ရသဆောင်းပါးစုံ

နေလင်းညီ – ထီထိုးသူများ

 

နေလင်းညီ  – ထီထိုးသူများ

(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၅

နယ်မြို့လေးတစ်မြို့တွင် နေထိုင်သော ဦးဘပွားမိသားစုကို စာရေးသူကောင်းစွာသိသည်။ သူတို့က ခပ်ညံ့ညံ့တွေမဟုတ်။ မျက်စိဖွင့် နားစွင့်သူများဖြစ်သည်။ စာဖတ်သည်။ ရေဒီယို နားထောင်သည်။ ကြားတိုင်း ယုံသူများ မဟုတ်။ ချင့်ချိန်စဉ်းစားနိုင်သူများဖြစ်သည်။

 

၂၀၁၅-နိုဝင်ဘာ ၈-ရက် မတိုင်မီ ၂-လလောက်က ဦးဘပွါး ရန်ကုန်သို့ တက်လာသည်။ ဘယ်ပါတီတွေကို မဲပေးရကောင်းမလဲဟု လူထွေးကို မေးသည်။ လူထွေးကတော့ သူ့အမြင်ကို ရိုးရိုးရှင်းရှင်းလေး ပြောပြသည်။ 

 

‘ဦးလေးရေ….ဒီလိုဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ခေါင်းဆောင်တွေ အချင်းချင်း ပြည်သူတွေ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် ချစ်ချစ်ခင်ခင် မရှိကြလို့ ကမ္ဘာအလယ်မှာ မျက်နှာငယ်မွဲတေနေကြရတယ်။ တစ်ဦးချင်း၊ တစ်ယောက်ချင်းရဲ့ အရည်အသွေးနဲ့ ပတ်သက်ရင်တော့ မညံ့ကြပါဘူး။ ဒါပေမဲ့ ပုဂ္ဂလိက အကျိုးစီးပွါး၊ သြဇာအာဏာကို ဦးစားပေးမိကြလို့ ပြည်သူနဲ့ နိုင်ငံ နစ်နာသွားတာလို့ သုံးသပ်ချင်ပါတယ်။ အာဏာလက်ရှိ အုပ်စုတွေကလဲ သူတို့ အာဏာ လက်မလွှတ်ရရေးနဲ့ အတိုက်အခံဆိုသူတွေကို ဖိနှိပ်နိုင်ရေး ဆိုပြီး လုပ်ရင်း၊ လုပ်ရင်း ပြည်သူက မွဲသထက်မွဲ နိုင်ငံက နာသထက် နာလာတယ်။ ဟိုဝန်ကြီးက ၀န်ခံသွားပြီဗျ။ တပည့်တော်တို့က တရုတ်ကိုလဲ ကြောက်နေရတယ်ဘုရားတဲ့။ အလွန်ရိုးသားပြီး၊ ပကတိဖြစ်ရပ်မှန်ကို ပြည်သူတွေသိအောင် သူ့နည်းသူ့ဟန်နဲ့ ဖော်ပြသွားတယ်။ အဓိပ္ပာယ်ကတော့ တရုတ်ရဲ့ ထီးရိပ်ကို မှီခိုရင်း မှီခိုရင်း၊ တရုတ်သြဇာခံလို ဖြစ်လာတယ်လို့ နိုင်ငံရေးသုတေသီအချို့က သုံးသပ်တယ်။ ရုရှားကိုလဲ အားကိုးရတဲ့အခြေအနေ။’

 

အမေရိကန်၊ အင်္ဂလန်စတဲ့ အနောက်အုပ်စုနဲ့ ရုရှား၊ တရုတ်စတဲ့ အရှေ့အုပ်စုက နိုင်ငံရေ်းမှာ ပြိုင်ဖက်တွေ။ စစ်အေးတိုက်ပွဲပြီးဆုံးသွားပြီလို့ ဆိုသူတွေက ဆိုကြပေမဲ့ စစ်အေးတိုက်ပွဲက အရှိန်လျော့သွားရာက ပြန်ပြီး ပြင်းထန်လာပြီလို့ ဆိုသူတွေက ဆိုကြတယ်။ သူတို့အုပ်စု၂-ခုရဲ့ ကျောင်းတော်က ရန်စတွေလဲ အများကြီးပဲ။ ဟိုတုန်းက ဒီ ၂-ခုကြားမှာ ညှပ်မိပြီး ဒုက္ခရောက်သွားတဲ့ နိုင်ငံတွေ အများသား၊ ကိုးရီးယားနိုင်ငံဆိုလဲ တောင်နဲ့မြောက် ၂-ခြမ်းကွဲသွားတာ အခုထိ ပြန်မပေါင်းနိုင်ကြသေးဘူး။ ဗီယက်နပ်လဲ ၂-ခြမ်းကွဲခဲ့ရာက ခေါင်းဆောင်ဟိုချီမင်းကြောင့် ပြန်ပေါင်းနိုင်ခဲ့ကြတယ်။

 

လူထုခေါင်းဆောင်ဆိုသူရဲ့ ပြောဆိုသုံးသပ်ချက်တွေကလဲ အနောက်အုပ်စုရဲ့ ပုံစံကို ပုံတူကူးချမဲ့ပုံ ဖြစ်နေတယ်။ ဒါလဲအန္တရာယ်ကြီးတာပဲ။ လူအခွင့်အရေးကို အပြည့်အ၀ ပေးရမယ်လို့ အော်ဟစ်နေကြတယ်။  အမျိုးဘာသာ၊ သာသနာနဲ့ ယဉ်ကျေးမှုအတွက် သတိထားရမဲ့ အနေအထားပေါ့။ 

 

အဲ့ဒီတော့ ကျွန်တော်က တခါတခါ အားငယ်စိတ်လေးဝင်မိတတ်တယ်။ ဒုတိယ ကမ္ဘာစစ်မတိုင်မီက မြန်မာ့နိုင်ငံရေးလောကမှာ အိန္ဒိယနိုင်ငံနဲ့ တွဲနေမလား၊ ခွဲနေမလားဆိုပြီး ငြင်းခုန်ခဲ့ကြတယ်။ တွဲရေးခွဲရေးပြဿနာကြောင့် ဖြစ်လိုက်ကြတဲ့ ငြင်းခုန်မှုတွေ။ ဖြစ်လိုက်ကြတဲ့ စိတ်ဝမ်းကွဲမှုတွေ။ လင်နဲ့မယားတောင်ရန်ဖြစ်တယ်။ ညီအကိုချင်းတောင် မတည့်ကြဘူး။ ဆရာနဲ့ တပည့်တောင် စကားမပြောနိုင်ကြတော့ဘူး။ အဲဒီအချိန်မှာ တို့ဗမာအစည်းအရုံးက သခင်တွေ ဘာပြောခဲ့သလဲ။ ခွဲရေး တွဲရေးဆိုတာ ဘယ်ဖက်ခြေဖ၀ါးအောက်မှာ နေမလား၊ညာဖက်ခြေဖဝါးအောက်မှာနေမလားလို့ မေးတာပဲတဲ့။ ဘယ်အောက်မှာမှ မနေချင်ဘူး။ ကျွန်ဟာကျွန်ပဲ။ လွတ်လပ်ရေးပဲလိုချင်တယ် ဆိုပြီး ပြောခဲ့ကြတယ်။

 

ကျွန်တော်က အရှေ့အုပ်စုရဲ့ သြဇာခံတပည့်လဲ မဖြစ်ချင်ဘူး။ အနောက်အုပ်စုရဲ့ သြဇာခံ တပည့်လဲ မဖြစ်စေချင်ဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ် မားမားမတ်မတ်ခိုင်ခိုင်ခံ့ခံ့ ရပ်တည်နိုငသော အင်အားတောင့်တင်းသော ဂုဏ်သိက္ခာရှိသော၊ ဘယ်သူ့ကိုမှ မျက်နှာချိုမသွေးရသော နိုင်ငံ၊ လူမျိုးဖြစ်ချင်တယ်။ ဒါက ဆန္ဒပေါ့။ ဆန္ဒနဲ့ဘ၀ တထပ်တည်းမကျနိုင်မှန်းလဲ သိပါတယ်။ ခြစားဆွေးမြေ့ပျက်ဆီးခဲ့တာက များနေတော့ အားနည်းနေတာလဲ ငြင်းလို့မရဘူး။ ပြည်ပက အကူအညီကို အားမကိုးလို့လဲ မရ၊ အားကိုးလွန်းပြန်ရင်လဲ အနိုင်ကျင့်ခံရအုံးမှာ ကြောက်ရနဲ့။ အဲဒီတော့ အကူအညီယူသင့်သလောက်ယူပြီး ခိုင် မာအားကောင်းအောင် ပါးပါးနပ်နပ် လုပ်ရမဲ့အခြေအနေ ဖြစ်ပါတယ်။ အဲဒါကို လုပ်နိုင်ဖို့ဆိုရင် အမြော်အမြင်ရှိပြီး စည်းလုံးညီညွတ်ရေးကို တည်ဆောက်ဖို့က ပထမအရေးကြီးတယ်။ အဲသလိုသဘောပေါက်သူ၊ အရည်အချင်းရှိပြီး၊ စိတ်ကောင်းစေတနာရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးသင့်တယ်ထင်ပါတယ်။ ပါတီနောက်ခံကို မကြည့်ပဲ လူကိုပဲ ကြည့်ဖို့လိုတယ် ထင်ပါတယ်။”

 

ဦးဘပွါးသည် ခေါင်းတငြိမ့်ငြိမ့်လုပ်ကာ နယ်သို့ပြန်သွားသည်။ ရွေးကောက်ပွဲရလဒ်များ ထွက်လာသောအခါ NLD ကအပြတ်အသတ် အကြီးအကျယ်နိုင်သွားသည်။ ဦးဘပွါးတို့ မြို့နယ်မှာလဲ NLDကပဲ နိုင်သည်။

ဦးဘပွါးသည် ဟိုတနေ့က လုပ်ငန်းကိစ္စတစ်ခုဖြင့် စာရေးသူထံ ဖုန်းဆက်သည်။ ‘ ဘယ်ပါတီကို မဲထည့်ဖြစ်ကြလဲ ’ဟု စပ်စုမိသည်။ ‘မိသားစုအားလုံး၊ တစ်ရပ်ကွက်လုံး NLD ကိုပဲ ပေးကြတယ်’ ဟုဖြေသည်။ ‘ဘယ်လိုတွေးပြီး ပေးကြတာလဲ’ ဟု ပြန်မေးရာ သူက ရိုးသားပွင့်လင်းစွာ ဤသို့ ဖြေပါသည်။

 

‘ ဆရာရေ … ဘယ်လိုတွေးသတုံးဆိုတော့ ကံစမ်းမဲ ထိုးကြတာပေါ့။ ဒေါ်စု နယ်လှည့် စည်းရုံးရေး လုပ်တော့ သူတို့ပြတ်ပြတ်သားသားနိုင်မှ ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မယ်တဲ့ ။ပြီးခဲ့တဲ့ ၅-နှစ်အတွင်း ကျွန်တော်တို့ ပြည်သူတွေ ဘာမှ ထူးထူးခြားခြား ကောင်းမွန်ပြောင်းလဲလာတယ်လို့ မခံစားရဘူး။ ခက်ခဲကြ၊ ရုန်းကန်နေကြရတုံးပဲ။ ဟိုအာဏာရှင်တွေ ကာလကြာရှည်လုပ်လာခဲ့တာ အလုပ်ဖြစ်ဖို့ ဝေးရော၊ ဖြူခါ ပြာခါ ကျနေတယ်။ သူတို့ကို အားကိုးလို့မရဘူးဆိုတာ သေချာတာပေါ့။ အခြားပါတီတွေကလဲ အင်နဲ့အားနဲ့ လုပ်ရဲကိုင်ရဲ ပြောရဲဆိုရဲ မဟုတ်ကြတော့ အာဏာရှင်လက်သစ်တွေရဲ့ လောင်းရိပ် မိနေအုံးမှာပဲလို ကျနော်တို့ ယူဆတယ်။ ဒေါ်စုကတော့ ဆရာပြောသလို အနောက်အုပ်စုရဲ့ လောင်းရိပ်မိနိုင်ပေမဲ့ အလုပ်ဖြစ်ချင်ဖြစ်သွားမယ်။ ကျနော်တို့က ချဲ တို့ ထီတို့ထိုးတာ ၀ါသနာပါပြီးသားလေ။ အဲဒီတော့ လုံးဝ အလုပ်ဖြစ်မှာ မဟုတ်လောက်တဲ့သူတွေကို ချန်ထားခဲ့ပြီး၊ အလုပ်ဖြစ်ကောင်းဖြစ်နိုင်တဲ့ NLD ကို ကံစမ်းမဲ ထိုးသလို ထိုးကြည့်ကြတာပါ။ 

 

ကျနော်တို့ ရပ်ကွက်ထဲက အငြိမ်းစား ကျောင်းအုပ်ဆရာကြီးပြောတာကို သဘောကျသွားတာလဲပါ ပါတယ်။ ဘာပြောလဲဆိုတော့ ( ဒေါ်စုတို့ NLD လဲ ခြောက်ပစ်ကင်းလို့ မပြောနိုင်ပါဘူး။ အာဏာရသွားရင်လဲ စွံချင်မှ စွံမှာပါ။ ဒါပေမဲ့ သူတို့ တိုင်းပြည်ကို ဖျက်ဆီးသည်ပဲ ထားဦး။ ဖျက်နိုင်လှ ၅-နှစ်ပေါ့။ ဟိုလူတွေက နှစ် ၅၀-ဖျက်ခဲ့ပြီးပြီ။  နှစ် ၅၀-ဖျက်တာကို ၅-နှစ်က မှီမှာ မဟုတ်ဘူး။ ထီတောင်ထိုးကြသေးတာပဲ။ NLD ကို တာဝန်ပေးကြည့်ရင် မကောင်းဘူးလား) တဲ့။ အဲ့ဒီစကားကို ခိုက်သွားတာ။’

 

ဦးဘပွါးက ထိုသို့လိပ်ပတ်လည်အောင်ရှင်းပြပြီး၊ “ဆရာကော ဘယ်ပါတီကို ထည့်သလဲ” ဟု မေးပါသည်။ ‘လူပဲ ကြည့်ပြီးပေးတော့ ၃-ပါတီ ၃-မဲ ပဲ’ ဟု ဖြေလိုက်သည်။ သူတို့ကော ဘယ်လောက်မဲရကြသလဲဟုမေးရာ ‘ရာဂဏာန်းတောင် မရကြဘူးလို့ ကြားရတယ်ဗျ’ ဖြေလိုက်သည်။ စာရေးသူက ထပ်၍ ပြောလိုက်ပါသည်။

 

‘သူတို့ မဲမရလို့ ညံ့တယ်မထင်ပါဘူး။ ဒီမိုကရေစီဆိုတာ မကျင့်သုံးတတ်ရင် ကျင့်သုံးတာမှားရင် အများစုက အနည်းစုကို အနိုင်ကျင့်တဲ့ စနစ်ပဲ။ ကျနော်ကတော့ အာဏာရှင်လဲ မကြိုက်ဘူး။ ဒီမိုကရေစီလဲ မသုံးတတ်ရင် အန္တာရာယ်လို့ မြင်တယ်။ ဘယ်စနစ်နဲ့ပဲသွားသွား ဗြဟ္မစိုရ်တရားထွန်းကားရင် ငြိမ်းချမ်းမယ်။ ဖွံ့ဖြိုးမယ်။ ဗြဟ္မစိုရ်တရားဆိတ်သုဉ်းရင် ဆူပူမယ်၊ ဆင်းရဲမယ်။ ဗြဟ္မစိုရ် ၄-ပါးဆိုတာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ပါပဲ။’

 

 

 

နေလင်းညီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “နေလင်းညီ – ထီထိုးသူများ
  1. သိပ်မှန်တာပေါ့ဗျာ၊ NLD တို့ဒေါ်စုတို့ကိုမကြိုက်တော့ရင် မဲမပေးဘဲဖြုတ်ချနိုင်တဲ့အခွင့်အရေးရှိတယ်။ ဒီကောင်တွေကပြည်သူ့အော့ကြောလန်ဖြစ်နေပေမဲ့ သူတို့ကိုကိုဖြုတ်နိုင်ဖို့က အနှစ်ငါးဆယ်လောက် သေနတ်စာ၊ ထောင်ဒါဏ်တွေကြားကမနည်းလုပ်ခဲ့ရတာဆိုတော့ NLD ကိုဘဲ မဲပေးကြတာပေါ့။

Comments are closed.