>အောင်ဝေး – မဂ္ဂင်ကေဵာင်းကို သက်သေတည်

>

 မဂ္ဂင်ကျောင်းကို သက်သေတည်
အောင်ဝေး

ဒီဇင်ဘာ ၁၂၊ ၂၀၀၇

(၁)

မြန်မာစစ်အစိုးရက မဂ္ဂကျောင်းကို ချိတ်ပိတ်လိုက်သတဲ့။
ဓမ္မ န္တရာယ် ‘နအဖ’ သေနတ်ပြောင်းထိပ်မှာ ‘ဖဲပြားနီ’တွေ ချိတ်ကြ။

(၂)

အို … မြန်မာပြည်က ‘PLHA’* များ
ခင်ဗျားတို့ရဲ့ အဝေးရောက်ကဗျာဆရာ ကျနော့်ရင်ဘတ်မှာ
ခင်ဗျားတို့ ထိုးပေးလိုက်တဲ့ ဖဲပြားနီကလေး ရှိနေဆဲပါ။

၂၀၀၇ မေလ(၂၀)ရက် အင်းလျားကန်စောင်း မနက်
AIDS နဲ့ ကွယ်လွန်သွားသူတွေအတွက်
AIDS နဲ့ ရှင်ကျန်နေသူတွေရဲ့
ဘာသာကြီး (၄)ရပ် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲမှာ
ခင်ဗျားတို့ကို နှစ်သိမ့်အားပေးဖို့ ကျနော် ကဗျာတွေ ရွတ်ပြခဲ့တယ်။

ခင်ဗျားတို့ရဲ့ ကျေးဇူးတင် ၀မ်းမြောက်နေတဲ့ မျက်လုံးတွေ
ကျနော် မမေ့နိုင်သေးပါ။

(၃)

အခု ခင်ဗျားတို့ ခိုလှုံနားနေရာ မဂ္ဂင်ကျောင်းကို
မြန်မာစစ်အာဏာပိုင်တွေက ပိတ်လိုက်ပြီဆိုတဲ့ သတင်းကြားတဲ့အခါ
ကျနော် ဒီစစ်ခွေးတွေကို ဒေါသဖြစ်တယ်။
ခင်ဗျားတို့ ‘PLHA’ တွေအတွက် ကျနော် စိုးရိမ်တယ်။
ခင်ဗျားတို့ အလွန်အားကိုးတဲ့
မဖြူဖြူသင်း ရှောင်တိမ်းနေရတယ်။
ခင်ဗျားတို့ကို ကူညီစောင့်ရှောက်နေတဲ့
မဂ္ဂင်ကျောင်း ဆရာတော် ဦးဣန္ဒက အဖမ်းခံနေရတယ်။
ကိုသန်းနိုင် အဖမ်းခံနေရတယ်။
NLD ဖဲကြိုးနီလူငယ်တွေ ထွက်ပြေးနေရတယ်။

သြော် … အော့နှလုံးနာ ရွံမုန်းစရာ
လူမဆန်တဲ့ မိစ္ဆာစစ်အစိုးရ လက်အောက်မှာ
AIDS ဝေဒနာသည်တွေ ခမျာတောင်
အနေမဖြောင့်နိုင်ကြပါလား။

(၄)

ကျနော် စိတ်နာတယ်
အစိုးရ အကြမ်းဖက်ဝါဒ သေနတ်ပြောင်းထိပ်မှာ ‘ဖဲပြားနီ’တွေ ချိတ်ကြ။
လူသားချင်း စာနာမှုတရား ခေါင်းပါးလိုက်ကြတာ
သံဃာကိုသတ် သာသနာတော်ကို စော်ကား တိုင်းသူပြည်သားတွေကို နှိပ်စက်
ဟစ်တလာ၊ မူဆိုလီနီ၊ နာဇီဖက်ဆစ်တွေက ပထွေးခေါ်ရမယ့်
ဒင်းတို့ စစ်ခွေးတွေရဲ့ ‘အာဏာစက်’ကို
ဓမ္မစက်နဲ့ သာမက AIDS နဲ့ပါ ဖျက်ရမယ်
ဒီဖက်ဆစ်အစိုးရ ပျက်ရမယ်။
‘PLHA’ တွေ ရှေ့ထွက်ကြလော့။
အားမငယ်ပါနဲ့ မျက်ရည်သုတ်လိုက်စမ်းပါ။
မကြောက်မရွံ့ နောက်မတွန့်ပါနဲ့ လက်သီးဆုပ်လိုက်စမ်းပါ။
ဖက်ဆစ် သံဖနောင့်အောက်က လွတ်မြောက်ဖို့
ရွှေဝါရောင်တော်လှန်ရေး အလံတော်အောက်မှာ စုရုံးလိုက်
စစ်အာဏာရှင်တွေကို ရဲရဲ စိန်ခေါ်လိုက်စမ်းပါ။

စစ်အာဏာရှင်စနစ်အောက်မှာ
ဒီမိုကရေစီဆိုတာ တောင်းယူလို့မရ၊ တိုက်ယူမှ ရမယ်။

နာကြည်းမှုတွေကို အင်အားအဖြစ်ပြောင်းလဲ ပြည်သူနဲ့ လက်တွဲ
အရှိန်ပြင်းပြင်း မီးတောင်တလုံး ပေါက်ကွဲသလို
မြန်မာတပြည်လုံးက ‘PLHA’တွေ တိုက်ပွဲဝင်ကြလော့။

လူဆိုတာ မသေခင်မှာပဲ ရှင်သန်နေရတာ
ရှင်သန်နေတုန်းခဏ လူဖြစ်ရကျိုးနပ်အောင်
‘PLHA’ဘ၀က လွတ်မြောက် ‘PLHD’**ဘ၀ ရောက်အောင်
နအဖ ဒေါက်တိုင်တွေကို ရိုက်ချိုးကြလော့။
‘PLHA’သွေး၊ စွေးစွေးနီကြ။
‘PLHA’အသည်း၊ ရဲရဲနီကြ။
‘PLHA’အပေါင်း၊ မဂ္ဂကျောင်းကို ပြန်ဖွင့်ကြ။
လူသတ်သမား ငနွားသန်းရွှေ သေနတ်ပြောင်းထိပ်မှာ
‘ဖဲပြားနီ’တွေ ချိတ်ကြ။

(၅)

ကမ္ဘာ့သမိုင်း စာမျက်နှာမှာ
“မြန်မာစစ်အစိုးရဟာ
AIDS ဝေဒနာသည်တွေက ဖြုတ်ချပစ်တဲ့
တခုတည်းသော စစ်အစိုးရ” ဖြစ်သွားအောင်
‘PLHA’တွေ သက်သေပြဖို့ အချိန်တန်ပြီ
မဂ္ဂင်ကျောင်းကို … သက်သေတည်။
မဂ္ဂင်ကျောင်းကို … …သက်သေတည်။
မဂ္ဂင်ကျောင်းကို … … … သက်သေတည်။

ခင်ဗျားတို့ရဲ့ ကဗျာဆရာ
အောင်ဝေး
၁-၁၂-၂၀၀၇

PLHA*=People Living with HIV/AIDS
PLHD**=People Living with Human right & Democracy


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts