>ငိုရစ်လေဦးတော့ ခဵစ်သော ဗမာူပည်

>

ငိုလေဦးတော့ ချစ်သောဗမာပြည်
အရှင် ဂမ္ဘီရ၊ အရှင် နာယက၊
(မောင်စွမ်းရည် ဘာသာပြန်သည်)

ဒီဇင်ဘာ ၁၃၊ ၂၀၀၇

သံဃာတော်များအနေနဲ့ မိမိတို့ခံယူတည်ဆောက်ထားတဲ့ ၀ိနည်းတရားတော် အရာမှာ ဒုက္ခဆင်းရဲ ကြုံတွေ့နေရတာကို တွေ့မြင်ရတိုင်း ကယ်မ စောင့်ရှောင့် ရမယ့် တာဝန်ရှိပါတယ်။ အများပြည်သူတွေ ဒုက္ခရောက်နေတာကို မြင်တွေ့ရရင် ဘုန်းကြီးတို့က ဥပေက္ခာပြု မနေနိုင်ပါဘူး။ မိမိတို့နိုင်ငံမှာ ခုလို သံဃာတော်တွေ က ပြည်သူတွေ့ရဲ့ဒုက္ခကို ဖေးမကူညီကြဖို့ ညီညာစုရုံးကြတဲ့အခါ ဘုန်းကြီးတို့ လည်း သံဃာ့အဖွဲ့အစည်းတစ်ခု ထူထောင်လိုက်ရပေတယ်။ ဗမာပြည်မှာ သံဃာ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းက ပြည်မျက်နှာ နိုင်ငံမျက်နှာဖုံးအဖြစ် ရည်တည်ခဲ့ကြပါတယ်။

ရဟန်းတစ်ပါးက နိုင်ငံရေး ရာထူးယူတာ၊ နိုင်ငံရေး အဖွဲ့အစည်းတစ်ခုခုမှာ ပါဝင်တာမျိုးဟာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ၀ိနည်းတော်များအရဆိုရင်တော့ မဖြစ်သင့်ပေဘူး။ ဒါပေမယ့် ဒီနေ့ဗမာပြည်မှာ အမြစ်တွယ်နေပြီဖြစ်တဲ့ မေတ္တာဝါဒနဲ့ အဟိသ၀ါဒ စိတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ဒဿနအရ မျှော်လင့်ထား တဲ့ တုံ့ပြန်ဖီဆန်အာခံမှုမျိုးကို ဖြစ်ပေါ်စေပြီး မတရား ဖိနှိက်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို မလွှဲမရှောင်သာ အန်တုဖီဆန်တာမျိုးကို ပြုလုပ်ခဲ့ကြရပါပြီ။

ဘုန်းကြီးတို့ နှစ်ပါးလုံးဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများဖြစ်ကြပါတယ်။ တစ်ပါးက လက်တလော ဆန္ဒပြပွဲကြီးမှာ ဦးဆောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းရဲ့ ဦးဆောင်သံဃာတော်ဖြစ်ပြီး နောက်တစ်ပါးကတော့ အမေရိကန်ပြည်ထောင်စု မှာ စာပေသင်ကြား ပို့ချပေးနေသူ ပညာရှင်ဖြစ်ပါတယ်။ ဒီနှစ်ပါးမှာ တစ်ပါးက ထွက်ပြေးပုန်းရှောင်နေရတယ်။ အကြောင်းကတော့ စစ်အစိုးရက ဗမာပြည်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ဗုဒ္ဓဘာသာနွယ်ဝင် ညီအကိုမောင်နှမ တွေကို ရက်ရက်စက်စက် လိုက်လံဖမ်းဆီး သတ်ဖြတ်နေလို့ ဖြစ်ပါတယ်။

ဗမာပြည်မှာ မြောက်များလှစွာသော သံဃာများနဲ့ သီလရှင်များဟာ စစ်သားများ ရဲ့ နှိပ်စက်စော်ကားတာတွေကို ခံခဲ့ကြရပါတယ်။ ထောင်နဲ့ချီပြီး အဖမ်းခံကြရပါ တယ်ီ။ ရက်ရက်စက်စက်နှိပ်စက် ညှဉ်းပမ်းတာတွေကိုလည်း ဆက်လက် ခံစားနေ ကြရပါတယ်။ သံဃာတစ်ထောင်ကျော် ပျောက်ဆုံးနေပြီး အများအပြားဟာ သေဆုံးကုန်ကြပြီလို့ ယူဆကြရပါတယ်။ ရက်သတ္တပတ် အနည်းငယ်အတွင်းက စတင်ပြီးတော့ သံဃာတော်များဟာ ဗမာပြည်သူတွေရဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းပေးနိုင်ပါစေဖို့ ရည်ရွယ်ပြီး မေတ္တာပို့ရင်း စုပေါင်းလမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

ဗမာပြည်ဟာ သယံဇာတ ပေါကြွယ်ဝလျက် ဗမာပြည်သူတွေမှာတော့ ဆင်းရဲမွဲ တေနေကြပါတယ်။

ဒီကြားထဲမှာ စစ်အစိုးရက ဓာတ်ဆီလောင်စာ ဈေးနှုန်းတွေ ကို ရုတ်တရက် နေ့ချင်းညချင်းဆိုသလို ၅၀၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်တဲ့ အခါ အများပြည်သူ လူတိုင်းမှာ ထိခိုက်နစ်နာကြရပြီး မျက်ကလဲဆန်ပြာနဲ့ ဗျားများကုန်ကြရရှာပါတယ်။

သံဃာတော်များ အနေနဲ့ကတော့ ပြည်သူတွေ ဒုက္ခဆင်းရဲ ကြုံတွေ့ကြရတာကို မြင်တွေ့ကြရတိုင်း ကယ်မစောင့်ရှောက်ကြရမယ်လို့ ခံယူထားတဲ့ အချက်ဟာ မိမိတို့ ကျင့်သုံးဆောက်တည်ထားတဲ့ ၀ိနည်းတရားတော်ရဲ့ အစိတ်အပိုင်းတခု အဖြစ် ပါဝင်နေတာဖြစ်ပါတယ်။ ခုလိုပြည်သူတွေ ဒုက္ခရောက်နေကြရရှာတာကို သံဃာတော်တွေ တညီတညွတ်တည်း စည်းရုံးဆောင်ရွက်ကြတဲ့အခါ ပြည်ပမှာ လည်း သံဃာတော်များရဲ့ အဖွဲ့အစည်းတရပ်ကို စုဝေးဖွဲ့စည်းလိုက်ကြရပါ တယ်။

ပြည်ပမှာ စာသင်ကြားပို့ချခြင်း၊ စာသင်ယူခြင်း အလုပ်တို့ကို လုပ်နေကြတဲ့ သံဃာတော်တွေဟာ စည်းရုံးလှုပ်ရှားမှုကြီးမှာ ပါဝင်ပေါင်းစည်းကြပြီး လုထုဆန္ဒ ပြပွဲကြီးများ ပြုလုပ်ကြခြင်းဖြင့် ဗမာပြည်တွင်းက လူထုလှုပ်ရှားမှုတွေကို ထောက်ခံအားပေးခဲ့ကြပါတယ်။ ဒီလို စုဝေးလှုပ်ရှားမှုတွေဟာ သံဃာတော်တွေ အနေနဲ့သာ မကပါဘူး။ သံဃာတော်များက နိုင်ငံပြောင်းလဲမှုတရပ်အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြပြီဆိုရင်ပဲ ကျောင်းသားတွေ၊ လူငယ်တွေ၊ ပညာ ရှင်တွေနဲ့တကွ သာမန်ပြည်သူတွေပါ လမ်းမပေါ်ကို တက်ပြီး မိုးထဲလေထဲ မရှောင် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

သံဃာတော်များအနေနဲ့ ဗိုလ်ချုပ်အားလုံးကို မဟုတ်တောင်မှ ဗိုလ်ချုပ်တချို့ကိုတော့ ဖြင့် ဆွဲဆောင်နိုင်ခဲ့ကြပါတယ်လို့ ယူဆပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံကို ထိန်းသိမ်းအုပ်ချုပ်နေကြတဲ့ ဗိုလ်ချုပ်တွေကိုယ်တိုင် ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေ ကြတဲ့အတွက် ဗမာပြည်အပေါ်မှာ ကျရောက်နေတဲ့ ဘေးဆိုးဒုက္ခတွေကို ဖယ်ရှားဖို့ရာ သံဃာတော်တွေရဲ့ အားထုတ်မှုကို သူတို့လည်း ပူးတွဲပါဝင်ချင်တဲ့ သဘောထားဆန္ဒတွေ ဖြစ်ပေါ်လာကြမှာပဲ ဖြစ်ပါတယ်။

သံဃာတော်များဟာ ပထမပိုင်းမှာ မိမိတို့ရဲ့ မလိုလားမနှစ်မြို့မှုကို စစ်ဗိုလ်တွေ လှူဒါန်းတဲ့ဆွမ်းများ လက်မခံခြင်းဖြင့် ပြသခဲ့ကြပါတယ်။ သပိတ်တွေကိုမှောက်ပြီး ကိုင်ဆောင် လမ်းလျှောက်လာခြင်းဖြင့် မိမိတို့ရဲ့ဆန္ဒကို အမူအရာနဲ့ပြပြီး သိရှိစေခဲ့တာပါ။

သံဃာတော်တွေဟာ သာမန်စစ်သားတွေကိုရော၊ အဲဒီစစ်သားတွေကို အမိန့်ပေး ပြီး ပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်းဖို့ ခိုင်းစေခဲ့ကြတဲ့ စစ်ခေါင်းဆောင် တွေကိုရော မေတ္တာမပျက်ကြပါဘူး။ ဒါပေမယ့် အချိန်ရှိခိုက် ပြောင်းလဲလိုက်ကြ ပါတော့လို့တော့ စစ်ဗိုလ်တွေကို တိုက်တွန်းလိုပါတယ်။ စစ်တပ်ထဲက လူတချို့နဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ အုပ်စုအသင်းဝင်တွေထဲက တချို့ကဆိုရင် သံဃာတော်တွေ ကို အကြမ်းဖက်နှိမ်နင်းမှုကို စိတ်မပါခဲ့ကြဘူးဆိုတာ သံဃာတော်တွေက သိထားကြပါတယ်။ ကိုယ့်နိုင်ငံထဲက ကိုယ့်နိုင်ငံသားတွေကို အကြမ်းဖက် နှိပ်စက်ခဲ့ကြသူတွေကိုတော့ ကျွန်ုပ်တို့က ခုလိုတိုက်တွန်းပြောဆိုချင်ပါတယ်။

“သင်တို့ရဲ့ လုပ်ရပ်တွေကို ချက်ချင်း ရပ်ဆိုင်းလိုက်ပြီး ဒီအပြုအမူ ဒီလုပ်ရပ်တွေ ဟာ တရားတော်နဲ့ ညီရဲ့လား၊ ကိုယ်ပြည်သူတွေရဲ့ ကောင်းကျိုးဆောင်ရွက်နေ တာကောဟုတ်ရဲ့လား” ဆိုတာတွေကို ဆင်ခြင်ကြည့်ကြ စေလိုပါတယ်။ တချို့ စစ်သားတွေကဆိုရင် သံဃာတော်တွေကို ရိုက်နှက်ခိုင်းတာကိုရော၊ သံဃာတော်တွေ ချီတက်လာကြတာကို တားဆီးဖို့ကိုရော အထက်က အမိန့်ပေး စေခိုင်းတာကို ငြင်းဆန်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုငြင်းဆန်တဲ့ စစ်သားတွေဟာ သံဃာတော်တွေ ဘာလုပ်နေကြတယ်ဆိုတဲ့ အမှန်တရားကို သိရှိနားလည်ကြလို့ပါပဲ။

သံဃာတော်များအနေနဲ့ မျှော်လင့်ထားတာကတော့ စစ်ခေါင်းဆောင်တွေဟာ ထွက်ပေါက်ဖန်တီးတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးကို ရည်မှန်းချက်ထားပြီး ပြည်သူ့ခေါင်းဆောင်တွေနဲ့ရော၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ပါ အမြန်တွေ့ ဆုံးဆွေးနွေးကြဖို့ပါပဲ။ စစ်သားတွေဟာ ဘုန်းကြီးကျောင်းတွေကို ၀င်ရောက် တိုက်ခိုက်ပြီး သံဃာတော်တွေနဲ့ သီလရှင်တွေကို အင်အားသုံး ဖမ်းဆီးခဲ့ကြပါ တယ်။ ရပ်ကွက်တွေထဲမှာရော၊ ဘုရားကျောင်းကန် ၀န်းကျင်တွေနဲ့ လမ်းမတွေ ထဲမှာရော စစ်တပ်အစောင့်ချထားခဲ့ကြပါတယ်။

ဒဏ်ရာရထားတဲ့ ဆန္ဒပြသူတွေကိုလည်း အစုလိုက်အဝေးလိုက် အရှင်လတ် လတ် မြေမြှပ်သဂြိုဟ် ဖျောက်ဖျက်ပစ်ခဲ့ကြပါတယ်။ ရန်ကုန်အနီးက ချောင်း မြောင်းတွေထဲမှာလည်း အလောင်းတွေ ပေါ်လာတယ်ဆိုတာကို အခိုင်အမာ အတည်ပြုပြောဆိုထားတဲ့ သတင်းတွေ ရရှိခဲ့ပါတယ်။ စစ်အစိုးရဟာ ခုလို ဗမာ ပြည်သူတွေကို မတရားဖိနှိပ်သတ်ဖြတ်ပြီး ကမ္ဘာကို သတင်းလိမ်တွေ ဖြန့်ချိခဲ့ ပါတယ်။

ဗိုလ်ချုပ်ကျော်ဆန်းက စစ်အစိုးရရဲ့ ကိုယ်စားအနေနဲ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီကို မကြာခင်ကပဲ ခုလို ပြောပြလိုက်ပါ တယ်။ အခုလမ်းလျှောက်ဆန္ဒပြတဲ့ သံဃာတွေဟာ “သံဃာအတု” တွေပါတဲ့။ ကျွန်ုပ်တို့ဟာ သံဃာအစစ်တွေပါ။ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ရခိုင်၊ မကွေးနဲ့ စစ်ကိုင်းတို့မှာ ထောင်ချီများပြားတဲ့ သံဃာတွေဟာ ငြိမ်းချမ်းရေး လိုချင်လို့ ဆန္ဒပြကြတာပါ။

တချို့က ဗမာပြည်မှာ အုံကြွမှုကြီး ပြီးဆုံး သွားပြီလို့ ပြောကြပါတယ်။ ဒါက စစ်အစိုးရအနေနဲ့ ကမ္ဘာကို ဒီအတိုင်း သိစေချင် တာပါ၊

ဒါပေမယ့် ဘုန်းကြီးတို့ ယုံကြည်တာက ဒီအုံကြွမှုကြီးဟာ စစ်အုပ်ချုပ်ရေး အဆုံးရဲ့ အစပဲဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်တွေ ဖြိုခွင်းလိုက်တာဟာ ဗမာပြည်သူတွေသာ မကပဲ သူတို့ရဲ့ နှလုံးသားဝိညာဉ်နဲ့ ယုံကြည်မှုတွေကိုပါ ဖြိုခွင်းမိခဲ့ပါပြီ။ သံဃာတော်တွေဟာ တရားတော် စောင့်ရှောက်ပြီး သူတို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် သူတို့ကတော့ ဗုဒ္ဓသာသနာတော်ကြီး တခုလုံးကိုပါ တိုက်ခိုက်လာခဲ့ပါပြီ။ ဘုန်းကြီတို့ အနေနဲ့ဘုန်းကြီးတို့ကို နိုင်ငံတကာက ကူညီနေကြတာကို သိရှိပါတယ်။ ဒါပေမယ့် ကူညီမှုတွေဟာ ပိုပြီ ထိရောက်ဖို့လိုပါတယ်။ ဘုန်းကြီးတို့ဟာ နှစ်ပေါင်း ၄၀ ကျော်ကြာအောင် ငြင်းပယ်ခံခဲ့ကြရတဲ့ အခွင့်အရေးတွေကို ပြန်လည်ရရှိအောင် ကူညီအားပေးလာကြတဲ့ လူပုဂ္ဂိလ်တွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်။

ဒါပေမယ့် နိုင်ငံတကာ ပြည်သူတွေအနေနဲ့ ဒီလိုကူညီတာ တွေကို လက်တွေ့ကျကျနဲ့အကျိုးသက်ရောက်အောင် လုပ်ကြစေချင်ပါတယ်။ စစ်အစိုးရကတော့ သူတို့အားဏာတည်မြဲရေးအတွက် ဘာမဆို လုပ်တော့မှာပဲ။

ဒီအခါမှာ သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကမ္ဘာသိအောင် ဖော်ထုတ်ဖွင့်ချ ကြရပါလိမ့်မယ်။ စစ်အစိုးရဟာ လမ်းတွေနဲ့ ဘုန်းတော်ကြီးကျောင်တွေကိုတော့ ထိန်းချုပ်ကောင်း ထိန်းချုပ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ဟာ သံဃာတော်တွေ ရဲ့နှလုံးသားထဲက သန္နိဋ္ဌာန်ကိုတော့ဖြင့် ဘယ်တော့မှ ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts