရာက သူ့ကိုယ်သူ နိုင်ငံရေးသိပ္ပံကျောင်းသားရယ်လို့ ဖော်ပြလေ့ရှိပါတယ်။ တကယ်ကတော့ ဆရာဟာ နိုင်ငံရေးသုခမိန်ကြီးလည်းဖြစ်ပါသဗျ။ ဆရာ့ရဲ့ ရန်သူမရှိအယူအဆ ဗဟုဝါဒအယူအဆဟာ ခေတ်ပြိုင်မြန်မာ့နိုင်ငံရေးမှာ အထူးပဲသြဇာကြီးလှပါသဗျာ။
(၃)
ခုတော့ဖြင့်ဒဂုန်တာရာဆိုတဲ့ကြယ်မင်းကြီး ဖျတ်ခနဲကြွေလွင့်ခဲ့ပါပြီဗျာ။ ကျွန်တော်တို့ခေတ်ရဲ့ ထူးမြတ်သူလူသားတစ်ဦးရဲ့ နောက်ဆုံးခရီးဟာသာမန်လူတစ်ယောက်လို ဖုတ်ပူမီးတိုက်နဲ့ပဲ ပြီးရတော့မှာလား။ ဆရာကြီးမှိုင်းရေးသလို ဒေါင်းပုဝါအုပ်ပြီးမသင်္ဂြိုဟ်ကြတော့ ဘူးလား။ တစ်သက်တာလုံးစာပေနဲ့ ပြည်သူကိုသာ အာရုံပြုခဲ့သူကြီးဟာ နိုင်ငံတော်အဆင့် ပြည်သူ့ဈာပနနဲ့ မထိုက်တန်ပေဘူးလား။

ပြီးတော့သူချစ်တဲ့ ငြိမ်းချမ်းရေးဗိသုကာကြီးရဲ့နံဘေးမှာ သူ့ကို လဲလျောင်းခွင့်မပြုနိုင်ကြဘူးလား။ မိတ်ဆွေများ ပြည်သူများခင်ဗျား ဟောဒီ မေးခွန်းတွေကိုသာ ကြေကြေကွဲကွဲမေးလိုက်ရကြောင်းပါဗျား ။                  ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts