>ဂမ္ဘာရီ ခရီးစဉ်နဲ့ ပတ်သက်သမ္တွ

>

Sample Image Sample Image Sample Image Sample Imageတပတ်အတွင်း မြန်မာ့သတင်းသုံးသပ်ချက် – ဂမ်ဘာရီ ခရီးစဉ်နဲ့ ပတ်သက်သမျှ
ဒေါ်ရီရီအောင်၊ ဘီဘီစီ မတ်လ ၈ ရက်နေ့ ညပိုင်း၊ ကောက်နုတ်ချက်

မတ် ၉၊ ၂၀၀၈

ဒီသတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံအရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကြားဝင်စေ့စပ်ပေးမှုကို လက်ခံမယ့် အနေအထားမရှိတဲ့သဘော မြန်မာစစ်အစိုးရကဘက်က ပြတ်ပြတ်သားသားပဲ ထုတ်ဖော်ပြောလိုက် တာတွေ့ရပါတယ်။

ကြာသပတေးနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂမ်ဘာရီနဲ့ စစ်အစိုးရရဲ့ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့ မနေ့တုန်းက တွေ့ဆုံဆွေးနွေးအပြီး မှာ ရုပ်မြင်သံကြားသတင်းထဲမှာ စစ်အစိုးရဘက်က ရှင်းလင်းပြောကြားခဲ့တာပါ။

မစ္စတာ ဂမ်ဘာရီရဲ့ခရီးစဉ် မစခင်တုန်းကတော့ မြန်မာနိုင်ငံအတွင်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်ရေးကို စစ်အစိုးရဘက်က လက်တွေ့ လုပ်ဆောင်လာအောင် ဘယ်လောက်စွမ်းဆောင်နိုင်မလဲလို့ အများက စောင့်ကြည့်နေခဲ့ကြတာပါ။

မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကိုမရောက်ခင် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ ဒီမိုကရေစီလိုလားသူတွေ မျှော်လင့်ခဲ့ချက်တွေ နဲ့ သူရောက်သွားပြီးနောက်ဖြစ်လာခဲ့တဲ့ အခြေအနေတို့ကို ပြန်ကြည့်ကြရအောင်ပါရှင်။

မြန်မာနိုင်ငံကိုသွားဖို့သေချာပြီလို့ သိသိချင်းမှာပဲ ကုလသမဂ္ဂရုံးက ဒီတခေါက် မစ္စတာ ဂမ်ဘာရီ ဘာတွေဆောင်ရွက်မယ်ဆိုတာကို အခုလိုပြောခဲ့ပါတယ်။

“ဂမ်ဘာရီဟာ မြန်မာနိုင်ငံက လူထုလူတန်းစားအလွှာပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံအကြံ ဉာဏ်တွေယူဖို့ ဆန္ဒရှိပါတယ်၊ အဲဒီအထဲမှာ အရင်အခေါက်တွေက မတွေ့ခဲ့ရတဲ့လူတွေလည်း ပါဝင်ပြီးတော့ ဒီလူတွေအားလုံးနဲ့ တွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ကုလသမဂ္ဂရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဖာရင်ဟတ်က မစ္စတာ ဂမ်ဘာရီ ဘယ်သူတွေနဲ့တွေ့ဖို့ မျှော်လင့်တယ်ဆိုတာပဲပြောခဲ့ပြီး အစီအစဉ်အသေးစိတ်ကိုတော့ မပြောခဲ့ပါဘူး။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးဉာဏ်ဝင်းကတော့ NLD ဘက်ကမျှော်လင့်ထားပုံကို အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ အမြင့်ဆုံးမျှော်လင့်ချက်က တွေ့ဆုံဆွေးနွေးရေးပါပဲ၊ တွေ့ဆုံဆွေးနွေးရေးက တဆင့် အမျိုးသားရင်ကြားစေ့ရေးကိုပဲ ဒါကိုပဲ မျှော်လင့်ပါတယ်”

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီဝင် ဇိုမီးအမျိုးသားကွန်ကရက် ဥက္ကဋ္ဌ ဦးကျင့်ရှင်းထန် ကလည်း ကုလသမဂ္ဂရဲ့တိုက်တွန်းမှုတွေကို မြန်မာစစ်အစိုးက နားထောင်သင့်တယ်လို့ ထောက်ပြပါတယ်။

“ကုလသမဂ္ဂ Member ဖြစ်တယ်ဆိုတော့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို လိုက်နာဖို့တော့ တာဝန်ရှိမှာပေါ့၊ အဲဒါကြောင့် ဒီဥစ္စာဟာ သူ့အိမ်နေ ငါတကောကော ဆိုပြီးတော့ မလုပ်ဘဲနဲ့ တိုင်းပြည်ကို ကောင်စားဖို့၊ တိုင်းပြည် မှာအေးချမ်းဖို့ အဲဒါကို တကယ်စဉ်းစားမယ်၊ ပြည်သူလူထုကို ဟိုဟာ လုပ်မယ်ဆိုလို့ရှိရင် အခု အားလုံးပြေလည် နိုင်မယ့်ဥစ္စာကို လက်ခံဖို့သင့်တယ်၊ လက်ခံဖို့လည်း တာဝန်ရှိတယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်”

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်ဆိုင်ရာ သံအမတ်ကြီး မာ့ခ်ခမ်းနင်းကလည်း ဦးကျင့်ရှင်းထန်လိုပဲ အလားတူ သဘောရပါတယ်။

“ဒါ သိပ်အရေးကြီးတဲ့ ခရီးစဉ်ပါ။ ကျနော်တို့ အပါအ၀င် အခြားလုံခြုံရေးကောင်စီဝင်အဖွဲ့ဝင်တွေက လည်း သူ့ဆောင်ရွက်ချက်တွေကို အပြည့်အ၀ ကျောထောက်နောက်ခံပြုပေးနေပါတယ်။ ကျနော်တို့တွေ့မြင်ချင်တဲ့အခြေအနေက ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက လုံခြုံရေးကောင်စီက ပြောထားတဲ့အချက်တွေပါ။

အဲဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့၊ ကုလသမဂ္ဂနဲ့အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့၊ အဓိပ္ပာယ်ရှိ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်း တိုးတက်ဖြစ်ပေါ်လာရေးတွေပါ။ လုံခြုံရေးကောင်စီဘက်က သူတို့မြင်ချင် တွေ့ချင်တာတွေကို ပြောခဲ့ပြီးပါပြီ၊ နိုင်ငံတကာအနေနဲ့ လည်းတော်တော့ကို ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုတွေရှိပါတယ်။ နိုင်ငံတကာအနေနဲ့ သူတို့လိုချင်တဲ့အချက်တွေကို ရမှဖြစ်မယ်လို့ မြင်ပါတယ်၊ အခြေအနေတွေကို ပြီးခဲ့တဲ့စက်တင်ဘာမတိုင်ခင် အနေအထား ပြန်ရောက် သွားမှာကို ခွင့်မပြုနိုင်ပါဘူး”

သံအမတ်ကြီးပြောသွားသလို အောက်တိုဘာလတုန်းက လုံခြုံရေးကောင်စီက လိုလားတဲ့တောင်းဆို ချက်တွေကို မြန်မာစစ်အစိုးရဘက်က လိုက်လျောမှုတစုံတရာ မရှိခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင် ကြားစေ့ရေးအတွက် စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား တွေ့ဆုံဆွေးနွေးမှု လုပ်နေပါတယ်ဆိုတာ ပြရုံ သက်သက်ဖြစ်တဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပဏာမဆွေးနွေးမှုတွေ ဟာလည်း အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေနွေးမှုတွေဖြစ်တယ်ဆိုတာ ပြောနိုင်လောက်တဲ့ အထောက်အထား မတွေ့ရတဲ့ အတွက် စစ်အစိုးရဟာ မစ္စတာဂမ်ဘာရီကို ဟန်ပြသဘောတွေ့ဆုံတာဖြစ်ပြီး သူ့သဘောနဲ့သူ လုပ်ချင်တာတွေ လုပ်နေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုမှုတွေအပေါ် မစ္စတာဂမ်ဘာရီ ရောက်မလာခင်တုန်းက NLD ရဲ့ သဘောထား အမြင်ကတော့ ဒီလိုပါ။

“ကျနော်တို့မြင်တာကတော့ ကျနော်တို့ မစ္စတာဂမ်ဘာရီကို လက်ခံပြီးတော့ မစ္စတာဂမ်ဘာရီရဲ့ အကြံ ပေးချက်အရလို့တောင်မှ သူတို့ကြေညာချက်မှာ ထည့်သုံးတယ်။ အဲ့တော့ လျော့လိုက်တယ်၊ အဲ နောက်တခါ ပြန်တင်းတယ်ပေါ့ဗျာ၊ အသုံးချတယ်ဆိုတဲ့အဆင့်တော့ မဟုတ်ဘူးဗျ။ လျော့လိုက် တင်းလိုက်ဆိုတဲ့သဘောမျိုး တော့ဖြစ်နေတယ်လို့ ကျနော် အဲလိုပဲမြင်တယ်”

ဒီနေရာမှာ NLD ရဲ့အမြင်နဲ့ မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးတင့်ဇော်ရဲ့အမြင်ကတော့ ကွဲပြားပါ တယ်။

“နအဖ က ဟိုတုန်းက ရာဇာလီကို အသုံးချပြီး ကြိုးစားခဲ့တယ်၊ အသုံးချခဲ့တယ်။ အခုလည်း မစ္စတာ ဂမ်ဘာရီကို အဲလိုပဲ ကစားနေတာပါပဲ။ ဒါကြောင့်မို့လို့ အဲဒီလို ကစားနေတာဟာ မကောင်းဘူး၊ ဒီလမ်းကြောင်း ကိုပဲ သူသွားနေသေးတယ်၊ ဒါကြောင့်မို့ ငါတို့နိုင်ငံတကာမှာ တာဝန်ရှိတဲ့လူကြီးတွေက ဒါကို မြင်ပြီ။ ဒါကြောင့်မို့လို့ အဲလိုသွားလို့မရဘူး။ ဒီထက် ထိရောက်တဲ့နည်းတွေကို သွားရမယ်ဆိုတာမျိုး ဂမ်ဘာရီ နဲ့ ပေးလိုက်သင့်တယ်လို့ ကျနော်မြင်ပါတယ်”

မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို မရောက်ခင်က ဒီလိုအမြင်တွေရှိခဲ့ကြပြီးတဲ့နောက် ရောက်လာတဲ့နေ့မှာ စစ်အစိုးရ ထိပ်တန်းအရာရှိကြီးတွေ၊ နိုင်ငံခြားသံတမန်တွေ၊ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့တာဝန်ခံတွေနဲ့ ပထမတွေ့ဆုံပြီးတော့ နောက်တနေ့မှာ စစ်အစိုးရရဲ့ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုဆွေနွေးအပြီး ညပိုင်းရုပ်မြင်သံကြားထုတ်လွှင့်ချက်မှာ အဲဒီတွေ့ဆုံမှုနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်ခဲ့ပါ တယ်။

“အဆွေတော်ရဲ့ခရီးစဉ်ကို မူလက ဧပြီလမှာလက်ခံရန် စီစဉ်ထားခဲ့ပါကြောင်း၊ သို့သော်လည်း အထွေ ထွေအတွင်းရေးမှူးချုပ်က အစောဆုံးစေလွှတ်လိုပါကြောင်း ညှိနှိုင်းလာတဲ့အတွက် အဆွေတော်တို့ရဲ့ဆန္ဒကို အလေးထားတဲ့အနေနဲ့ အခုလို မတ်လဆန်းမှာ လက်ခံဆောင်ရွက်ခဲ့တာဖြစ်ပါကြောင်း၊ ဒီခရီးစဉ်အတွင်းမှာ တွေ့ဆုံခွင့်တောင်းခံထားသူများနဲ့ တွေ့ဆုံနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း … ”

တခါ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်မှာ အားလုံးပါဝင်ခွင့်ပေးဖို့ ဆိုတဲ့ UN ရဲ့တောင်းဆိုမှုတွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး မလိုက်နာဖို့တင်းခံနေတာကို မနေ့တုန်းက အစိုးရရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ တွေ့နေရပါတယ်။

“ဒီမိုကရေစီသဘောအရ ပြည်သူ့ကိုယ်စားလှယ်အားလုံးက အလျော့အတင်း ၀ိရောဓိများကြားမှ အဖြေ မှန်ရတဲ့အထိ တညီတညွတ်တည်း အတည်ပြုဆုံးဖြတ်ထားတာကို လွန်မြောက်သွားတဲ့ အခုလို အချိန်အခါကျမှ ပြန်လည်ညှိနှိုင်းပြင်ဆင်ပေးဖို့ ဘယ်လိုမှ မတောင်းဆိုသင့်တော့ပါကြောင်း၊ ဘယ်လိုမှလည်း မဖြစ်နိုင်တော့ပါ ကြောင်း ဒါပေမယ့် အခြေခံဥပဒေမူကြမ်းကို ပြည်သူများရဲ့အဆုံးအဖြတ်နဲ့ အတည်ပြုမှာဖြစ်ပါကြောင်း၊ ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲမှာ ထောက်ခံသူရော ဆန့်ကျင်သူများပါ ဥပဒေနဲ့အညီ လွတ်လပ်စွာ မဲပေးခွင့်ရရှိကြမှာဖြစ် ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးရင် ထောက်ခံသူများရော ဆန့်ကျင်သူများပါ သင့်လျော်တဲ့ အချိန်မှာ ဆိုင်ရာဥပဒေများနဲ့အညီ ပါတီများထူထောင်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့်၊ စည်းရုံးလှုပ်ရှားခွင့်ရရှိကြမှာ ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ဆန္ဒမဲနဲ့ အရွေးချယ်ခံရပြီဆိုရင် လွှတ်တော်များမှာ ကိုယ်စား လှယ်အဖြစ်ပါဝင်ခွင့်ရမှာဖြစ်သလို လွှတ်တော်အတွင်း နိုင်ငံတော်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များမှာ လည်း ဆွေးနွေးညှိနှိုင်းဆုံးဖြတ်ခွင့်ရရှိကြမှာဖြစ်ပါကြောင်း၊ ဒါကြောင့် ဒီထက်ပိုပြီး All Inclusive ဖြစ်တာ မရှိနိုင် တော့ဘူးလို့ ပြောချင်ပါကြောင်း … ”

ဒီထက်ပိုပြီး အများပါဝင်မှုရှိမှာမဟုတ်တော့ဘူးဆိုပြီးပြောဆိုမှုတွေအရ မြန်မာစစ်အစိုးရအနေနဲ့ကတော့ သူတို့သွားမယ့်လမ်းကြောင်းအတိုင်းပဲ မမှိတ်မသုန် ဆက်သွားမယ်ဆိုတာကို ထပ်မံပြီး ပြတ်ပြတ်သားသား ပြော လိုက်တဲ့သဘောဖြစ်ပါတယ်။

ဒါပေမယ့်လည်း စစ်အစိုးရဘက်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ထောက်ခံမဲတွေပဲ ရလိမ့်မယ်လို့ စိတ်ချလက်ချ ယုံကြည်ထားပုံရပါတယ်။ လူထုက ကန့်ကွက်မဲတွေပေးလိုက်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုနိုင်ခြင်းမရှိရင် ဘာလုပ်မယ်ဆိုတာကိုတော့ လုံးဝထည့်သွင်းကြေညာထားတာ မတွေ့ရပါဘူး။

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးတာဝန်ခံ ဒေါက်တာ သောင်းထွန်းကတော့ လူထုရဲ့ဆန္ဒသဘောထားအမှန်ကို သိစေချင်ရင် အစိုးရဘက်က ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးသင့်တယ် လို့ အခုလို ပြောပါတယ်။

“ဒီဖွဲ့စည်းပုံဟာ နအဖ ရဲ့ တင်ပြတဲ့ဖွဲ့စည်းပုံပဲဖြစ်တယ်၊ လူထုရဲ့ဆန္ဒနဲ့သဘောထားတွေကို ထင်ဟတ် ထားတဲ့ ဖွဲ့စည်းပုံမဟုတ်ဘူး။ နောက်တခုက လူထုကနေပြီးတော့ ပြန်ရေးမှာမဟုတ်ဘူးလို့ပြောနေတဲ့အပိုင်းမှာ အဲဒီလိုမျိုး လူထုရဲ့ဆန္ဒကို တကယ်သိချင်ရင် ကျနော်တို့ ၅/၉၆ အမျိုးသားညီလာခံနဲ့ ဖွဲ့စည်းပုံကို မဝေဖန်ရ ဆိုတဲ့ အမိန့်အာဏာတွေ၊ ကန့်သတ်မှုတွေ၊ ချုပ်ချယ်ထားတာတွေကို ပယ်ဖျက်ပေးဖို့ လိုပါတယ်။ နောက်တခုက မကြာသေးခင်က ကော်မရှင်ကနေထုတ်ပြန်ထားတဲ့ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ ဖွဲ့စည်းပုံကိစ္စတွေနဲ့ပတ်သက်လို့ ဝေဖန် ပြောဆိုမယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိကျခံနိုင်ရနိုင်တယ်ဆိုတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့လိုပါတယ်၊ လူထုရဲ့ပါးစပ်ကို အဲဒီလိုမျိုး အတင်းအဓမ္မ ပိတ်ထားပြီးခါမှ ပိတ်ထားပြီးတော့မှ လူထုက ပြောဆိုလို့မရအောင် လုပ်ထားပြီးတော့မှ ဘယ်လိုလုပ်ပြောဆိုလို့ရမလဲ”

ဒီတခေါက် မစ္စတာဂမ်ဘာရီရဲ့မြန်မာပြည်ဆိုင်ရာခရီးစဉ်မှာ နည်းလမ်းသစ်တရပ်တခုနဲ့ ချဉ်းကပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးအကူအညီပေးရေး ရည်ရွယ်တဲ့ အစီအစဉ်တခုလည်း ပါသွားပါတယ် ဘယ်လိုအစီအစဉ်ဖြစ်တယ်ဆိုတာကို အသေးစိတ်မသိရသေးပေမယ့် အဲဒီအစီအစဉ်အပေါ် မြန်မာအစိုးရဘက် ကလက်ခံနိုင်ခြင်းမရှိဘူးဆိုတာကိုလည်း မနေ့တုန်းက ရုပ်မြင်သံကြားသတင်းထဲမှာ ကြေညာချက်အရ သိနိုင်ပါ တယ်။

“နောက်ဆုံးအချက်ကတော့ ကုလသမဂ္ဂရဲ့အကူအညီနဲ့ စီးပွားရေး၊ လူမှုရေးကိစ္စများဖြေရှင်းရန် ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့ အမျိုးသားစီးပွားရေးဖိုရမ်တခုကို တည်ထောင်ပေးရင်းနဲ့ လူသားချင်းစာနာမှု အကူ အညီပေးရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်တဲ့ ယန္တယားများ တည်ထောင်ရေးပဲဖြစ်ပါကြောင်း၊ သို့သော် ကျနော် တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု အခက်အခဲဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းမှာ အဘက်ဘက်က ပိတ်ဆို့မှုတွေကြောင့်ပဲ ဖြစ်ပါကြောင်း၊ အဲဒီစီးပွားရေးပိတ်ဆို့မှုတွေ၊ နိုင်ငံတကာ အထောက်အပံ့၊ ချေးငွေပိတ်ဆို့ဖြတ်တောက်မှုတွေကို ရုပ်သိမ်းပေးအောင် အဆွေတော်တို့ဘက်က ဦးစွာကူညီဆောင်ရွက်ပေးမယ်ဆိုရင် အဆွေတော်တို့ ယခုပြောနေ တဲ့ Economic Forum ဆိုတာထက် အများကြီး ပိုမိုထိရောက်အောင်မြင်မှာ ဖြစ်ပါကြောင်း …”

မြန်မာစစ်အစိုးရဘက်က အခုလိုထုတ်ပြန်ပြောဆိုမှုတွေဟာ ကုလသမဂ္ဂရဲ့ကြားဝင်စေ့စပ်ပေးနေတဲ့ လမ်းကြောင်းကိုတောင်မှ မတတ်သာလို့လက်ခံရတဲ့ သဘောမျိုးဖြစ်နေပြီး အကြံပြုချက်တွေကိုလည်း လိုက်နာ မယ့်ပုံ မတွေ့ရပါဘူး။

နိုင်ငံတကာက လူ့အခွင့်အရေးလှုပ်ရှားနေကြတဲ့ အဖွဲ့တွေကတော့ ဒီတခေါက် မစ္စတာ ဂမ်ဘာရီရဲ့ခရီးစဉ်မှာ အောင်မြင်အောင်မဆောင်ရွက်နိုင်ရင် ဒီတကြိမ်ဟာ သူ့ကြိုးပမ်းမှုရဲ့နောက်ဆုံးပဲဖြစ်လိမ့် မယ်လို့ ယူဆထားသူကတော့ ဗြိတိန်နိုင်ငံအခြေစိုက် BCUK ဘားမားကန်ပိန်းယူကေက မာ့က်ဖာမနာပါ၊

ကုလသမဂ္ဂအရာရှိကြီးတယောက်ဖြစ်တဲ့ မစ္စတာဂမ်ဘာရီက မစွမ်းဆောင်နိုင်ရင် ဘယ်သူက စွမ်းဆောင်နိုင်ဦးမှာ ပါလဲ။ မာ့က်ဖာမနာ ကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင်လာရင်တော့ဖြစ်နိုင်ခြေရှိတယ်လို့ပြောပါ တယ်။

“ဘန်ကီမွန်း ကိုယ်တိုင်လာရင်ပြောလို့ပိုပြီးတော့ အားကောင်းမှာပါ။ ဘန်ကီမွန်းကိုယ်တိုင်လာရုံတခု တည်းမကဘဲ သူဟာ လုံခြုံရေးကောင်စီ ပြဋ္ဌာန်းဆုံးဖြတ်ချက်ရဲ့ထောက်ခံမှုနဲ့ လာတာမျိုးဖြစ်သင့်ပါတယ်။ စက်တင်ဘာ အရေးအခင်းပြီးတော့ လုံခြုံရေးကောင်စီဥက္ကဋ္ဌဆီက မြန်မာနိုင်ငံမှာ စစ်မှန်တဲ့အပြောင်းအလဲတွေဖြစ် လာအောင်တောင်းဆိုခဲ့တယ်။ ဒီတောင်းဆိုချက်ကို လုံခြုံရေးကောင်စီကနေ မဖြစ်မနေလိုက်နာရမယ် ဘိုင်းနင်း ရီဆိုလူးရှင်းချပြီးလုပ်ရင် မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံမို့ငြင်းလို့ရမှာ မဟုတ်ပါဘူး”

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံညွန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရုံးတာဝန်ခံ ဒေါက်တာ သောင်းထွန်း ကတော့ အခုလိုသုံးသပ်ပါတယ်။

“ပြန်ရောက်တာနဲ့ ဒါ လုံခြုံရေးကောင်စီမှာ ဒီကိစ္စကို အစီရင်ခံရမယ်၊ ပြင်သစ်တို့၊ အမေရိကတို့၊ ဗြိတိန် နိုင်ငံတို့ကလည်းပဲ လုံခြုံရေးကောင်စီမှာ ဗမာနိုင်ငံနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်မူကြမ်းတခုကိုတင်ဖို့ဆိုတဲ့ အပိုင်း တွေ ဆွေးနွေးညှိနှိုင်းနေတာတွေလည်း ရှိပါတယ်။ ဆိုတော့ နအဖ ဘက်က ဒီလိုမျိုး ပူးပေါင်းဆောင်ရွက်မှု ပျက်ကွက်တဲ့အနေအထားတွေမှာ ဒီဆွေးနွေးမှုတွေဟာ ဆက်ဖြစ်လာမှာပါ၊ နောက်တခုကလည်းပဲ ဥရောပသမဂ္ဂ က လာမယ့်ဧပြီလဆိုရင် နိုင်ငံခြားရေးဝန်ကြီးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ပေါ်လစီကို ပြန်သုံးသပ်ဖို့ ရှိပါတယ်။ အားလုံးက အခု မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ရလဒ်ကို စောင့်ကြည့်နေပါတယ်”

ကုသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကို မြန်မာစစ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးလို့ ပြသလိုက်တဲ့အတွက် မြန်မာနိုင်ငံအရေးကိစ္စကို လုံခြုံရေးကောင်စီမှာ တင်ပြဆွေးနွေးဖြစ်အောင် မြန်မာ့ ဒီမိုကရေစီရေးလိုလားသူတွေက ဆက်လက်ကြိုးပမ်းကြဦးမှာဖြစ်သလို မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာရဲ့ ဖိအားတွေ ပိုမိုတိုးလာမှာကတော့ သေချာနေပါတယ်ရှင်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts