>ဖက်ဆစ်အလိုတော်ရိ ၀န်ထမ်းများ၏ မင်းမဲ့စရိုက်များ – အပိုင်း ၂

>

စစ်ဖိနပ်အောက်က မြန်မာပြည်
အကျဉ်းကျပြည်သူများကို ထောင်ဝင်စာတွေ့ခြင်း နဲ့
ဖက်ဆစ်အလိုတော်ရိ ၀န်ထမ်းများ၏ မင်းမဲ့စရိုက်များ – အပိုင်း ၂

ပြည်သူတို့ရဲ့ စကားပြန်တဦး

မတ် ၉၊ ၂၀၀၈

ဒီအပတ်မှာ စစ်အာဏာရှင်တွေရဲ့ အကျင့်စရိုက်၊ စစ်အတွေးနဲ့ အမိန့်အာဏာကို အကြွင်းမဲ့ လက်ခံနာယူတတ်တဲ့ဘ၀အဖြစ် ပြည်သူ့ဝန်ထမ်းတွေ ရောက်ရှိသွားအောင် ပြုမူဆောင်ရွက်ပုံကို ကျနော်ဖြတ်သန်းနေရတဲ့ဘ၀နဲ့ ချိန်ထိုး ပြသပါမယ်။

လွန်လေပြီးသောကာလက ဒေသန္တရအုပ်ချုပ်ရေးဆိုတာ မြူနီစပယ်လူကြီးတွေကို ဒေသဆိုင်ရာလူထုကြားက မိမိနှစ်သက်ရာ မြို့မိမြို့ဖကြားကနေရွေးချယ်ပြီး ဒေသဆိုင်ရာ လူမှုရေး၊ စီးပွားရေးနဲ့ ကျန်းမာရေး၊ ပညာရေး၊ အုပ်ချုပ်မှု အစရှိတဲ့ တာဝန်ယူမှုကို စည်းစနစ်၊ ဥပဒေ၊ နည်းဥပဒေဆိုတဲ့ ဘောင်ထဲကနေ ပါဝင်သူရော၊ တာဝန်ယူသူပါ နှစ်ဦးနှစ်ဖက်ကို မျှတထိန်းကြောင်းတဲ့စနစ်မျိုး ဖြစ်ပါတယ်။

ဒါကို သူတို့ကဖျက်ဆီးပြီး ယနေ့ခေတ် “ကိုယ်ထူကိုယ်ထ”ဆိုပြီး အဆုံးမရှိတဲ့ ငွေရောလူပါ ပါဝင်ပြီး သူတို့ခိုင်းတာကိုလုပ်ပေးနေရတဲ့ ပုံစံမျိုးဖန်တီးပြီး ဥပဒေမဲ့ ဘာကိုမှတာဝန်လည်းမယူဘဲ အုပ်ချုပ်သူတွေရဲ့ဘ၀ အလျှံပယ်ကြွယ်ဝနေရေးအတွက် လူထုက စတေးခံဖြတ်သန်းနေခဲ့ရပါတယ်။

အကျဉ်းကျခံတွေရဲ့မိသားစုတွေဟာ ထောင်ဝင်စာတွေတွေ့ဖို့ကိစ္စမှာ အထဲဝင်၊ အပြင်ထွက်ကိစ္စမှာတောင် တာဝန်ရှိဝန်ထမ်းတွေက တယောက်တမျိုး ဆောင်ရွက်နေတာကို တွေ့နေရပါတယ်။

တယောက်ကိုမေးရင် သန်းခေါင်စာရင်းဝင်ဖြစ်မှလို့ ပြောပြီး သန်းခေါင်စာရင်းပြပြန်တော့ မှတ်ပုံတင်ကို မေးပြန်တယ်။ ရပ်ကွက်ရ၀တတို့က တရားဝင်ထုတ်ပေးထားတဲ့ ယာယီသန်းခေါင်စာရင်းနဲ့ တွေ့နေရာက၊ သန်းခေါင်စာရင်းမူရင်း ဆိုပြီးပြောပြန်တယ်။ မှတ်ပုံတင်ပျောက်ဆုံးနေလို့ ထောက်ခံစာနဲ့တွေ့ဖို့ တင်ပြလာရင်လည်း သန်းခေါင်စာရင်းဝင် ဖြစ်နေစေကာမူ အကြောင်းတမျိုးမဟုတ်တမျိုးရှာပြီး တွေ့ခွင့်ရဖို့အတွက် မျက်နှာငယ်ငယ်နဲ့ ခွင့်ပြုမှုရတဲ့အထိ စောင့်ဆိုင်းပေးနေရပါတယ်။

ဒါမှမဟုတ်ဘဲ အထူးရဲတပ်ဖွဲ့ကဖြစ်စေ၊ စရဖကဖြစ်စေ ခွင့်ပြုဖို့ပြောလိုက်ရင်လည်း အလွန်ခက်ခက်ခဲခဲ နာရီအတော်ကြာ လုပ်ကိုင်လို့ မပြီးပြတ်တဲ့ကိစ္စဟာ တခဏချင်းမှာပဲ ပြီးပြတ်မှု ဖြစ်သွားရပြန်တယ်။ အဲဒါပါပဲခင်ဗျာ၊ ဒါဟာ ဘာကိုပြသနေတာလဲဆိုတာကို စဉ်းစားသာကြည့်ကြပါတော့။

အုပ်ချုပ်မှုဥပဒေ၊ နည်းဥပဒေအထက်မှာ စစ်အာဏာပိုင်တွေရဲ့ သတင်းတပ်ဖွဲ့၊ ရဲ နဲ့ စရဖ ဆိုတဲ့တပ်ဖွဲ့က တည်ရှိနေတာပဲ မဟုတ်ပါ လားခင်ဗျာ။

အဖြစ်အပျက်တခုကို တင်ပြပါဦးမယ်၊ ဒီမိုကရေစီရေးအတွက် စွမ်းဆောင်နေတဲ့ မစုစုနွေး ရုံးထုတ်တဲ့အခါတုန်းက ဖြစ်ပါတယ်။ သက်ဆိုင်ရာ တရားရုံးတည်ရှိရာမှာ မစစ်ဆေးဘဲ ထောင်ဝင်းအတွင်းက အထူးရုံးဆိုတဲ့ဆိုင်းဘုတ်တပ်ထားတဲ့ အာဏာပိုင်တွေရဲ့ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အဆောက်အအုံထဲမှာ ရုံးလုပ်ပြီး အမှုစစ်ဆေးမှုကို ပြုလုပ်ပါတယ်။

မစုစုနွေးအမှုအတွက် လိုက်ပါဆောင်ရွက်ပေးဖို့ ရှေ့နေက ရုံးတော်မှာ ကိုယ်စားလှယ်စာတင်ဖို့ ရုံးကိုသွားပါတယ်။ ဒီအခါမှာ တရားစီရင်ရေးဆိုင်ရာဆောင်ရွက်မှုကို အကျဉ်းဦးစီးက ပါဝင်လွှမ်းမိုးချုပ်ကိုင်လာပါတယ်။

မစုစုနွေးရဲ့ ရှေ့နေကိုယ်စားလှယ်စာကို တင်ပြချိန်မှာ အကျဉ်းဦးစီးဌာနက သူတို့လုပ်ပိုင်ခွင့်လည်း မဟုတ်ပါဘဲနဲ့ တဆင့်ထပ်တိုးပြီးတော့ “အခွန်ဆောင်ပြီးတဲ့ ရှေ့နေလိုင်စင်” ကိုပါ ထုတ်ပြဖို့ တောင်းဆိုတာကို လုပ်လာပါတယ်။

ဒါဟာ တရားစီရင်ရေးဆိုင်ရာကိစ္စဖြစ်လို့၊ တရားရုံး သို့မဟုတ် တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်ပါ။ အကျဉ်းဦးစီးဌာနနဲ့ ဘယ်လိုမှ မဆိုင်ပါဘူး။

အာဏာပိုင်အဖွဲ့အစည်းက မူလရှိပြီးသား တရားရုံးမှာမစစ်ဆေးဘဲ၊ ထောင်ဝင်းအတွင်းမှာ ပြောင်းရွှေ့စစ်မှုပြုလုပ်ခြင်းဟာ သူတို့ရဲ့တာဝန်သာဖြစ်ပါလျှက် ကျနော်တို့ရှေ့နေတွေ မိသားစုတွေကို ပိတ်ပင်တားဆီးပြီး ၀င်ခွင့်ကဒ်ပြားလုပ်ဖို့၊ ကဒ်ပြားတောင်းယူပြန်တော့လည်း မိမိအမှုနဲ့မိမိလာရတဲ့ မိသားစုတွေနဲ့ ရှေ့နေတွေကို ပိုပြီး အခက်အခဲစုံနဲ့ ဖိနှိပ်ချုပ်ချယ်လာတာဖြစ်နေပါတယ်။

ဘယ်မိသားစုကမှ မိမိသားချင်းအတွက် လာတာကို ဘာတွေများ တရားလက်လွတ် ဆောင်ရွက်ကြမှာ မဟုတ်ပါပဲလျှက်၊ သက်သက်မဲ့ အခက်အခဲတွေဖြစ်အောင်လုပ်ကြံပြီး၊ စိတ်ဓာတ်ပျက်အောင်၊ စိတ်ပျက်အားငယ်ပြီး လာရောက်လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုချင်လာအောင် ညစ်ပတ်တဲ့စိတ်နဲ့ ကြံဆောင် အကောက်ကြံနည်းကို သုံးလာပါတယ်။

မိသားစုတွေ၊ တရားခံရှေ့နေတွေရဲ့ မျက်ကွယ်မှာမှ၊ စစ်အစိုးရ အလိုတော်ရိ တရားသူကြီး၊ ဥပဒေအကျိုးဆောင်၊ တရားလိုပြုလုပ်ထားတဲ့ စစ်တပ်အပေါင်းအပါ ရဲတွေနဲ့ လုံခြုံရေးအင်အားစုတွေကြားမှာ အဖမ်းဆီးခံ အစစ်ဆေးခံနေရတဲ့သူကို အထီးကျန်ထား၊ ခြိမ်းခြောက် အနိုင့်ထက်ပြုပြီး အမှုကို မတရားစစ်ဆေးဆုံးဖြတ်ဖို့ လုပ်ကြပါတယ်။

မိသားစုတွေ ရှေ့နေတွေကလည်း မလျှော့သော ဇွဲလုံလတွေနဲ့ မည်မျှပင် ခက်ခဲဆင်းရဲပင်ပမ်းအောင် လုပ်ထားပါစေ၊ ဥပဒေဘောင်ထဲက ရရှိရမယ့်အခွင့်အရေးအတွက် အားသွန်ခွန်စိုက်လုပ်ကိုင်လာလို့ နောက်ဆုံးမှာ မလွှဲမရှောင်သာ တရားခွင်မှာ ရင်ဆိုင်ခွင့်ရကြရင်လည်း အာဏာပိုင်အဖွဲ့အစည်းက သူတို့ရဲ့လူတွေကို တရားခံပြ သက်သေတွေအဖြစ် ကျနော်တို့ကို လှည့်စားပြန်ပါတယ်။

နောက်တမျိုးက တရားရုံးရှေ့ကို ထွက်ရတဲ့ ဒီမိုကရေစီဘက်တော်သားတွေကို အကျဉ်းသားတွေဖြစ်လို့ ဖိနပ်မစီးရဘူးလို့ တားမြစ်ပါတယ်။ ဘယ်အကျဉ်းထောင်လက်စွဲမှာမှ အဲသလို တားမြစ်ချက်မရှိဘူးလို့ ထင်ပါတယ်။ ဒါ ဘာကိုကြံရွယ်တာပါလဲ။ စ သုံးလုံး၊ အထူးအမှုဆိုတာတွေဆိုရင်တော့ တမျိုးပေါ့ဗျာ။

ဘာပဲဖြစ်ဖြစ် အကျဉ်းသားပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဖိနပ်စီးခွင့်ရှိမရှိဟာ ဥပဒေတရပ် ထုတ်ပြန်ရလောက်အောင် အရေးကြီးပါသလား။ လူသားတွေရဲ့ ကျန်းမာရေး၊ တန်းတူဖြစ်ရေး၊ လူ့ဂုဏ်သိက္ခာရှိရေး ဆိုတာတွေကို ချိုးဖောက်ပြီး လူသားချင်း တန်းတူမဆက်ဆံလိုတဲ့၊ လူကို လူ့ထက်အဆင့်နိမ့်သူအဖြစ် ရောက်အောင် ဖန်တီးတဲ့မသမာတဲ့နည်း မဟုတ်ပါလား။ ဒါကို ဖန်တီးတဲ့သူတွေ ကိုယ့်အလှည့်ကျရင် ကိုယ်သိလာပါလိမ့်မယ်။

နောက်တမျိုးက အလွန်မှပဲ အရုပ်ဆိုး အကျည်းတန်လှပါတယ်။ ဘာလဲဆိုတော့ လုံခြုံရေးတွေအထပ်ထပ်နဲ့ မိမိတို့စိတ်တိုင်းကျ ဖန်တီးထားတဲ့ နေရာဒေသမှာ စစ်ဆေးဖို့ပြုလုပ်ထားပြီး စစ်ဆေးတဲ့အခါ၊ ဒီမိုကရေစီဘက်တော်သား အကျဉ်းသားတွေကို တရားရုံးတော်ရှေ့ရောက်နေတာတောင်မှ လက်ထိပ်ခတ်ထားခြင်းခံနေရတာပါပဲ။

စဉ်းစားကြည့်ကြစမ်းပါ၊ လက်ထိပ်ဆိုတာ လုံခြုံရေးအရ အကျဉ်းသား သို့မဟုတ် စိုးရိမ်ဖွယ်ရာရှိသူ တစုံတယောက်ကို လုံခြုံမှုမရှိမှာစိုး၍ အသုံးပြုထားတဲ့ ခေတ်မမှီတော့တဲ့ ထိန်းချုပ်မှုကိရိယာတခုသာဖြစ်ပါတယ်။

သူတပါးကို သတ်လို့၊ နစ်နာအောင်လုပ်လို့၊ ခိုးဝှက်လို့၊ ဖျက်ဆီးလို့ဆိုတဲ့ ရာဇ၀တ်မှုပုဒ်မ အတပ်ခံထားရတဲ့ ရာဇ၀တ်သားလည်းမဟုတ်၊ နိုင်ငံရေးမှုတပ်ဖို့တောင် လုပ်ကြံဖန်တီးပြီး ပုဒ်မတပ်ဖို့တောင် ခဲခဲယဉ်းယဉ်း စီစဉ်နေရတဲ့ ကျောင်းသားလူငယ်လေးတွေ၊ လူကြီးမိဘတွေ၊ ရဟန်းသံဃာ သီလရှင်တွေကို လူသားချင်း လူ့ဂုဏ်သိက္ခာကိုကြည့်ပြီး အများသူငါသွားလာရာနေရာမျိုးမှာ လက်ထိပ်ခတ်ခေါ်ယူခြင်းဟာ အင်မတန်မှရိုင်းစိုင်းပြီး လူသားမဆန်တဲ့ ပြုမှုချက်သာဖြစ်ပါတယ်။

တို့အဖိုး အဖွား အမွေအနှစ်မို့ ချစ်မြတ်နိုးပေ၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည် ဆိုတဲ့ နိုင်ငံတော်သီချင်းနဲ့ နိုင်ငံတော် အလံရဲ့အောက်မှာရှိတဲ့ တရားစီရင်ရေးရုံး၊ ဒါတွေကို သမာသမတ်ဖြစ်အောင် ဥပဒေအရ သင့်တာကိုရစေ၊ ကာကွယ်ပေးနိုင်တာကို ကာကွယ်ပေး၊ တရားဥပဒေရဲ့ မျှတမှန်ကန်တဲ့အခွင့်အရေးပေးဖို့ တာဝန်ရှိတဲ့တရားသူကြီးရှေ့မှာတောင် အရပ်ရပ်နေပြည်တော် ကြည့်လို့ကြားလို့မှ မတော်၊ နုနယ်ငယ်ရွယ်ပြီး ဗုဒ္ဓဘာသာ တရားတော်ရဲ့အရိပ် အောက်မှာရှိတဲ့ သုံးတောင်ဝတ် အမျိုးသမီးငယ် မမြမြသိမ့်ဆိုတဲ့ ဒီမိုကရေစီဘက်တော်သားကို လက်ထိပ်ခတ်ပြီးတရားစီရင်မှုကို ခင်ဗျားတို့ မြင်ယောင်ကြည့်ကြစေလိုပါတယ်။

အကျိုးဆောင်ရှေ့နေရဲ့ ဥပဒေပါ အခွင့်အရေးကိုတင်ပြမှ လက်ထိပ်ဖြုတ်ပေးခဲ့တဲ့ အဖြစ်ဟာ အဆိုပါ တရားရုံးက တရားသူကြီးများ၊ ရဲတပ်ဖွဲ့တာဝန်ရှိသူ များဟာ ဘယ်လောက်တောင် စစ်အစိုးရရဲ့ ဖက်ဆစ်စနစ်နဲ့ အသားကျနေပြီလဲ ဆိုတာကို ထင်ထင်ရှားရှား တွေ့မြင်လိုက်ရတဲ့ သက်သေပါပဲ။

ကျနော်တို့ နိုင်ငံသူ နိုင်ငံသားတွေ ဥပဒေပါအခွင့်အရေးကို တင်းပြည့်ကျပ်ပြည့် မရပေမယ့် ဥပဒေပါ ပြစ်ဒဏ်များကိုတော့ တင်းပြည့်ကျပ်ပြည့် ခံစားရပါတယ်။ အဲဒါက ဘာပါလိမ့်လို့ ရှည်ရှည်ဝေးဝေး မတွေးပါနဲ့။ ဖြစ်စဉ်အသေးလေးတခုပြောပြပါမယ်။

မကြာသေးမီကာလက အကျဉ်းထောင်ထောင်ဝင်စာမှာ အကျဉ်းသားတဦးရဲ့ မိသားစုဝင်တယောက်ဟာ အဆိုပါ အကျဉ်းသားအတွက် ဥပဒေအရ သူတောင်းဆိုတင်ပြ လျှောက်ထားတဲ့ စာရေးသားချက်ကို အားတက်သရောပြောဆိုပြီး ဖတ်ပြမိလို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းမှထောင်မှူးဆိုသူက ဥပဒေနဲ့မလွတ်ကင်းဘူးဆိုပြီး အဆိုပါထောင်ဝင်စာတွေ့တာတွေကို တားမြစ်အရေးယူပါတယ်။ ဒါတင်မက ဥပဒေအရပါ တရားစွဲဆိုပါတော့တယ်။

မိမိရဲ့လွတ်လပ်စွာ ဆန္ဒသဘောထားကို မည်သည့်အာဏာပိုင်အဖွဲ့အစည်းကိုမဆို သို့မဟုတ် မိမိရဲ့ အခွင့်အရေးဆုံးရှုံးနေသည်ဟုယူဆလျှင် သက်ဆိုင်ရာ မည်သည့်ဋ္ဌာန အဖွဲ့အစည်းကိုမဆို အရေးယူပေးရန် တိုင်တန်းလျှောက်ထားပြီး မိမိရခွင့်ရှိသည့် ဥပဒေပါ အခွင့်အရေးကို ကုစားခွင့်ရှိပါသော်လည်း၊ မိမိရသင့်တဲ့အခွင့်အရေး သို့မဟုတ် ဆုံးရှုံးနစ်နာမှုကို တင်ပြလျှောက်ထားမိတဲ့အတွက် အဲဒီလူငယ်ဟာ အခု တရားစွဲဆိုအမှုဆိုင်ရတဲ့ အဖြစ်ကို ရောက်သွားရပါတော့တယ်။

ဒါထက်ဆိုးတာက ဥပဒေအရ အပြစ်ရှိမရှိ၊ အငြင်းထွက်အမှုအရ အရေးယူဆောင်ရွက်ခွင့်ကို မဆုံးဖြတ်ရသေးတဲ့ အကျဉ်းကျခံထားရသူကို ထောင်ဝင်စာလာတွေ့ကြသူ အပြစ်မရှိတဲ့ မိသားစုများကို မတရား ထိန်းသိမ်းကန့်သတ် ချုပ်ချယ်တားမြစ်မှုတွေ လက်ရဲဇက်ရဲ လုပ်နေတာဟာ စစ်အစိုးရရဲ့ မင်းမဲ့စရိုက်တွေပဲ ဖြစ်ပါတယ်။

ဥပဒေပါ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးအရ တန်းတူရရှိမှုတွေကို ဖောက်ဖျက်ပြီး ကျနော်တို့မိသားစုတွေ ကို ပါလာတဲ့ပစ္စည်းအားလုံး ဗူးဝမှာ အပ်ထားရမယ်ဆိုတဲ့ အမိန့်ထုတ်ပါတယ်။ မိမိနဲ့ပါလာသည့် ဖောင်တိန်၊ MP3 က အစ စာရွက်စာတမ်း၊ စာအုပ်၊ ပစ္စည်းသယ်ယူတဲ့အိတ်၊ ပိုက်ဆံအိတ် အစရှိသည်တို့ပေါ့ဗျာ။ ဒါဟာ ဥပဒေမဲ့ပါပဲ။ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပါပဲ။ လူ့ဂုဏ်သိက္ခာနဲ့တကွ လူတယောက်ဖြစ်တည်မှုကို ချိုးနှိမ်ခြင်းပါပဲ။

အာဏာပိုင် အဖွဲ့အစည်းဝင်လူတွေဟာ မိမိတို့ဘာလုပ်နေတယ်ဆိုတာကို လူတယောက်အနေနဲ့ လူသား တယောက်အနေနဲ့တောင် စဉ်းစားနိုင်ခြင်းမရှိတော့ပါဘူး။ အထက် အဖွဲ့အစည်းရဲ့ အရေးယူမှု၊ အပြစ်ပေးမှု၊ ကြိမ်းမောင်းဆဲဆိုမှု ဆိုတာကို ကျော်လွှားနိုင်ဖို့အတွက် အများပြည်သူ နိုင်ငံသားတိုင်းကိုပါ သူတို့တွေရဲ့ စစ်ကျွန်တွေလို တသဘောတည်းထားပြီး သူတို့လေ့ကျင့် သင်ယူခဲ့ရသည့်အတိုင်း ပြန်လည်ပြုမှုဆောင်ရွက် ခဲ့တာပဲဖြစ်ပါတယ်။

အဲဒါပါပဲ။ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တယားကို မထူထောင်နိုင်ခဲ့လို့ ဒါမှမဟုတ် စစ်အာဏာရှင် ဗျူရိုကရက်တို့ရဲ့ အာဏာရှင်ဆန်မှုဟာ တစတစနဲ့ နှစ် ၄၀ ကြာလာတော့ ပြည်သူ့ဝန်ထမ်းဆိုတဲ့ ၀န်ထမ်းတွေဟာ တယောက်မကောင်းရင် အားလုံးအထောင်းခံကြရမယ်ဆိုတဲ့ စစ်ကျင့်ထုံး၊ ကျင့်စဉ်တွေအတိုင်း အသားကျလာနေတာပဲ ဖြစ်ပါတယ်။

မိမိတို့ ပြည်သူ့ဝန်ထမ်း လုပ်ပိုင်ခွင့်ထဲက ရဲရဲရပ်တည်ပြီး ပြည်သူ့မျက်နှာကို ကြည့်လို့ တရားဥပဒေအတိုင်း ဆောင်ရွက်ကြရေးကို ဥပက္ခာပြုကျောခိုင်းလိုက်ပြီး စစ်အာဏာရှင် ဖက်ဆစ်တို့ရဲ့ စစ်ဖိနပ်အောက် ပြားပြားဝပ်ပြနေကြတာဟာ တိုင်းပြည်ကို နစ်သည့်ထက်နစ်အောင် နှစ်နေကြတာ ဖြစ်နေကြောင်း တင်ပြလိုက်ရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts