>သီးလေးသီးနဲႚ တန်ဆောင်တိုင်အူငိမ့်ပြဲ – ၂

>

သီးလေးသီးနဲ့ တန်ဆောင်တိုင်အငြိမ့်ပွဲ – ၂

ဇာဂနာ

ဒီဇင်ဘာ ၁၂၊ ၂၀၀၇

ကြယ်သီး ။ ဒီနေ့ခေတ်ဆိုတာက သိပ် … တိုးတက်နေပြီ။ ဟော … အရင်က တမြို့ နဲ့တမြို့၊ တနိုင်ငံ နဲ့ တနိုင်ငံ စာရေးပြီး ဆက်သွယ်ကြရတယ်။ နောက်တော့ … တယ်လီဖုန်းနဲ့၊ ခုတော့ အီးမေးလ် နဲ့၊ ချက်တင်းနဲ့၊ ဂျီတော့်လ်က်နဲ့။ ကဲ … မတိုးတက်လား၊ ခုဆို ကျနော် နေ့တိုင်း၊ ညတိုင်း၊ ကွန်ပျူတာရှေ့ ထိုင် ထိုင် နေတာ။

စိန်သီး ။ တကမ္ဘာလုံးနဲ့ ဆက်သွယ်နေတာပေါ့ …။

ကြယ်သီး ။ မီးမလာလို့ ထိုင်စောင့်နေရတာ … ။

ပန်းသီး ။ အော် … အကောင်းပြောတာမှတ်လို့၊ မီးမလာဘူး၊ မီးမလာဘူး … လို့ မပြောပါနဲ့ကွာ။ ခုဆို … ဓါတ်ငွေ့ ကနေ လျှပ်စစ်တွေထုတ်၊ ရေကနေ လျှပ်စစ်တွေထုတ်၊ တိရိစ္ဆာန်တွေရဲ့ အားနဲ့လည်း လျှပ်စစ်တွေ ထုတ်နေလို့ ၂၄ နာရီ မီးထိန်ထိန် လင်းနေပါပြီ။

ဆီးသီး ။ တို့ ရန်ကုန်မြို့ကြီး မှာပေါ … ။့

ပန်းသီး ။ နေပြည်တော် မှာ … ။

ဆီးသီး ။ အင် …

ပန်းသီး ။ ဟို က … ခုမှ … မြို့သစ်။ မင်းတို့က မြို့ဟောင်း …။ ပေး လင်း လိုက်ပါဦး။

ဆီးသီး ။ လမ်းပန်း ဆက်သွယ်ရေး တွေလဲ တအား ကောင်းသွားပါပြီ။ လမ်းတွေ ဖောက်လိုက်တာမှ … အများကြီး၊ တံတားတွေလဲ အစင်းပေါင်း ၃၀ကျော် … ဆောက်ပြီးပြီ။

စိန်သီး ။ ဒါဆို … သွားရေး လာရေးတွေ အဆင်ပြေနေပြီပေါ့။

ဆီးသီး ။ အင်ဂျင်နီယာတွေ ချမ်းသာကုန်ပြီ … ။


စိန်သီး ။ သတင်းကြေညာမယ် … သတင်းကြေညာမယ် …

ဂေါ်ဇီလာ ။ မဟုတ်တာတွေ မမှန်တောတွေပြောရင်နားမထောင်ဖူး …

စိန်သီး ။ အကိုရယ် … ကျွန်တော်တို့က “စီစီတီဗီ” သတင်း …

ဆီးသီး ။ ဒါဆို … ကြေညာစေဗျား၊ တို့သတင်းစာတွေထဲ မပါဘူး။ ကြေညာ …

ပန်းသီး ။ ဒါဆို ငါလည်း ကြေညာမယ်။ တို့က … အယ်လ်ဂျာဇီးယား …။

ဂေါ်ဇီလာ ။ ကဲ … ကြေညာ ကြစမ်း ငါ ဒိုင်လူကြီး …

စိန်သီး ။ သတင်း ကြေညာတာ … ဒိုင် လိုသလား …။

ဂေါ်ဇီလာ ။ သတင်းမှန်လား၊ မမှန်လား … ဒိုင်လုပ်ရ မှ …။

စိန်သီး ။ ပြီးရော … ကြေညာပြီ။ တရုတ်နဲ့ မြန်မာ ချစ်ကြည်ရေး ဘောပွဲကျင်းပရာ၊ မြန်မာ ဘောလုံးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့်၊ အနိုင် ရရှိသွား ပါတယ် ။

(ဂေါ်ဇီလာ နဲ့ ဆီးသီး ကြမ်းပေါ် လူးလှိမ့်ပြီး ရီ …)

ဆီးသီး ။ အောင်မလေး …။ တစ်သက်တာ အကောင်းဆုံးပြက်လုံးဆု ပေးရင်၊ နင်တို့ သတင်းဌာနက ရမယ်။

ပန်းသီး။ ငါတို့ကြေညာမယ်။ ၂၀၀၈ ခုနှစ် တရုတ်အိုလံပစ်အတွက်၊ ချစ်ကြည်ရေးအဖြစ် တရုတ် ယပ်တောင် အချောင်း ၁ သိန်းကို မြန်မာပြည်သို့ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံဖက်မှလည်း ချစ်ကြည်ရေးအဖြစ်၊ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ရှမ်းရိုးမတို့တွင် ရှိတဲ့ သစ်တောများကို လက်ဆောင်အဖြစ် ပေးအပ်သွားမည်ဟု သိရှိရပါတယ်။

(ဂေါ်ဇီလာ နှင့် ဆီးသီး ဒေါပွ၊ ထ ရိုက်)

ဂေါ်ဇီလာ ။ တို့ကို ပေးတော့ ယပ်တောင်၊ နင်တို့ကို ပြန်ပေးရတော့ သစ်တော … တန်သလား။

ပန်းသီး ။ ရတဲ့အတိုင်း ကြေညာရတာ …။

စိန်သီး ။ ရန်ကုန်မြို့တော် သန့်ရှင်းရေးအတွက်၊ တရုတ်နိုင်ငံလုပ် အမှိုက်သိမ်းကားများကို အသုံးပြုနေရာ၊ အနံ့အသက်တွေ ကောင်းပြီး၊ အမှိုက်များ ကင်းစင်ကာ၊ ရေမြောင်းတွေပိတ်ဆို့မှု မရှိတော့ဘဲ၊ ပလက်ဖောင်းများပေါ် လူတွေ တက် လမ်းလျောက် နေနိုင်ပြီ ဖြစ်ကြောင်း …။

ပန်းသီး ။ ဓါတ်ဆီဈေးတွေ အရမ်းတက်နေလို့၊ အမှိုက်သိမ်းကားတွေ မထွက်နိုင်တော့လို့၊ အမှိုက်တွေ ပိတ်ဆို့ပြီး၊ ရေမြောင်းတွေပိတ်ပြီး လူတွေ လမ်းပေါ် လျောက်နေ ကြ ရပြန်ပါပြီ …။

စိန်သီး ။ အခုအခါမှာ ကားတွေ “စီ အင် ဂျီ” အကုန်ပြောင်းပြီး ဖြစ်လို့၊ အမှိုက်တွေ အကုန် သိမ်းပြီး သွားပြန်ပါတယ်။

ပန်းသီး။ မီး မလာတဲ့အတွက်၊ ကားများ တန်းစီနေရလို့၊ အမှိုက် မသိမ်းရတဲ့ အတွက် ရေမြောင်းတွေ ပြန်ပိတ် ကုန်ပြန်ပါတယ် … ။

စိန်သီး။ မြို့တော်ဝန်ကြီး ကိုယ်တိုင် ခေါင်းလောင်းထိုးပြီး အမှိုက်သိမ်းလှည်းများနဲ့၊ လိုက်သိမ်းပေးနေလို့၊ အမှိုက်များ ကင်းစင်ပြီး၊ ပလက်ဖောင်းပေါ် လူများ လမ်းလျောက်နေနိုင်ပါပြီ …။

ပန်းသီး။ မြို့တော်ဝန်ကပဲ ပလက်ဖောင်းပေါ် ဈေးရောင်းခွင့် ပြုလိုက်လို့၊ အမှိုက်များ ပြန်ပိတ်ပြီး ခရီးသွားပြည်သူများလည်း ပလက်ဖောင်းပေါ် လမ်းမလျောက်နိုင်ဘဲ၊ဲ လမ်းမပေါ် ဆင်းလျှောက် နေရပါပြီ။

စိန်သီး။ ပလက်ဖောင်း ဈေးသည်တွေ စည်းနဲ့ ကမ်းနဲ့၊ နေရာတကျ ဈေးရောင်းနိုင်အောင်၊ စည်းကမ်း မလိုက်နာသူတွေ ထိထိရောက်ရောက် အရေးယူတဲ့အနေန့၊ဲ သုံးသိန်းစီ တောင်းပြီး ပြန်ဖွင့်ခိုင်း လိုက်ပါတယ် …။

(သတင်း ကြေညာသူကို ၀ိုင်း ရိုက်ကြ)


အဖွဲ့ ။ သူများအကြောင်းလည်း မပြောတတ်ပါ …။ စပ်မိ စပ်ရာ … ဘာညာ ကွိကွ …။

ဂေါ်ဇီလာ။ လမ်းထိပ်နားက ကိုဖိုးကြွယ် …

လျှပ်စစ်မီးကို ခိုးပြီးသွယ် …

စစ်ဆေးရေးနဲ့ တည့်တည့် တိုးတော့ …

စိန်သီး ။ ဖမ်းသွားရောလား …

ဂေါ်ဇီလာ။ ဟေး လာ ကွယ် … မောင်ရို့ ၊

ဟေး လာ ကွယ် … မောင်ရို့ ၊

ဝမ်း စ မိုး ရယ် သောသောညံ …

ရော့ … အင့် …။

စိန်သီး ။ ဒါဆို … ခု … မီး ခိုး မသွယ် တော့ဖူးပေါ့။

ဂေါ်ဇီလာ။ ကာရာအိုကေဆိုင်တောင် ဖွင့်ထားတယ် …။

အဖွဲ့ ။ သူများအကြောင်းလည်း မပြောတတ်ပါ …။ စပ်မိ စပ်ရာ … ဘာညာ ကွိကွ …။

ဆီးသီး။ ချဲထီ ဆိုတာ လောင်းကစားပဲ …

နှစ်လုံး ထီ ဆိုတာ လောင်းကစားပဲ …

တွေ့ရင် ဖမ်းမှာပဲ …၊

ပြည်သူ့ရဲ နဲ့ တည့်တည့် တိုးတော့ …

စစ်ဆင်ရေးနဲ့ တည့်တည့် တိုးတော့ …

စိန်သီး ။ ဖမ်းသွားရောလား …

ဆီးသီး ။ ဟေး လာ ကွယ် … မောင်ရို့ ၊

ဟေး လာ ကွယ် … မောင်ရို့ ၊

ဝမ်း စ မိုး ရယ် သောသောညံ …

ရော့ … အင့် …။

ပန်းသီး ။ ဒါဆို … ခု … ချဲထီ မလုပ်တော့ဘူးပေါ့ …

ဆီးသီး ။ ဘောပွဲပါ ဒိုင်ကိုင် နေပြီ

အဖွဲ့ ။
သူများအကြောင်းလည်း မပြောတတ်ပါ …။ စပ်မိ စပ်ရာ … ဘာညာ ကွိကွ …။

ပန်းသီး။ လာဘ်ပေး လာဘ်ယူ လုပ်သူများ … အရေးယူ နေပြီဗျား …၊

သတိပေးစာ တွေ ရုံးမှာ ကပ်တော့ …

ကြယ်သီး။ အရေးယူခံရရောလား ….

ပန်းသီး ။ ဟေး လာ ကွယ် … မောင်ရို့ ၊

ဟေး လာ ကွယ် … မောင်ရို့ ၊

ဝမ်း စ မိုး ရယ် သောသောညံ …

ရော့ … အင့် …။

ကြယ်သီး။ ရုံးတွေမှာ လာဘ် မစားတော့ဘူး ပေါ့ …

ပန်းသီး။ အိမ်မှာ သွားပေး နေပြီ …။

(ဇာဂနာ စာကြွင်း – အငြိမ့်ခန်း ရေးနေရင်းက သူများဘလော့ဂ်တွေ လိုက်ဖတ်ရင်း၊ သတိရမိတာလေးရှိလို့ ဖောက်သည် ချချင် လာပါတယ်။

မှတ်မှတ်ရရ … ၁၉၈၈ အောက်တိုဘာလ မှာ အဖမ်းခံခဲ့ရ တုန်းကပေါ့။ ထောင်ထဲမှာအခန်းဖော်လည်းမရှိ၊ အပြင်လည်းမထွက်ရ၊ လူစကား မေ့သွားမှာစိုးလို့၊ အခန်းထဲ ရောက်လာတဲ့ကြွက်တွေ၊ ပိုးဟပ်တွေ၊ အိမ်မြောင်တွေ၊ ပုရွက်ဆိတ်တွေနဲ့ စကား လိုက်ပြောနေ ရတာ။ သူတို့က ပြန်မပြောပေမယ့်၊ ကိုယ်ကတော့ ဇွတ် လိုက်ပြော နေရတာ။

တဖြေးဖြေးနေရင်းနဲ့၊ ပုရွက်ဆိတ်တွေကို ကျွန်တော် ကြည့်မရ တော့ဘူး။ ကြည့် ရ စရာလည်း တစ်စက်မှ မရှိဘူး။ စဉ်းစား လေ။ ဘယ့်နှယ် … ။ ကိုယ့်မှာ စားစရာ ရှားပါးရတဲ့ အထဲ ငါးခြောက်ဖတ်လေး တစ်ဖတ်လောက် သိမ်းထားတာ၊ ဒီပုရွက်ဆိတ်တွေက ၀ိုင်းခဲကြတယ်လေ။ ထောင်ကပေးတဲ့ ကြက်သားဖတ်လေး မနက်စာ၊ ညနေစာ၊ တ၀က်စီ ခွဲထားတာ၊ နေ့လည် အိပ်နေတုန်း၊ ဒီအကောင်တွေက ၀ိုင်း အုံပြီး သမကြ ပြန်ပါရော။ ဒီတော့ ကြည့်မရတာ အဆန်း လား ဗျာ။

သင်းတို့ကို နှိမ်နှင်းမှ ရမယ် ပေါ့။ ဒါနဲ့ … အဆင်သင့်ရှိနေတဲ့ ပရုတ်ဆီနဲ့၊ အဲဒီ ပုရွက်ဆိတ်တွေကို စည်းဝိုင်း ထားလိုက်တာ၊ အဲဒီကောင်တွေ … ပထမတော့ ငါးခြောက်ဖတ်မဲနေရာကနေ ပြီးလို့၊ လှည့်ပြန်မယ် လုပ်တော့မှ ပရုတ်ဆီတွေ့ပြီး၊ နောက်ပြန်ဆုတ်၊ အထဲမှာတင် ပတ်ပြေးနေတော့တာ။ ပရုတ်ဆီ စည်းဝိုင်းထဲက ထွက်ဖို့ကို မစဉ်းစားတော့ဘူး။ နောက်ဆုံး အချင်းချင်းပြန်ကိုက်ရင်းနဲ့ အကုန်လုံး အမှုန့်လေးတွေ ဖြစ်သွား ပါလေရောဗျာ။

တစ်ရက်လည်း မဟုတ်၊ နှစ်ရက် လည်း မဟုတ်၊ ဘယ်နှစ်ရက်ပဲ ဖြစ်ဖြစ်၊ ကျွန်တော် စမ်းသပ်ခဲ့တာ၊ အကြိမ်တိုင်း အခါတိုင်း ပုရွက်ဆိတ်တွေဟာ ပရုတ်ဆီ စက်ဝိုင်းထဲက ထွက်ဖို့တစ်ခါမှ မစဉ်းစားပဲ အချင်းချင်းကိုက်ရင်း၊ အမှုန့်ဘ၀နဲ့ပဲ ဇာတ်သိမ်း သွားခဲ့တာပါပဲ။

အဲဒါ … အများလည်း စဉ်းစားနိုင်အောင်လို့ တင်ပြလိုက်ရတာပါ။ ကျွန်တော်တို့ဟာ … အခု ပရုတ်ဆီ အ၀ိုင်းခံ နေရတာပါ။ သတိပြုမိရင် တော်ပါပြီဗျာ … ။)

ဇာဂနာပြတင်း ဘလော့ဂ်ကနေ ရပါတယ်။ ဇာဂနာ့ အသက်များ ၀က်ပေါ်မှာလည်း ရှိပါတယ်။ http://zarganar-windoor.blogspot.com/ , http://zarganar.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts