ကျောင်းသားသမဂ္ဂ (၇၉) နှစ်ပြည့်နှင့် လက်ပံတန်းသပိတ် အကြမ်းဖက်ခံရမှု (၂) လပြည့် ပွဲ အခမ်းအနား နာကူ ခန်းမတွင် ပြုလုပ်

 ကျောင်းသားသမဂ္ဂ (၇၉) နှစ်ပြည့်နှင့်  လက်ပံတန်းသပိတ် အကြမ်းဖက်ခံရမှု (၂) လပြည့် ပွဲ အခမ်းအနား နာကူ ခန်းမတွင် ပြုလုပ်

ဟန်သစ်နိုင်  မိုးမခ ၁၃ မေ ၂၀၁၅

 

 

 

 

 

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (၇၉)နှစ်မြောက် နှင့် ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း အကြမ်းဖက်ခံရမှု (၂)လပြည့်အခမ်းအနား ကို ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်  သုခဆေးရုံ၊ နာရေးကူညီမှုအသင်း၌ မေ ၁၀ ရက် က ကျင်းပပြုလုပ်ခဲ့သည်။

အမျိုးသားခွပ်ဒေါင်းအလံအားအလေးပြုခြင်း၊ ဒီမိုကရေစီတော်လှန်ရေးတွင် ကျဆုံးခဲ့သောကျောင်းသားပြည်သူ၊ ရဟန်းရှင်လူများကို အလေးပြုခြင်းနှင့် တစ်မိနစ်ခန့်ငြိမ်သက်အလေးပြုခြင်း၊ ဗကသများအဖွဲ့ချုပ်ကျောင်းသားသီချင်းများသီဆိုခြင်း၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်များဖြစ်သော ဦးလှရွှေနှင့် ဦးမင်းသိန်းတို့မှ ထိုအခမ်းအနားသို့ သဝဏ်လွှာ ပေးပို့ဖတ်ကြားခြင်း၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် သဝဏ်လွှာပေးပို့ ဖတ်ကြားခြင်း၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးတင်အောင်မှ တက်ရောက်ပြောကြားခြင်း၊ ကျောင်းသားခေါင်းဆောင် ကျော်ကိုကို၏  ဗီဒီယိုဖိုင်ကို ဖွင့်ပြခြင်း၊ လက်ပံတန်းအကြမ်းဖက်မှု ဗီဒီယိုဖိုင်ဖွင့်ပြခြင်း၊ ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားများ၏ မိဘများမှ ပြောကြားခြင်းများပြုလုပ်ခဲ့သည်။

၈၈မျိုးဆက်ပွင့်လင်းလူအဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှ ပြောပြရာတွင် ပြည်သူများသည်အခွင့်အရေးတစ်ခုအတွက် တိုက်ပွဲဝင်ကြမည်ဆိုလျှင် ကာကွယ်ရေးဦးစီးချုပ်လက်အောက်ခံ ပြည်ထဲရေး၏ ရက်စက်စွာနှိမ်နင်းခြင်းကိုခံရမည်ဖြစ်ကြောင်း၊ ပြဿနာတိုင်းသည် ဖွဲ့စည်းပုံ၏ အခွင့်ထူးခံ၊ ဖိနှိပ်ချုပ်ချယ်ခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ယခုကျောင်းသားများနှင့် နိုင်ငံရေးအင်အားစုများက ထိုဖွဲ့စည်းပုံကို ပြောင်းလဲပစ်ရန် အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံကိုပြောင်းလဲဖို့ကြိုးစားရာတွင် အဖွဲ့စည်းအသီးသီးမှ ဘုံလုပ်ငန်းစဉ်အဖြစ် လက်တွဲရန် အရေးကြီးကြောင်း ပြောပြသည်။

“၂၀၁၅ မှာ ရွေးကောက်ပွဲပဲလုပ်လုပ်၊ လူထုဆန္ဒခံယူပွဲပဲလုပ်လုပ် အဲဒီအကုန်လုံးဟာ ဖွဲ့စည်းပုံပြောင်း လဲဖို့အတွက်ပဲဖြစ်ရလိမ့်မယ်၊ ဖယ်ထရယ်စနစ်ကိုတည်ထောင်မယ်ဆိုတဲ့အတွက်ကြောင့် ပြည်တွင်းငြိမ်းချမ်းေးရးလှုပ်ရှားဖို့ကလည်း ဒီဖွဲ့စည်းပုံကိုမပြင်လို့မရဘူး၊ ကျန်တဲ့ဒီမိုကရေစီအရေးကိစ္စတွေကလည်း ဖွဲ့စည်းပုံကိုပြင်ရမယ်၊ ပြဿနာတိုင်း ပြဿနာတိုင်းသည် ဖွဲ့စည်းပုံကိုအခြေခံတယ်” ဟု ပြောပြခဲ့သည်။
၎င်းအခမ်းအနားတွင် လက်ပံတန်း ကျောင်းသားများ အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်သော ဓာတ်ပုံများ ၊ ကာတွန်းများ ချိတ်ဆွဲထားပြီး ကျောင်းသားများ ကျန်ရှိခဲ့သော ဖိနပ်များအားပြသထားခြင်း၊

ကျောင်းသားများနှင့်ပတ်သက်သော ပါဖောမန့်အခင်းအကျင်းများပြုလုပ်ထားသည်။

ထိုအခမ်းအနားကို ၁၉၆၂ ခုနှစ် ကျောင်းသားဟောင်းကြီးများ၊ ၁၉၈၈ ကျောင်းသားဟောင်းများ၊ ဒီမိုကရေစီပညာရေးဥပဒေကို သပိတ်မှောက်သည့်ကျောင်းသားလူငယ်များ၊ နိုင်ငံရေးအင်အားစုများ၊ရဟန်းရှင်လူ ပြည်သူများ ၃၀၀ ကျော်တက်ရောက်ခဲ့ကြသည်။