Uncategorized

Interview With MoeMaKa – Ko Min Zeya, lifting the future of new generation with our shoulder …

အနာဂတ်မျိုးဆက်တွေအတွက် ပုခုံးထမ်းရုန်းကြဖို့ဆိုတဲ့ ကိုမင်းဇေယျနဲ့ စကားလက်ဆုံ အပိုင်း (၁)
 (မိုးမခအင်တာဗျူး) မောင်ရစ်၊ ထွန်းမြတ်ဦး၊ ဇူလိုင် ၂၈၊ ၂၀၁၃
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့ ခေတ်ပြိုင် ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တဦးကတော့ ကိုမင်းဇေယျ ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံကာလမှာ (မကသ) လို့  အတိုကောက်အမည်ရှိတဲ့ ကျောင်းသားအဖွဲ့အစည်းရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ အဲသည်အချိန်က ရန်ကုန်မြို့အခြေပြု ကျောင်းသားလှုပ်ရှားမှုမှာ ဗကသ၊ ရကသ၊ မကသ၊ တကသ နဲ့ လူ့ဘောင်သစ် စသည့် အမည်နာမများက အထင်ကရဖြစ်ပါတယ်။ အခုချိန်မှာတော့ လွန်ခဲ့တဲ့ ၂၅ နှစ်က ကျောင်းသားသမဂ္ဂတွေ၊ တပ်ဦးအဖွဲ့တွေ တစုတစည်းနဲ့ (၈၈ မျိုးဆက် ကျောင်းသား)တွေ ဆိုတဲ့ အမည်နာမနဲ့ လှုပ်ရှားမှုတွေ၊ အင်အားစုတွေ ဖြစ်ပေါ်နေတာကို တွေ့ရပါတယ်။ ၈၈ အရေးတော်ပုံကာလကတည်းက ကျောင်းသားခေါင်းဆောင်တဦးအဖြစ် လှုပ်ရှားခဲ့သူ၊ နိုင်ငံရေးအကျဉ်းသားတဦးအဖြစ် အကြိမ်ကြိမ် အကျဉ်းကျခဲ့သူ၊ ယခုအချိန်မှာ ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) အတွင်းရေးမှူးအဖွဲ့ဝင်တဦးအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။ ယခုလက်ရှိ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေချိန်အတွင်း မိုးမခနှင့် တွေ့ဆုံ စကားလက်ဆုံ ပြောဖြစ်သမျှကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

၈လေးလုံး အရေးတော်ပုံကာလတုန်းက “မကသ” – မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မီတီ (မကသဖ) ဆိုပြီး ရပ်တည် လှုပ်ရှားခဲ့တဲ့ အကြောင်းတခု …

            အဲသည်တုန်းက မြန်မာပြည်တပြည်လုံးမှာ တက္ကသိုလ်တွေ၊ ကောလိပ်တွေ၊ ကျောင်းတွေ အများအပြားပေါ်ပေါက်နေပြီ ဖြစ်တယ်။ ဟိုးကိုလိုနီခေတ်တုန်းကလို တက္ကသိုလ် ကောလိပ် အရေအတွက် လက်ချိုးရေလို့ ရတဲ့ အခြေအနေမျိုး မဟုတ်ဘူး။ သည်တော့ ကျနော်တို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မီတီ ဆိုတဲ့ စုစည်းမှု လှုပ်ရှားမှုကို စတင်ပြီး ပြုလုပ်ကြတယ်၊ ဆောင်ရွက်ကြတဲ့ သဘောဖြစ်ပါတယ် လို့ ဖြေကြားသွားပါတယ်။

စစ်တပ်က ၁၉၈၈ စက်တင်ဘာ ၁၈ မှာ အာဏာသိမ်းပြီးနောက် မကသ အဖွဲ့က ဆက်လက်ပြီး ကျောင်းသားလှုပ်ရှားမှုများ  လုပ်ကိုင်ခဲ့ရာမှာ ထောက်လှမ်းရေးနဲ့ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့တဲ့ ကိစ္စ ….

မကသ အဖွဲ့ဟာ သမဂ္ဂတွေဖြစ်မြောက်ရေးကို အားပေးတဲ့ ကူညီဆောင်ရွက်ပေးမယ့် ကော်မီတီတရပ် ဖြစ်တယ်။ မြို့တွေ ကျောင်းတွေအလိုက် ဒေသခံတွေကနေပြီး ဖွဲ့စည်းကြဖို့ ရည်ရွယ်ခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ အဲသည်နေရာမှာ စစ်တပ်က အာဏာသိမ်းပြီးမကြာမီ စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်တို့နဲ့ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ အဲသည်မှာ ကျောင်းသားတွေက ဒေသအလိုက် ကျောင်းအလိုက် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းထူထောင်ရေးကို ဆောင်ရွက်နိုင်ဖို့၊ ကျောင်းသားများကို ဖမ်းဆီး ထိန်းသိမ်းခြင်း မပြူဖို့၊ ဒေသဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ကို အကြောင်းကြားပြီး ကျောင်းတိုင်းမှာ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းနိုင်ဖို့ ဆိုတာတွေ တောင်းဆိုမှုတွေ မကသအနေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်အာဏာရှင် ဖြုတ်ချရေး၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး လှုပ်ရှားမှုတွေ ဆက်လက် အားကောင်းလာခဲ့တယ်။ မြေအောက် ကျောင်းသားသမဂ္ဂများ၊ တပ်ဦးအစုအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားနိုင်ငံရေးပါတီများ အမျိုးမျိုးအဖုံဖုံ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာတယ်။ ဒါပေမယ် နောက်ဆုံးမှာတော့ ခေါင်းဆောင်တွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးသမားတွေ အားလုံး စစ်အစိုးရက ဖမ်းဆီး နှိမ်နင်းခြင်း ခံခဲ့ရပါတယ်။ အဲသည်တုန်းက ၈၈ မျိုးဆက် ကျောင်းသားလူငယ် နိုင်ငံရေးလှုပ်ရှားသူတွေကြားထဲက မတူကွဲပြားတဲ့ သဘောထားတွေ၊ လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ….

နောက်ဆုံးတော့လည်း အားလုံး နှိမ်နှင်းခံရတယ်။ ကျနော်တို့တတွေ အချင်းချင်းမှာ နားလည်မှုတည်ဆောက်နိုင်ရင်၊ နားလည်မှုပေးနိုင်ကြရင် အခြေအနေတွေက တမျိုးတဖုံဖြစ်နိုင်တယ်။ ဒီလူတွေအချင်းချင်းထဲကနေပြီးတော့ မယုံသင်္ကာတွေဖြစ်ခဲ့ကြတယ်။ သံသယတွေပွားကြတယ်။ ဒါတွေကို ပြန်လည် သုံးသပ်သင့်တယ်လို့ သူက ပြောပါတယ်။

အဲသည် လွန်ခဲ့တဲ့ ၂၅ နှစ် ၈၈ အရေးတော်ပုံကာလမှာ ကြားဖြတ်အစိုးရဖွဲ့စည်းနိုင်ရေးကို အများက တောင်းဆိုခဲ့တယ်။ အဲသည်မှာ ၀န်ကြီးချုပ်ဟောင်း ဦးနုကနေပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တဖြစ်လဲ တော်လှန်ရေးကောင်စီက ၁၉၆၂တုန်းက သူ့အစိုးရလက်ထဲကနေ အာဏာသိမ်းရယူသွားတဲ့ အတွက် ခုချိန်ကစပြီး နို်င်ငံတော်အာဏာကို ပြန်လည် ရယူလိုက်ပြီ။ သူသာလျင် တိုင်းပြည်ရဲ့ တရားဝင်ဝန်ကြီးချုပ် (စက်တင်ဘာ ၉ ၊ ၁၉၈၈) ဖြစ်တယ်လို့ ကြေညာလိုက်တယ်။ စင်ပြိုင်အစိုးရ လှုပ်ရှားမှုအဖြစ် လူသိများပါတယ်။ အဲသည်လို စင်ပြိုင်အစိုးရအဖွဲ့ ရုတ်ခြည်းထူထောင်လိုက်တာမှာ အတိုက်အခံများအတွင်း အငြင်းပွားမှုများ ဖြစ်ခဲ့ပြီး အဲသည်တုန်းက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ကြီးတို့က ငြင်းပယ်ခဲ့ပါတယ်။ အဲသည်တုန်းကလည်း ကျောင်းသားတွေကြားထဲမှာ ဦးနုဦးဆောင်တဲ့ စင်ပြိုင်အစိုးရလှုပ်ရှားမှုကို ထောက်ခံမလား၊ သီးခြား ကြားဖြတ်အစိုးရဖွဲ့ပြီး ဆုံးဖြတ်ကြမလား ဆွေးနွေးငြင်းခုံစရာတွေ ဖြစ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက် ၉  ရက်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခြင်းနဲ့ တုန့်ပြန်ခြင်း ခံခဲ့ရပါတယ်။ အဲသည် အချက်အလက်တွေနဲ့ ပတ်သက်ပြီး ကိုမင်းဇေယျရဲ့ သဘောထား အတွေ့အကြုံကို မေးမြန်းရာမှာ …

ဝန်ကြီးချုပ်ဟောင်း ဦးနုက အဲသည်လိုကြေညာလိုက်တော့ ကျောင်းသားတွေကြားထဲမှာလည်း မတူညီတဲ့ အမြင်တွေ တုန့်ပြန်မှုတွေ ဖြစ်လာတယ်။ ဒ့ါအပြင် အဲသည်တုန်းက ခေါင်းဆောင်ကြီးတွေ တော်တော်များများကလည်း သဘောမတူကြဘူး။ အဲသည်မှာ ကျနော်တို့တတွေက ဦးနုရဲ့ စင်ပြိုင်အစိုးရကို ၀န်းယံကြဖို့ လုပ်ဆောင်လာကြတယ်။ အဲသည်မှာ ဦးနုနဲ့ ကျောင်းသားအဖွဲ့တွေ ဆွေးနွေးကြတော့ ဦးနုဖက်က တောင်းဆိုတဲ့ အချက် ၃ ခု ရှိတာကို မှတ်မိတယ်။ နံပါတ်တစ်က စင်ပြိုင်အစိုးရကို သူဦးဆောင်မယ်၊ အစစအရာရာ တာဝန်ယူတယ်။ အဲလိုမဟုတ်ရင် သူများတွေက ဦးဆောင်၊ သူလည်း ပါဝင်မယ်။ တာဝန်တော့ မယူနိုင်ဘူး။ နောက်ဆုံး ၁ ခုကတော့ အများဆန္ဒအရ အားလုံးက စုဝေးပြီး လုပ်ဆောင်ကြမယ်ရင် ဘယ်လိုပဲဖြစ်ဖြစ် သူလိုက်နာမယ် ဆိုတဲ့ အချက် ၃ ချက်ကို တင်ပြခဲ့တာ မှတ်မိတယ်။ အဲသည်အချက်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ ညှိနှိုင်းနေတုန်းမှာ၊ ပြီးတော့ ကျနော်တို့ကျောင်းသားတွေက ဦးနုရဲ့ စင်ပြိုင်အစိုးရလမ်းကြောင်းကို ကျန်တဲ့ နို်င်ငံရေးခေါင်းဆောင်တွေ သဘောထားကို နောက်ဆုံးအချိန်သတ်မှတ်ပြီး အဖြေစောင့်နေတုန်းမှာပဲ စစ်တပ်က အာဏာသိမ်းခဲ့တယ် လို့ သူက ပြောကြားပါတယ်။

အဲသည်တုန်းက ဗကသဆိုတဲ့ ကျောင်းသားအဖွဲ့၊ မကသဆိုတဲ့ ကျောင်းသားအဖွဲ့ ဆိုပြီး ကွဲပြားခဲ့ကြတာနဲ့ ပတ်သက်ပြီး၊ နောက်ပြီးတော့ ကျောင်းသားတွေက အဲသည်တုန်းက လူ့ဘောင်သစ်၊ အရေးတော်ပုံ၊ အနကလ စတဲ့ ကျောင်းသားနိုင်ငံရေးပါတီတွေ ထောင်ကြတာနဲ့ ပတ်သက်ပြီးတော့ …

            အဖွဲ့အစည်းတွေ ကွဲပြားတာတွေနဲ့ ပတ်သက်ပြီး သမိုင်းက အချိန်ကာလက အဆုံးအဖြတ်ပေးပါလိမ့်မယ်။ အလုပ်ကပဲ စကားပြောပါလိမ့်မယ်။ ဟိုးတုန်းကအနေနဲ့ ကျောင်းသားတွေ ကျောင်းသားအလုပ်၊ ကျောင်းသားလှုပ်ရှားမှုအလုပ်တွေကိုပဲ လုပ်စေချင်တယ်။ လုပ်ခဲ့တယ်။ ခုချိန်မှာ ဒါတွေကို ပြန်ပြောင်းကြည့်ပြီး သင်ခန်းစာယူရမယ်လို့ သူက ပြောပါတယ်။

အခုအချိန်မှာ အနှစ် ၂၅ နှစ် ကြာခဲ့ပြီ။ ၈၈ မျိုးဆက်တွေဟာ ခုချိန်ထိ ပြည်တွင်း ပြည်ပ နေရာပေါင်းစုံ၊ ထောင့်ပေါင်းစုံမှာ ရှိနေကြတယ်၊ လှုပ်ရှားနေကြတယ်။ အခုလိုမျိုး ၈၈ မျိုးဆက်ခေါင်းဆောင်တွေ ပြည်ပခရီးထွက်လာတော့လည်း ၀ိုင်းဝန်း ကြိုဆိုကြတယ်။ တွေ့ဆုံဆွေးနွေးကြတယ်။ နှစ်ပေါင်းများစွာ ကွဲကွာနေသူ၊ ကွာဝေးနေသူတွေကြားထဲက တူညီတဲ့ အခြေခံအချက်က ဘာတွေလဲလို့ မေးတော့ …

            ၈၈ စိတ်ဓာတ်ဆိုတာ ဒါပါပဲ၊ အရေးတော်ပုံ စိတ်ဓာတ်ဆိုတာ၊ ရဲဘော်ရဲဘက်တွေ ဆိုတဲ့ သဘောထားတွေဆိုတာ ဒါတွေပဲဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါကြောင့် ကျနော် ပြည်တွင်း ပြည်ပခရီးစဉ်တွေမှာ စင်မြင့်ပေါ်က ဟောပြောပွဲတွေကနေတဆင့် စကားပြောဆိုတာတွေတင် မကဘဲ နေ့ရော ညပါ အချိန်ရှိသမျှ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း ဒေသခံတွေ၊ မိတ်ဆွေတွေ၊ ရဲဘော်ဟောင်းတွေနဲ့ တွေ့တယ်၊ စကားပြောတယ်၊ နားထောင်တယ်။ သူတို့ရဲ့ ခံစားချက်တွေ ဖြတ်သန်းခဲ့ရသမျှတွေကို ဖလှယ်ကြ၊ သဘောထားပေးတယ်။ သည်တော့ ဝေးကွာနေတဲ့အချိန်မှာ ဘယ်လိုပဲ ကွာခြားတာတွေ ခြားနားတာတွေ ရှိရှိ အခုလို တွေ့ဆုံဆွေးနွေး ရင်းနှီးမှုတွေ ရကြတဲ့အခါ ပြေလည်မှုတွေ ရသွားတယ်။ နားလည်မှုတွေ ရတယ်။ ကိုယ်ကလည်း နားလည်မှုတွေ ပေးနိုင်ခဲ့တယ်။ ၈၈ တုန်းကလည်း နေရာဒေသအသီးသီး ဒီလူငယ်တွေ ကျောင်းသားတွေက စွန့်လွှတ် စွန့်စားမှုတွေ လုပ်ခဲ့ကြတယ်။ ကျဆုံးခဲ့ကြတယ်။ သည်လူတွေပဲ ပြန်လည် ဆုံတွေ့ကြတယ်။ သည်လူတွေ မိသားစုတွေ မျိုးဆက်သစ်တွေနဲ့ ကျနော်တို့တတွေ ဆက်ပြီး အလုပ်တွေ လုပ်ကြရဦးမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ၂၅ နှစ်တာ ကာလအတွင်းမှာ ၈၈ မျိုးဆက်တွေ ရဲဘော်တွေဟာ ပြည်တွင်းကော ပြည်ပမှာပါ အတွေ့အကြုံမျိုးစုံကို ဖြတ်သန်း ရင်ဆိုင်နေကြရတယ်။ ဒါကို တဦးကို တဦး အသိအမှတ်ပြုကြရမယ်။ နားလည်မှု ယူရမယ်။ နားလည်မှုပေးကြရမယ်လို့ သူက သုံးသပ် ပြောကြားပါတယ်။

၈၈ မျိုးဆက်တွေဆိုတာက ကျောင်းသားတွေ၊ လူငယ်တွေတင် မဟုတ်ပါဘူး၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ ထူထောင် လှုပ်ရှားနေသူတွေလည်း အများအပြားရှိနေတယ်။ ဒါ့အပြင် တိုင်းရင်းသားမျိုးဆက်တွေ၊ အင်အားစုတွေရဲ့ အခမ်းကဏ္ဍကလည်း အဓိကကျတဲ့ နေရာကပါဝင်နေတယ်။ တိုင်းရင်းသားအင်အားတွေနဲ့ ဘယ်လိုမျိုး ချိတ်ဆက်လှုပ်ရှားသွားမလဲ ၊ ဘယ်လိုမျိုး အတွေ့အကြုံတွေ ရှိသလဲလို့ မေးတဲ့ အခါ …

            ပြည်ပက မြန်မာတွေအတွက် တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ဥပမာကို ပေးရရင်တော့ မြန်မာတွေအချင်းချင်းမှာ ကွဲပြားနေမှုတွေ၊ မတူညီမှုတွေ အများကြီး ရှိတယ်။ သည်တော့ တိုင်းရင်းသားတွေက သူတို့ရောက်ရှိနေတဲ့ နေရာတွေမှာ သူတို့တိုင်းရင်းသားတွေချင်းပဲ စုစည်းနိုင်သလောက် စုပြီး နေထိုင်ကြတယ်။ လှုပ်ရှားကြရတယ်။ သူတို့တိုင်းရင်းသားတွေရဲ့ ပွဲလမ်းသဘင်တွေကို မြန်မာတွေ မြန်မာအဖွဲ့တွေကို ဖိတ်ချင်သော်လည်း မဖိတ်ကြဘူး။ ဘာကြောင့်လဲ ဆိုတော့ ဟိုလူကိုဖိတ်ရင် ဒီလူက မလာဘူး၊ ဟိုအဖွဲ့ကို ခေါ်ရင် ဒီအဖွဲ့က မပါဘူး ဆိုတာတွေ ဖြစ်လာတယ်။ ပြီးတော့ တိုင်းရင်းသားအဖွဲ့တွေကိုယ်တိုင်ကိုပါ မြန်မာတွေက အထင်လွဲတယ်။ ဟိုဖက်ကလိုက်တယ်၊ ဒီဘက်က ပါတယ်ဆိုပြီး အထင်လွဲခံရတယ်။ သည်တော့ ကဲ ဘယ်မြန်မာအဖွဲ့နဲ့မှ မပတ်သက်တော့ဘူးဆိုပြီး  တိုင်းရင်းသားအဖွဲ့တွေက သီးခြားပဲ နေကြတဲ့ အဖြစ်ကို ရောက်နေတာမျိုး ပြည်ပမှာ တွေ့ရတယ်။ ပြည်တွင်းမှာကျတော့ မြန်မာအစုအဖွဲ့တွေ၊ ၈၈ မျိုးဆက်တွေက တိုင်းရင်းသားနယ်မြေတွေ အင်အားစုတွေဆီကို အရောက်သွားတယ်၊ တွေ့ဆုံဆွေးနွေးတယ်။ နားလည်မှု တည်ဆောက်တယ်၊ နားလည်မှု ရယူတယ်။ အပြင်ပမ်းနားလည်မှုထက် ရင်ဘတ်ချင်း နားလည်မှုကို တည်ဆောက်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောပြပါတယ်။

ကိုမင်းဇေယျနဲ့ မိုးမခအဖွဲ့တို့ စကားလက်ဆုံပြောဆိုကြရာမှာ အလွတ်သဘော ရင်းနှီးစွာ ပြောဆိုကြတာတွေ ရှိသလို၊ အင်တာဗျုးအဖြစ် ပြန်လည်တင်ဆက်ဖို့အတွက် မှတ်တမ်းရယူပြီး ပြောဆိုခဲ့ကြတာတွေလည်း ရှိပါတယ်။ ယခုပထမပိုင်းဖြင့် ခေတ္တအနားယူပြီးနောက် ဆက်လက်ပြီး ဒုတိယပိုင်းကို တင်ဆက်သွားပါမယ်။ (မိုးမခ)


(Photo – Min Zeya at SF twin peak, 23rd July 2013, photo – Ma Moe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts