မောင်ရင်ငတေ

Maung yin Nga Tay – Articles

ရောက်တတ်ရာရာအတိုအစများ
မောင်ရင်ငတေ
သြဂုတ် ၃၊၂၀၁၃

 Čechy သို့မဟုတ် ပရာဟာဘိုဟေးမီးယား (ဒုတိယပိုင်း)

ဘိုဟေးမီးယားဒေသအကြောင်း ပထမပိုင်းကို ပြီးခဲ့တဲ့တပတ်က ရေးသားခဲ့ပါတယ်၊ တကယ်တော့ နိုင်ငံတနိုင်ငံ ဒေသတခု မြို့တမြို့ လူတယောက် ဘယ်အကြောင်းအရာတွေကိုဘဲရေးရေး ရေးရရင် အကြောင်းအရာတွေက ရေးမဆုံးအောင် ရှိနေတတ်တာပါ၊ မောင်ရင်ငတေကတော့ ကိုယ်သွားခဲ့ဖူး လာခဲ့ဖူး မြင်ဖူးတာတွေ ဖတ်ဖူးတာတွေကို အတိုချုပ်သာ ရေးချင်တာပါ၊ ဘိုဟေးမီးယားအကြောင်း ချက်နိုင်ငံအကြောင်းကိုလည်း ရေးရင်းနဲ့ ပေရှည်သွားပြန်တာကြောင့် ဒုတိယပိုင်းဆက်ရေးပါတယ်။
သံလမ်းပြေးမြင်းဆွဲရထား
ချက်နိုင်ငံနဲ့ အဓိက မီးရထားလမ်း အဆက်အသွယ် ကောင်းကောင်း ရှိတာကတော့ သြစတြီးယား ဂျာမဏီ စလိုဗားကီးယားနဲ့ ပိုလန်တို့ဘဲ ဖြစ်ပါတယ်၊ ချက်နိုင်ငံရဲ့ ပထမဦးဆုံးသော သံလမ်းပေါ်မှာ မြင်းနဲ့ရှေ့ကဆွဲပြေးတဲ့ ရထားလို့ခေါ်ဆိုလို့ရနိုင်တဲ့ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းကို ၁၈၂၈ ခုနှစ် မှာစတင်ပြေးဆွဲခဲ့တာပါ၊ ပရာဟာမြို့ပေါ်မှာတော့ မဟုတ်ပါဘူး၊ ဘိုဟေးမီးယားနယ် တောင်ပိုင်းက နာမည်ကျော် မူလအစ ပထမ Budweiser ဘတ်ဒ်ဝိုက်ဇာ ဘီယာလုပ်ငန်း (မိတ်အင်အမေရိကား Budweiser မဟုတ်ပါ) တည်ရှိခဲ့ရာမြို့ဖြစ်သော České Budějovice (ဂျာမန်စကားနဲ့ဆိုရင်တော့ Böhmisch Budweis မြို့ အဲဒီမြို့ဒေသက ဂျာမန်စကား ပြောသူများတဲ့ ဒေသပါ) အဲဒီ Budweis မြို့နဲ့ သြစတြီးယားပြည်ရဲ့ တတိယအကြီးဆုံးမြို့ဖြစ်သော Linz မြို့ကို ဆက်သွယ်ပြေးဆွဲခဲ့တာ ဖြစ်ပါတယ်၊ ဧရိယာ စတုရန်းမိုင် သုံးသောင်းကျော်ကျယ်တဲ့ ချက်နိုင်ငံမှာ ရထားလမ်းမိုင် စုစုပေါင်း ခြောက်ထောင်ခန့်ရှိပါတယ်၊ လျှပ်စစ်ဓါတ်အားနဲ့သွားတဲ့ ရထားလမ်းအရှည်ကတော့ ၁၈၀၀ မိုင်ရှိပြီး တနာရီကို မိုင် ၁၅၀ သို့မဟုတ် ကီလိုမီတာ ၂၄၀ ကျော်မောင်းနှင်နိုင်တဲ့ High-speed rail အမြန် ရထားလမ်းစနစ်တော့ မရှိသေးပါဘူး၊ České dráhy ချက်မီးရထားဌာနက ၁၀၀ ရာခိုင်နှုန်း နိုင်ငံပိုင် ဖြစ်ပါတယ်၊ ဥရောပ မြို့ကြီးတမြို့ကနေ နောက်တမြို့သို့သွားသော EuroCityExpress ရထားတွေ ကတော့ ၁၉၉၁ မှာစတင်ပြီး ပရာဟာမြို့နဲ့ ချိတ်ဆက်ပြေးဆွဲခဲ့ပါတယ်၊ ယူရိုစီးတီးရထားဆိုတာက အနည်းဆုံး ဥရောပနှစ်နိုင်ငံရဲ့ မြို့ကြီးနှစ်မြို့ကို ဆက်သွယ်ပြေးဆွဲပြီး ဘူတာကြီးတွေမှာသာ ရပ်ပြီး ရပ်တဲ့အခါမှာလည်း ငါးမိနစ်သာ ကြာတတ်တဲ့အတွက် ရထားနောက်တစီး ကူးပြောင်းစီးရမယ့်သူ တွေအတွက် ဆင်းဖို့တက်ဖို့ ကြိုတင်ပြင်ဆင်ထားနိုင်မှ တော်ကာကြတာမျိုးပါ၊ ယူရိုစီးတီးရထားရဲ့ အမြန်နှုန်းက ရပ်နားချိန် အပါအဝင် ဖျမ်းမျှခြင်း တနာရီ ကီလိုမီတာ ၉၀ သွားနိုင်ရပါမယ်၊ ရထားမှာ စားသောက်တွဲပါရှိပြီး ရထားဝန်ထမ်းတွေက ဒေသခံစကားအပြင် အင်္ဂလိပ်စကား ပြင်သစ်စကား ဂျာမန်စကား အနည်းဆုံး တမျိုးလောက်တော့ ပြောတတ်ရပါတယ်။
ပရာဟာဘူတာရုံကြီး Praha hlavní nádraží
ဘိုဟေးမီးယားဒေသ ချက်နိုင်ငံရဲ့မြို့တော် ပရာဟာမြို့ကို ဂျာမဏီ ဘာလင်နဲ့ Dresden မြို့ကနေ EuroCity (EC) ရထားတွေနဲ့ သွားနိုင်ပြီး အဲဒီကမှတဆင့် တခြားအနောက်ဥရောပက မြို့ကြီးတွေ ရှိရာကို သွားနိုင်ပါတယ်၊ အိမ်နီးနားချင်း ပိုလန် စလိုဗားကီးယား သြစတြီးယား ဟန်ဂေရီ နိုင်ငံ တွေ နဲ့လည်း ရထားလမ်း အဆက်အသွယ်ရှိပါတယ်၊ အဓိကရထားလမ်းဆုံဖြစ်တဲ့ ပရာဟာဘူတာကြီး Hlavní nádraží ကို ၁၈၇၁ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပါတယ်၊ ယခုလက်ရှိတွေ့မြင်နေရတဲ့ ဘူတာရုံ အဆောက်အဦကို ၁၉၀၁ ခုနှစ်က တည်ဆောက်ခဲ့တာပါ၊ ပုံစံကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ခန့် ကာလတွေက ဆောက်လုပ်ခဲ့ကြတဲ့ တခြားသော ဥရောပမြို့ကြီးတွေက ဘူတာရုံများနဲ့ ပုံစံအားဖြင့် မကွဲပြား မခြားနားလှပါဘူး၊ သံမဏိဂုံးကြီးများနဲ့ ဖွဲ့စည်းဆောက်ထားတဲ့ အမိုးခုံး ဂိုဒေါင်ပုံစံပါဘဲ၊ ဒီဘူတာကြီးကို တနှစ်အတွင်း မှာ ရထားအစင်းရေပေါင်း တသိန်းခွဲကျော် ခရီးသည်ပေါင်း ၂၂ သန်း ဝင်ထွက်သွားလာနေပါတယ်၊ ဒီဘူတာရဲ့ ရထားစင်္ကြန်ပုံစံကတော့ ရထားခေါင်းတွဲ ဦးတိုက်ဝင်ပြီး နောက်ဆုံးတွဲဘက်မှာရှိတဲ့ ရထားခေါင်းတွဲနဲ့နောက်ဆုတ်ပြီး ပြန်ထွက်ရတဲ့ ဘူတာမျိုးမဟုတ်ပါဘူး၊ တဘက်ကဝင်ပြီး အခြားတဖက်က ပြန်ထွက်သွားလို့ ရနိုင်တဲ့ ဘူတာပုံစံမျိုးပါ၊ ပါရီမြို့ပေါ်မှာရှိတဲ့ ဘူတာကြီး ၆ ဘူတာစလုံးကတော့ တဖက်ပိတ် ရထားနောက်ပြန်ထွက်ရတဲ့ ဘူတာတွေပါ။
Florenc မြေအောက်မေထရိုရထား ဘူတာစင်္ကြန်
ပရာဟာဘူတာကြီးကနေ မြို့လယ်လူစည်ကားရာ နေရာတွေကို လမ်းလျှောက်သွားရင် သိပ်မဝေး ပါဘူး၊ ဗလ်တာဗာမြစ်ကမ်းရှိ နာမည်ကျော် ချားလ်တံတားကြီးဆီသို့ သွားချင်ရင် မိနစ် ၂၀ ကျော်နဲ့ ရောက်နိုင်ပါတယ်၊ ဘူတာကြီးနဲ့တွဲလျှက်တည်ရှိတဲ့ မြေအောက်ရထားလိုင်းက အနီရောင်စီလိုင်းပါ၊ ဘူတာကြီးကနေ အနီရောင်စီလိုင်းကို တဘူတာ စီးလိုက်ရင် အဝါရောင်ဘီလိုင်းနဲ့ ဆုံရာ Florenc ဘူတာမှာ ပရာဟာမြို့ရဲ့ အဝေးပြေးဘတ်စ်ကားတွေ အားလုံးလိုလို ရပ်နားကြတဲ့ နေရာရှိပါတယ်၊ ပရာဟာမြို့ တည်ဆောက်ထားပုံကတော့ မြို့အလယ်နေရာကို ဗလ်တာဗာမြစ်ကြီးက ဖြတ်သန်းစီး သွားတာဖြစ်ပြီး မြစ်အနောက်ခြမ်းမှာတော့ နန်းတော်ရဲတိုက်ကြီးရှိရာ Hradčany ရပ်ကွက်ကြီးရယ် Petřínská rozhledna ခေါ်တဲ့ အီဖယ်မျှော်စင်နဲ့ ပုံစံတူတဲ့ Petřín Tower တည်ရှိရာ ၃၂ရ မီတာ အမြင့်ရှိတဲ့ Petřín တောင်ကုန်းအခြေက Malá Strana လို့ခေါ်ကြတဲ့ ရပ်ကွက်ကြီးရယ် ရှိကြပြီး မြစ်ရဲ့ အရှေ့ခြမ်းမှာတော့ ပရာဟာဘူတာကြီးနဲ့လည်း သိပ်မဝေးလှတဲ့ မြို့ဟောင်း Staré Město ရပ်ကွက်ကြီးရှိပါတယ်၊ ပရာဟာမြို့ရဲ့ အဓိက မြို့လယ်ရပ်ကွက် အပိုင်းကြီးသုံးပိုင်း ဖြစ်ပါတယ်။
ပရာဟာမြို့လယ်က အစည်ကားဆုံးလမ်းမကြီး Václavské náměstí (cs) Wenceslas Square
မြစ်အရှေ့ခြမ်း Staré Město မြို့ဟောင်းအပိုင်းမှာတော့ လည်ပတ်စရာနေရာတွေ များလှပါတယ်၊ ၁၈၁၈ ခုနှစ်မှာ စတင်ခဲ့တဲ့ Národní muzeum ဘိုဟေးမီးယားအမျိုးသားပြတိုက်ကြီး အရှေ့ကနေ ကြည့်လိုက်ရင်တော့ ပရာဟာမြို့ရဲ့ အဓိက အချက်အချာ စည်ကားရာဖြစ်တဲ့ Václavské náměstí လို့ခေါ်တဲ့ ချားလ် ၄ ဘုရင်လက်ထက် ၁၄ ရာစု အလယ်ကပင် တည်ရှိခဲ့သော ဗာဆလော့စကဲလ် နာမြူစတီလ် စကွဲယား လမ်းမကြီးကို မြင်တွေ့နိုင်ပါတယ်၊ ဒီလမ်းမကြီးရဲ့ တဘက်တချက်မှာတော့ ရှေးဟောင်းတိုက်တန်းလျှားကြီးတွေရှိပြီး ဖက်ရှင်ပစ္စည်းနဲ့ အမှတ်တရပစ္စည်း အရောင်းဆိုင်များ ကုန်တိုက်ကြီးများ စားသောက်ဆိုင်များ လမ်းလျှောက်နေသူများ ဓါတ်ပုံမှတ်တမ်းတင်နေသူများနဲ့ အမြဲလို စည်ကားနေတာကို တွေ့မြင်ရမှာပါ၊ ဒီနေရာကတော့ စည်ကားလှသလို သွားရေးလာရေး ကလည်း လွယ်ကူပါတယ်၊ Hlavni Nadrazi ဘူတာကြီးကနေ ဒီနေရာကို လာမယ်ဆိုရင်တော့ မြေအောက်ရထား စီလိုင်းကို တဘူတာစီးပြီး Muzeum ဘူတာမှာဆင်းပြီး အပေါ်ထွက်လိုက်ရင် ရောက်ပါပြီ၊  Staré Město လို့ခေါ်တဲ့ မြို့ဟောင်းရှိရာ Staroměstské náměstí (cs) Old Town Square ကိုသွားမယ် ဆိုရင်လည်း ဆယ်လေးငါးမိနစ် လမ်းလျှောက်သွားရုံနဲ့ ရပါတယ်။
Staroměstské náměstí  (cs) Old Town Square
ဒီနေရာကတော့ ပရာဟာမြို့ရဲ့ အဓိကမြို့လယ်ခေါင်လည်းဖြစ် မူလမြို့ဟောင်း နေရာလည်းဖြစ်ပြီး ၁၄ ရာစု ၁၅ ရာစုက ဆောက်လုပ်ခဲ့တဲ့ အိမ်များအဆောက်အဦးများကို ယနေ့တိုင်တွေ့မြင်နိုင်တဲ့ နေရာဖြစ်ပါတယ်၊ ၁၄ ရာစု Gothique ဂေါသေ့ခ်ခေတ်ပုံစံ Kostel Matky Boží před Týnem (cs) Church of Our Lady before Týn ဘုရားရှစ်ခိုးကျောင်းကြီးရယ် မြို့တော်ခန်းမအဟောင်းကြီးနဲ့ တဆက်တည်း ဒီမြို့ဟောင်းရင်ပြင်မှာဘဲ နာမည်ကျော် လူသိများတဲ့ ဥရောပအလယ်ခေတ် ၁၄၁၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ Staroměstský orloj (cs) Medieval Astronomical Clock နက္ခတ္တနာရီကြီး တည်ရှိပါတယ်၊ ဒီနာရီကြီးဟာ ကမ္ဘာ့ရဲ့တတိယမြောက် အအိုဟောင်းဆုံးသော နက္ခတ္တဗေဒဆိုင်ရာ နာရီကြီး ဖြစ်ပြီး ယခုထက်ထိတိုင်အောင် အသုံးပြုလို့ရနေဆဲ နာရီပါ၊ ဒီနာရီကြီး တနာရီတခါ အသံ မြည်တာကို လာရောက်ပြီး နားထောင်ကြ ကြည့်ကြတဲ့သူတွေ ဓါတ်ပုံရိုက်ကြတဲ့ သူတွေကတော့ အမြဲဆိုသလို ကြိတ်ကြိတ်တိုးလို့ စည်ကားနေတာပါဘဲ၊ ဒီနာရီကြီး နှစ် ၆၀၀ ပြည့်ပွဲကို ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့က ကျင့်ပခဲ့ပါတယ်၊ အဲဒီ နာရီကြီးတည်ရှိရာ Old Town Square ရဲ့ အိမ်နံပတ် ၃ ကလည်း ၁၄ ရာစုနှောင်းပိုင်းကာလက စတင်တည်ရှိခဲ့တဲ့ ရှေးဟောင်းအိမ်ကြီး တလုံး ဖြစ်ပြီး ချက်ဘာသာစကားနဲ့ Dům u Minuty လို့ခေါ်တဲ့ The house “At the Minute” အိမ်ကြီးကို ၁၆ ရာစုအရောက်မှာ ပြန်လည်ပြုပြင် မွမ်းမံရင်း Gothique ခေတ်နှောင်းပိုင်းပုံစံနဲ့ Renaissance ခေတ်ဗိသုကာပုံစံတွေ ရောယှက်နေတဲ့ အဆောက်အဦးတခုအဖြစ် ဒီကနေ့မှာ တွေ့မြင်နေရတာပါ၊ အဲဒီအိမ်မှာတော့ ချက်လူမျိုး နာမည်ကျော် ဝတ္ထုတိုဆရာ Franz Kafka ငယ်ရွယ်စဉ် ကလေးဘဝ ၁၈၈၉ ခုကနေ ၁၈၉၆ ခုနှစ်ထိတိုင်အောင် သူ့မိဘများနဲ့အတူ နေထိုင်သွားခဲ့ဖူးပါတယ်။
သက်တမ်း ခြောက်ရာကျော်နေပေမဲ့ တနာရီတခါ မြည်နေဆဲ နက္ခတ္တနာရီ Staroměstský orloj
Dům u Minuty house with Sgraffito decoration, No.3.Old Town Square, Prague.
Pražské Jezulátko (cs) Infant Jesus of Prague
Kostel Panny Marie Vítězné (cs) Church of Our Lady Victorious
ဗလ်တာဗာမြစ်အနောက်ခြမ်းမှာရှိတဲ့ Malá Strana ရပ်ကွက်မှာတော့ ၁၅၈၄ ကတည်ဆောက်ခဲ့တဲ့ Kostel Panny Marie Vítězné ဆိုတဲ့ ဘုရားကျောင်းတခု ရှိပါတယ်၊ အဲဒီဘုရားကျောင်းကို လာပြီး လေ့လာကြည့်ရှုသူ ပရိသတ်များပြားရခြင်း အကြောင်းကတော့ ဘုရားကျောင်းအတွင်းမှာ ရှိနေတဲ့ Pražské Jezulátko (cs) Infant Jesus of Prague ယေရှုခရစ်တော်ရဲ့ ခလေးဘဝပုံစံ ရုပ်တုတခု ကြောင့်ပါ၊ ဒီယေရှုခရစ်တော်ပုံ ၁၉ လက်မအရွယ် သစ်သားရုပ်တုလေးကို ၁၃ ရာစုခေတ်က စပိန် ပြည်မှာ ထုလုပ်ခဲ့တာလို့ ယူဆကြပြီး ၁၅၅၅ ခုနှစ်ခန့်ကမှစပြီး ဒီဘုရားကျောင်းမှာ လူအများ ကြည့်ရှုနိုင်အောင် ပြသထားခဲ့တယ်လို့ ဆိုကြပါတယ်၊ အဲဒီလိုဘဲ ၁၃ ရာစုခေတ်ကတည်းက ရှိခဲ့ တယ်ဆိုတဲ့ နောက်ရုပ်ထုတခုကတော့ စပိန်နိုင်ငံမြို့တော် မဒရစ်မြို့အနီး Atocha ရပ်ကွက်မှာရှိတဲ့ Santo Niño de Atocha ရုပ်ထုပါဘဲ၊ အဲဒီ Infant Jesus of Prague ရှိရာ ဘုရားကျာင်းကနေ အရှေ့သို့ ဆက်လျှောက်သွားရင်တော့ ၁၇၀၄ ခုနှစ်က တည်ဆောက်ခဲ့တဲ့ Baroque ဗိသုကာပုံစံ Kostel svatého Mikuláše (cs) St.Nicholas Church ဘုရားကျောင်းကို တွေ့ရမှာပါ၊ ဥရောပရှိ မြို့ကြီးတွေတိုင်းမှာ တွေ့မြင်ရမှာကတော့ ဘုရားရှစ်ခိုးကျောင်းများ ရဲတိုက်နန်းတော်ဟောင်းများ ခံတပ်ဟောင်းကြီးများ တံတားဟောင်းကြီးများ မုဒ်ဦးကြီးများသာ အများအပြား တွေ့ကြရမှာဖြစ်ပြီး အားလုံးကို ပြတိုက်အဖြစ် အသွင်ပြောင်းပြီး ထိန်းသိမ်းပြုပြင်ထားကာ လာရောက်လည်ပတ်သူတွေ အခကြေးငွေပေး ကြည်ရှု့ချင်လာအောင် စွဲဆောင်ထားပုံကတော့ အတုယူစရာ ကောင်းလှပါတယ်၊ လူဦးရေ ဆယ်သန်းကျော်နေတဲ့ ချက်နိုင်ငံကို လာပြီးလည်ပတ်ကြသူဦးရေ တနှစ်ကို ဆယ်သန်းခန့် ရှိပြီး လူဦးရေသန်းခြောက်ဆယ်ရှိတဲ့ ပြင်သစ်ပြည်ကိုတော့ ခရီးသွားသူ သန်းတရာနီးပါးလာရောက် လည်ပတ်ကြပါတယ်၊ ယူနက်စကို အသိအမှတ်ပြုထားတဲ့ World Heritage Sites စာရင်းမှာပါဝင် စာရင်းပေါက်တဲ့ နေရာဒေသ အဆောက်အဦးများကတော့ အီတလီနိုင်ငံမှာ ၄၉ ခုနဲ့ အများဆုံးရှိပြီး ပြင်သစ်ပြည်မှာ ၃၈ ခု ယူနိုက်တက်ကင်းဒမ်းမှာ ၂၈ ခု အင်ဒိုနီးရှားမှာ ၈ ခု ဗီယက်နမ်မှာ ၇ ခု ထိုင်းနဲ့ ဖိလစ်ပိုင်မှာ ၅ ခု မလေးရှားမှာ ၄ ခုရှိကြပြီး မောင်ရင်ငတေတိုရဲ့ ရွှေပြည်တော်မှာတော့ အခုထိတိုင် စာရင်းပေါက်ခြင်း မရှိသေးလို့လားမသိ အင်တာနက်စာရင်းမှာ ရှာဖွေမတွေ့ရှိရပါဘူး၊ ချက်နိုင်ငံမှာတော့ ၁၂ ခု စာရင်းပေါက်ပါတယ်၊ ချက်နိုင်ငံရဲ့ အဲဒီစာရင်းဝင်နေရာကြီး ၁၂ ခုထဲမှာမှ ဥရောပရဲ့ အလှပဆုံးမြို့တမြို့ဖြစ်တဲ့ ပရာဟာမြို့ဟောင်း တခုလုံးကို Historic Centre of Prague ဆိုပြီး World Heritage Site တခုအဖြစ် သတ်မှတ်ပြီး ထိန်းသိမ်းထားကြတာပါ။
ပရာဟာမြို့က အီဖယ်မျှော်စင် Petřín Tower
ကမ္ဘာအရပ်ရပ်မှာ ပါရီက အီဖယ်မျှော်စင်ပုံစံနဲ့ ခပ်ဆင်ဆင်တူအောင် တည်ဆောက်ခဲ့ကြတဲ့ အီဖယ် မူပွားမျှော်စင် အခုရေ သုံးဆယ်ကျော် ရှိတဲ့အထဲက တခုဖြစ်တဲ့ Petřínská rozhledna ခေါ် Petřín Tower ကို ၁၈၈၉ ခုနှစ် အီဖယ်တာဝါဖွင့်ပွဲကို သွားရောက်ကြည့်ခဲ့တဲ့ ချက်တိုးရစ်ကလပ်တခုကနေ ဦးစီးဦးဆောင်ပြုပြီး ၁၈၉၁ ခုနှစ်မှာ တည်ဆောက်ခဲ့ကြတာပါ၊ အမြင့် ၆၃ မီတာခွဲရှိတဲ့ ဒီမျှော်စင်ကို တည်ဆောက်ချိန် လေးလကျော်သာ ကြာမြင့်ခဲ့ပါတယ်၊ ပရာဟာမြို့ကို အလယ်ဥရောပရဲ့မြို့တော်အဖြစ်ယူဆထားကြသလို အလယ်ဥရောပရဲ့ ဒုတိယပါရီမြို့လို့ ခေါ်ကြသူများလည်း ရှိပါတယ်၊ ရှေး မူလလက်ဟောင်း လမ်းများ တံတားများ ဘုရားကျောင်းများ များစွာရှိနေသလို  ပရာဟာမြို့ပေါ်ရှိ လမ်းနဘေးက နေအိမ်အဆောက်အဦး တော်တော်များများကလည်း နှစ်တရာကျော် နှစ်ရာကျော် ကာလက တည်ဆောက်ခဲ့တာဖြစ်ပြီး အိမ်တအိမ်ချင်းစီရဲ့ ဗိသုကာ အနုပညာလက်ရာများကလည်းထပ်တူညီမဟုတ်ဘဲ ဘယ်အိမ်ကြည့်ကြည့် ထူးခြားနေသလိုပါဘဲ၊ ဒုတိယပါရီလို့ ဆိုသူတွေက ဆိုခဲ့ ကြပေမဲ့ မောင်ရင်ငတေ မျက်လုံးထဲမှာတော့ သိပ်ပြီးတော့ တူတယ်မထင်မိပါဘူး၊ သူ့အလှနဲ့သူပါ၊ ဒါပေမဲ့လို့ မြို့တွင်းလမ်းမကြီးတွေကို ဖွဲ့စည်းတည်ဆောက်ထားပုံကတော့ ကမ္ဘာပေါ်မှာ ပါရီမြို့ကို ဘယ်မြို့မှ မမှီနိုင်ဘူးလို့ မောင်ရင်ငတေ ရဲရဲကြီး ပြောနိုင်ပါတယ်၊ ပါရီမြို့နောက်မှာ မောင်ရင်ငတေ ရောက်ရှိခဲ့ဖူးတဲ့ ဥရောပမြို့ကြီးများထဲက တခြားမြို့ကြီးတွေထက်တော့ ပရာဟာကို စွဲစွဲထင်ထင် အရှိဆုံးပါဘဲ။
Hladová zeď Petřín (cs) Hunger Wall
Petřín Tower မျှော်စင်နဲ့ တဆက်တည်းမှာတော့ အုတ်တံတိုင်းနံရံကြီး တခုရှိပါတယ်၊ ချားလ် ၄ ဘုရင်ကြီးရဲ့ အာဏာပါဝါတက်ချိန်မှာ အမိန့်အရဆိုပြီး လူသားပေါင်းမြောက်များစွာရဲ့ ခွန်အားတွေ အသုံးပြုပြီး တည်ဆောက်စေခဲ့သော်လည်း အစာရေစာကိုတော့ ဝလင်အောင် မကျွေးမမွေးခဲ့လို့ နောက်ပိုင်းကာလ မှတ်တမ်းမှတ်ရာတွေ အထဲမှာတော့ Hunger Wall ဆိုပြီး အမည်ဆိုး တွင်ခဲ့တာ ဖြစ်ပါတယ်တဲ့၊ ချားလ်ဘုရင်ရဲ့ ရဲတိုက်ကြီးလုံခြုံရေးအတွက် ဒီတံတိုင်းကြီးကို ၁၃၆၀ ကနေ သုံးနှစ် တိုင်တိုင် တည်ဆောက်ခဲ့ရတာပါ၊ အခုအချိန်မှာတော့ Petřín တောင်ကုန်းပေါ်က အပန်းဖြေပန်းခြံ နဲ့အတူ ကမ္ဘာလှည့် ခရီးသည်တွေရဲ့ ဓါတ်ပုံရိုက် မှတ်တမ်းတင်စရာ နေရာတခု ဖြစ်နေပါပြီ၊ ဒီနံရံ တံတိုင်းကြီးကို ကြည့်ရတာ တချို့အစိတ်အပိုင်းတွေမှာ အသစ်လိုဖြစ်နေတာကိုတော့ သတိထားမိ လိုက်ပါတယ်၊  ဘုရင်ကြီးကိုယ်တိုင် အလုပ်သမားတွေနဲ့အတူတူ နေ့စဉ်ပါဝင် တည်ဆောက်ခဲ့တယ် ဆိုတာကတော့ ယုံတမ်းဒဏ္ဍာရီပုံပြင်အလား ရှိခဲ့ပါတယ်။
Katedrála svatého Víta (cs) St Vitus Cathedral ဘုရားကျောင်း
ဗလ်တာဗာမြစ်အနောက်ခြမ်းက နောက်တနေရာကတော့ ချားလ်ဘုရင်နန်းတော် ရဲတိုက်ကြီးရှိရာ ရဲတိုက်ရပ်ကွက်ခေါ် Hradčany ဆိုတဲ့ ရပ်ကွက်အပိုင်းပါ၊ ရဲတိုက်ကြီးနဲ့ သက်တမ်းအတူတူခန့်ရှိတဲ့ St Vitus Cathedral ဘုရားကျောင်းက ၁၂ ရာစုက ၁၆ ရာစုအတွင်း ထွန်းကားခဲ့တဲ့ Gothique ဗိသုကာပုံစံ ရိုမန်ကာသိုလိပ်ဘုရားကျောင်းပါ၊ ဒီနေရာမှာ မူလဘုရားကျောင်း တည်ရှိခဲ့တာက ၁၀ ရာစုခေတ် ကတည်းကဖြစ်ပြီး ဒီကနေ့ တွေ့မြင်နေရတဲ့ ဘုရားကျောင်း အဆောက်အဦကိုတော့  ၁၃၄၄ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၈၀ ကျော်ဆောက်လုပ်ခဲ့ရပါတယ်တဲ့၊ ပရာဟာရဲတိုက်နန်းတော်ကြီးနဲ့ တဆက်တစပ်တည်ရှိပြီး ဘိုဟေးမီးယားဘုရင်တွေ ဧကရာဇ်တွေ သမတကြီးတွေရဲ့ အုတ်ဂူသချိုင်းတွေလည်း ဒီနေရာမှာဘဲ မြုတ်နှံထားရှိပါတယ်၊ ကမ္ဘာမြေပေါ်မှာ အကျယ်ဆုံးသော နန်းတော်ဝင်းကြီးလို့ သတ်မှတ်ခြင်းခံရတဲ့ Pražský hrad (cs) Prague Castle  နန်းတော်ဝင်းကြီးက မြို့တမြို့နီးပါးကျယ်ပြီး အဲဒီ ဝင်းကြီးအတွင်းမှာ ဘုရားကျောင်းလေးကျောင်း နန်းတော်အိမ်ယာလေးအိမ် ပန်းဥယျာဉ်ကျယ်ကြီးငါးခု ခန်းမကျယ်ကြီးများ အဆောက်အဦငယ်များ များစွာရှိပါတယ်၊ ခေတ်အဆက်ဆက် ဗိသုကာပညာ အနုပညာလက်ရာ အမျိုးအစား စုံလင်လှ ပါတယ်၊ ၁၀ ရာစုနဲ့ ၁၃ ရာစုကြားက Romanesque ဗိသုကာလက်ရာဖြစ်သော Bazilika Sv. Jiří (cs) St George’s Basilica ဘုရားကျောင်းကလည်း ဒီနေရာမှာပါဘဲ၊ အခြားအဆောက်အဦးငယ် များစွာကတော့ ၁၇ ရာစု ၁၈ ရာစု Baroque ခေတ်ကပုံစံတွေများပါတယ်၊ ဒီလို ရှေးဟောင်းတွေကို ပြန်လည်ပြုပြင် မွမ်းမံထားတာပါ၊ ပြုပြင်ထိမ်းသိမ်းကြတဲ့နေရာမှာ ရှေးဟောင်းတန်ဘိုးတွေ ပျက်စီး မသွားအောင် လုပ်ဆောင်နိုင်ခဲ့တာမျိုးကိုတော့ ပညာရှင်ကြီးတွေရဲ့ မျက်လုံးများနဲ့ မြင်နိုင်ရုံမျှမက မောင်ရင်ငတေတို့ရဲ့ သာမန်မျက်လုံးတွေနဲ့ပါ မြင်တွေ့ရုံနဲ့ ခွဲခြားနိုင်ပါတယ်။
Strahovský klášter (cs) Strahov Monastery
Theological Hall (Teologický  sál) ပိဋကတ်တိုက်
ပရာဟာမြို့စွန် Strahov ရပ်ကွက်မှာရှိတဲ့ ဘုန်းကြီးကျောင်းဖြစ်လို့ Strahovský klášter,Strahov Monastery လို့ခေါ်တဲ့ ဘုရားကျောင်းကြီးထဲမှာ စာကြည့်ခန်းမကြီးနှစ်ခု ရှိပါတယ်၊ ဘုရားကျောင်း သက်တမ်းက အနှစ်ရှစ်ရာကျော် ကြာခဲ့ပြီဖြစ်သလို စာကြည့်ခန်းမကြီး နှစ်ခုဖြစ်တဲ့ Theological Hall (Teologický sál) နဲ့ Philosophical Hall (Filosofický sál) ကလည်း အခုဆိုရင် နှစ်ပေါင်း ၃၃၀ ကျော်ခဲ့ပါပြီ၊ ရှေးဟောင်း စာအုပ်စာတမ်းပေါင်း တသိန်းခွဲကျော် ရှေးပညာရှင်ကြီးများရဲ့ မူရင်း လက်ရေးစာမူပေါင်း နှစ်ထောင်ကျော်ကို သိမ်းဆည်းထားပါတယ်တဲ့၊ မောင်ရင်ငတေတို့ကတော့ ငယ်ငယ်ကျောင်းသားဘဝက ရပ်ကွက်ထဲမှာရှိတဲ့ စာအုပ်အငှားဆိုင်ကနေ ရုပ်ပြကာတွန်းစာအုပ် မဂ္ဂဇင်းစာအုပ် သိုင်းစာအုပ်အတွဲလိုက်လောက်ကိုသာ ငှားရမ်းဖတ်ရှုနေကြ ဆိုတော့ကာ ဒီလိုမျိုး ကျမ်းကြီးကျမ်းငယ်တွေကိုတော့ ဖတ်ရှုလေ့လာဖို့ စိတ်မဝင်စားတာကြောင့် အဲဒီလိုရှေးဟောင်းက စာကြည့်ခန်းမလိုမျိုးကို သိပ်စိတ်မဝင်စားလို့ အတွင်းထဲတော့ မဝင်ရောက်ခဲ့ကြောင်းပါ၊ ဘာသာ စကားကလည်း မွေးရာပါ စကားကိုတောင်မှ တောင်တလုံးမြောက်တလုံးလောက်သာ တတ်တာ ကြောင့်လည်း ဒီလို ပိဋကတ်တိုက်ကြီးအထဲကို ဝင်ရောက်ဖို့ စိတ်မပါတာကလည်း တကြောင်းပါ၊ အကြောင်းသင့်လို့ ရွှေပြည်တော်ကြီးဆီသို့ ပြန်လည်ရောက်ရှိခဲ့ရင်တော့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားစာကြည့်တိုက်ကြီး ရှိရာကို ရှာဖွေသွားရောက်ပြီး ကိုယ်တတ်တဲ့ ဘာသာစကားလေးနဲ့ ကိုယ်ဖတ်နိုင်တဲ့ စာကလေး ပေကလေးများကိုတော့ ဖတ်ချင်မိကြောင်းပါခင်ဗျာ။
ဘိုဟေးမီးယားနဲ့ အရှေ့ဂျာမန်နယ်စပ် ရထားလမ်းနဘေးက ကျေးရွာကလေး
 (တတိယပိုင်းဆက်ပါမည်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts