အဲဒီတောင်ကုန်း အထင်ကရဖြစ်လာရခြင်းတွေထဲက အကြောင်းတခုပါလို့ ပြောရင်ရနိုင်တဲ့ နေရာလေးတနေရာ တောင် ကုန်းရဲ့ မြောက်ဘက်ခြမ်း ကုန်းအဆင်းတနေရာမှာ ရှိပါတယ်။ Cabaret Au Lapin Agile သို့မဟုတ် Nimble Rabbit Cabaret လို့ ခေါ်ပါတယ်။
ဒီကနေ့ကာလမှာတော့ ညကိုးနာရီမှသာ ဖွင့်လှစ်ပြီး စားသောက်ဆိုင်လည်းမဟုတ် ဘားလို့လည်း မခေါ်ဆိုနိုင် ကပွဲရုံလို့ လည်း ပြောလို့မရနိုင်ပါတဲ့ ဆိုင်လေးတဆိုင် ဖြစ်နေပါပြီ။ ကပွဲကြည့်ရင်း ရှန်ပိန်လေးသောက်တဲ့ ဆိုင်တဆိုင်လို့ပြောရင် ပိုမှန်နိုင်ပါတယ်။ ဆိုင်မလာခင် ညစာ အရင်စားခဲ့ပါလို့ ကြေညာချက်ထုတ်ထားတဲ့ ဆိုင်အမျိုးအစားပါ။
ဟိုးအရင် အနှစ်တရာ့ငါးဆယ်လောက်တုန်းကတော့ စားစရာကော သောက်စရာပါ တွဲရောင်းခဲ့ဟန်တူပါတယ်။ ဈေးက လည်း သိပ်ကြီးလိမ့်မယ် မထင်မိပါဘူး။ တကယ်တော့ အဲဒီတောင်ကုန်းဝန်းကျင်မှာက ဟိုးအရင်တုန်းကကော ဒီကနေ့ မောင်ရင်ငတေတို့ ခေတ်အထိပါ သိပ်ပြီးတော့ ချမ်းသာသူ လူကုံထံများ မနေကြပါဘူး။ သာမန်လောက်သာ နေကြတာပါ။ ချမ်းသာသူထက် ဆင်းရဲသူက ပိုလို့များတဲ့ နေရာတခုပါ။ အဲဒါကြောင့်လည်း ဗန်ဂိုးတို့ ဂေါ်ဂင်တို့ ဆေဇန်းတို့ ပီကာဆိုတို့လို ပန်းချီကို ရူးသွပ်နေသူများ ဆင်းရဲမွဲတေနေစဉ် နေထိုင်ခဲ့ကြတဲ့ နေရာဖြစ်ဟန်တူပါတယ်။
၁၇၉၅ ခုနှစ်မှာ ဒီဆိုင်အဆောက်အဦးကို ဆောက်လုပ်ခဲ့ပြီး ၁၈၆၀ ခုနှစ်များမှာတော့ ဆိုင်အမည် Cabaret des Assassins တွင်ခဲ့ပါတယ်။ အဲဒီအမည်တွင်ရတဲ့ အကြောင်းရင်းကတော့ ၁၆၁၀ ခုနှစ် တုန်းက ပြင်သစ်ဘုရင် Henri IV ကို မြို့လယ်ခေါင် လမ်းမပေါ်မှာ ဓါးနဲ့ထိုး လုပ်ကြံသတ်ဖြတ်ခဲ့သူ François Ravaillac ပုံကို နံရံမှာ ရေးဆွဲထားလို့ အဲဒီလို အမည်တွင်ခဲ့ရတယ် ဆိုပါတယ်။
Le Cabaret du Lapin Agile (1913) (Photo Google) |
၁၈၈၀ ခုနှစ်မှာတော့ ကာရီကေချားပုံများရေးဆွဲသူ André Gill (၁၈၄၀-၁၈၈၅) ရဲ့ ရုပ်ပြောင်ပန်းချီ လက်ရာ ‘ယုန် စားပွဲထိုး’ ပန်းချီ ရုပ်ပုံကို အကြောင်းပြုပြီးတော့ Au Lapin Agile (Au Lapin à Gill) ဆိုပြီး ဆိုင်အမည်က ဒီကနေ့ထိတိုင် တွင်လာခဲ့တာပါ။ မောင်ရင်ငတေ ထင်တာကတော့ အဲဒီချိန်ခါ တွေတုန်းက ဆိုင်အမည်တွေကို သီးခြားရွေးချယ်အမည်ပေးလေ့ မရှိသေးပါဘဲ အစဉ်ပြေသလိုသာ ခေါ်ဝေါ်ခဲ့ကြရာကနေ ဒီလိုမျိုး ဆိုင်အမည်တွေ တွင်လာခဲ့ဟန်တူပါတယ်။
သက်တမ်း တရာ့ငါးဆယ် နီးပါး ရှိပြီဖြစ်တဲ့ အဲဒီ ဆိုင်ကလေးကတော့ ခပ်သေးသေး ခပ်ကျဉ်းကျဉ်း လေးသာပါ။ နှစ်ဆယ်ရာစု အစောပိုင်းခေတ်ရဲ့ နာမည်ကျော်ကြားသူများ အဲဒီဆိုင်သေးသေးလေးမှာ ထိုင်ဖူးခဲ့ကြတာကြောင့် နာမည်ကြီးလာခဲ့တာပါ။ ထိုင်ခဲ့ဖူးကြသူတွေကတော့ Toulouse-Lautrec, Amedeo Modigliani, Pablo Picasso, Auguste Renoir, Georges Braque, Maurice Utrillo, Max Jacob, Guillaume Apollinaire, Rivera, André Salmon, Manuel Ortiz, Jean Cocteau, Courteline တို့အပါအဝင် အနုပညာသမား စာသမားတွေ အတော်များများ ထိုင်ခဲ့ကြဖူးပါတယ်။ နာမည်ကျော် သရုပ်ဆောင်များ ဖြစ်ကြတဲ့ Rudolph Valentino, Vivien Leigh, Charlie Chaplin စသည် စသည်တို့လည်း ဒီဆိုင်လေး ရှိရာကို တကူးတက လာရောက်ပြီး ထိုင်ဖူးတယ်ရှိအောင် လာ ထိုင်သွားကြပါတယ်တဲ့။ တခြားသော နာမည်ကျော်သူများရော နာမည်မကျော်သူများလည်း ဒီဆိုင်မှာ လာရောက်ထိုင်ဖူးကြမှာကတော့ အသေအချာပါ။
Le Cabaret du Lapin agile (2015) (ဓါတ်ပုံ မရငတ) |
အဲဒီဆိုင်လေးကို နာမည်ပိုမိုကြီးစေခဲ့တာကတော့ အိုင်းစတိုင်းနဲ့ ပီကာဆိုတို့ တွေ့ဆုံစကားပြောဖူးခဲ့တာကလည်း အ ကြောင်းရင်း တချက်ပါ။ ဂျာမဏီနိုင်ငံတောင်ပိုင်း Ulm မြို့ကလေးမှာ မွေးဖွားခဲ့သူ Ashkenazi Jews ဂျူး မျိုးနွယ်ဖွား ရူပဗေဒပညာရှင် အတွေးအခေါ်ပညာရှင်နာမည်ကျော် Albert Einstein အိုင်းစတိုင်း (၁၈၇၉-၁၉၅၅) နဲ့ ပန်းချီဆရာပီကာဆို (၁၈၈၁-၁၉၇၃) တို့နှစ်ယောက် အဲဒီဆိုင်ကလေးမှာ အောက်တိုဘာလ ၈ ရက်နေ့ ၁၉၀၄ ခုနှစ်က တွေ့ဆုံဆွေးနွေး စကား စစ်ထိုး ပြောခဲ့ကြပါတယ်။ အယ်ဘတ် အိုင်းစတိုင်းရဲ့ Special Theory of Relativity (1905) သီအိုရီ ပီကာဆိုရဲ့ Les Demoiselles d’Avignon (1907) ပန်းချီကားတို့ မထွက်ပေါ်သေးမီကာလကပါ။ အိုင်းစတိုင်းနဲ့ ပီကာဆို တို့နှစ်ယောက် စကားပြောခဲ့ ကြတာကို Picasso at the Lapin Agile ဆိုပြီး အမေရိကန်လူမျိုး Steve Martin ဆိုသူက ပြဇာတ်ရေးသားပြီး ၁၉၉၃ ခုနှစ် နောက်ပိုင်းမှာ ကပြခဲ့တာမှာလည်း လူကြိုက်အလွန်များခဲ့ပါတယ်တဲ့။
ပန်းချီဆရာ André Gill ရဲ့ ‘ယုန် စားပွဲထိုး’ Le Lapin à Gill (ဓါတ်ပုံ မရငတ) |
နောက်ထပ် သေချာတာ တခုကတော့ ဒီဆိုင်ကလေးရဲ့ သမိုင်းကြောင်းအရရော တည်နေရာ အနေအထားကြောင့်ရော ဆိုင်ပုံစံလေးကရော ထိုင်ချင်စဖွယ်ပါ။ မောင်ရင်ငတေလည်း ထိုင်ချင်မိနေတာ ကြာလှနေပေမယ့်လို့ ဆိုင်ဖွင့်ချိန်က နေ့ခင်း နေ့လယ်မှာမဟုတ်ပါဘဲ ညကိုးနာရီ ဖြစ်နေတာကြောင့် ကိုယ်တတ်နိုင်တဲ့ တခွက်တဖလားလောက် ဝင်သောက်ဖို့က မလွယ်တာကတကြောင်း ဒကာခံမယ့် ခရိုဏီမရှိတာကတကြောင်း ငွေစကြေးစရွှင်ပါတဲ့ ခရိုဏီလက်သစ်တွေ ဒကာခံပါမယ် ဆိုရင်လည်း ညဘက် ဆိုင်ဖွင့်ချိန်ကို မရောက်ဖြစ်တာကတကြောင်း ဒီကနေ့ထိတိုင် မထိုင်ဖြစ်ခဲ့သေးပါဘူး။
ရေစက်ပါလာတဲ့ တနေ့မှာတော့ ထိုင်ဖြစ်ပါလိမ့်မယ် ထင်မိကြောင်းပါ။
အဲဒီ Le Cabaret du Lapin Agile ဆိုင်ရဲ့ ပုံတူပန်းချီကားတွေကို ရေးဆွဲကြသူတွေကတော့ ခေတ်အဆက်ဆက် အများအပြားရှိခဲ့မှာ သေချာပါတယ်။ ဒီတောင်ကုန်းကို မောင်ရင်ငတေ ရောက်ခဲ့တဲ့ အခေါက်တိုင်း လိုလိုမှာလည်း အပျော် တမ်းလေလား သင်တန်းသူ သင်တန်းသား ကျောင်းသားများ လေလား ပန်းချီရေးဆွဲ နေသူတွေကို တွေ့မြင်ရလေ့ ရှိပါတယ်။
Le Cabaret du Lapin Agile (2015) (ဓါတ်ပုံ မရငတ) |
မောင်ရင်ငတေ အွန်လိုင်းစာမျက်နှာတွေမှာ ရှာဖွေတွေ့ရှိခဲ့ရမိသလောက် Lapin Agile ဆိုင်ပုံတူကို အများဆုံး ရေးဆွဲခဲ့သူက တော့ ဒီ Montmartre တောင်ကုန်းသားလို့ ပြောမယ်ဆိုရင် ရနိုင်လောက်ပါတဲ့ Maurice Utrillo ဆိုသူပါ။
ပါရီမြို့သားပန်းချီဆရာ Maurice Utrillo (၁၈၈၃-၁၉၅၅) ကို La Butte Montmartre အနုပညာ တောင်ကုန်း အနီးက Rue du Poteau လမ်း အိမ်အမှတ် (ရှစ်) မှာ မွေးဖွားခဲ့တာပါ။
အမေဖြစ်သူ Suzanne Valadon (၁၈၆၅-၁၉၃၈) ကလည်း ပန်းချီဆရာမ တဦး ဖြစ်သလို Pierre-Auguste Renoir, Henri de Toulouse-Lautrec, Edgar Degas တိုရဲ့ ပန်းချီမော်ဒယ် ဖြစ်ခဲ့ဖူးသူ လို့ ဆိုကြပါတယ်။ ပန်းချီဆရာ Maurice Utrillo ဟာ Montmartre တောင်ကုန်းသားပီသစွာနဲ့ အဲဒီကဖေးဆိုင် Lapin Agile ဆိုင်ပုံတူ ပန်းချီကားများကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရေးဆွဲခဲ့ပါသလဲလို့ဆိုတာကို မောင်ရင်ငတေ သေချာမသိနိုင်ပေမယ့် ရှာဖွေတွေ့ရှိ ရသမျှသော ပန်းချီဆရာ ဥူထရီယို ရေးဆွဲခဲ့ပါတယ်ဆိုတဲ့ ** လာပန် အာဂျီလ် *** ဆိုင်ကလေးရဲ့ ပုံတူ ပန်းချီကားများကို စုဆောင်း တင်ပြလိုက်ရ ပါတယ်ခင်ဗျား။
Le Cabaret du Lapin Agile (2015) (ဓါတ်ပုံ မရငတ) |
စာဖတ်သူ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း . ……. နဲ့ အတူ ဒီ ဆိုင်ကလေးရှေ့ကို အတူ ရောက်ရှိခဲ့ဖူးသူများကိုလည်း အထူးသတိယမိကြောင်းပါ။
ဒီဆိုင်လေးနဲ့ ကပ်လျှက်မှာတည်ရှိတဲ့ La Maison Rose ဆိုတဲ့ ပန်းရောင်နှင်းဆီ ကဖေးဆိုင်လေးနဲ့ စပျစ်စိုက်ခင်း အပါအဝင် Montmartre အနုပညာ တောင်ကုန်း ဝန်းကျင် အကြောင်းတွေကိုလည်း ကြုံကြိုက်လာမယ်ဆိုရင် ရေးပါအုံးမယ်။
မောင်ရင်ငတေ ၀၈၀၇၂၀၁၅ ၂၀၀၈၂၀၁၅