မင်းညွှန့်လှိုင်

Min Nyunt Hlaing – Poem

သီ ဟ က ထာ
မင်းညွှန့်လှိုင်
သြဂုတ် ၅၊ ၂၀၁၃


ခင်ဗျားကိုယ်လုံးက
တိရိစ္ဆာန်ကိုယ်လား လူကိုယ်လား
ခင်ဗျားအမြီးနဲ့ ခင်ဗျားအမောက်
ဖြောင့်တန်းပါရဲ့လား ခြင်္သေ့။
ခင်ဗျားရဲ့ သတ္တိဗျတ္တိက
ကိုယ်ရဖို့လား သူရဖို့လား
မီးဝင်းဝင်းတောက်လောင်ဆဲ
ခင်ဗျားမျက်လုံးတွေ
ရှေ့ကိုမျှော်နေသလား
နောက်ကြောင်းပြန်ကြည့်နေသလား ခြင်္သေ့။
အမုန်းနဲ့ အာဃာတနဲ့ ရမ္မက်လောဘနဲ့
ချွန်မြိနေတဲ့အစွယ်ဖွေးဖွေးမှာ
သွေးဆာနေတဲ့ နီစွေးလျှာဖျားမှာ
တောဘယ်နှစ်တော တောင်ဘယ်နှစ်တောင်
မြစ်ဘယ်နှစ်မြစ် စိုက်ခင်းဘယ်နှစ်ခင်း
ကံဆိုးမိုးမှောင်ကျခဲ့ပြီလဲ ခြင်္သေ့။
ခင်ဗျား
ရွှေထီးအဟောင်းကို အိပ်မက်နေသလား
တောသုံးထောင်ကို စားမြုံ့ ပြန်နေသလား
အမှောင်ထုကို သိုလှောင်ရာ
ကြေးသွန်းခေါင်းပွ ဦးခေါင်းခွံမှာ
ကဗျာဆရာ့စကား
နာကြားနိုင်တဲ့ နားရွက်
ခင်ဗျားတပ်ဆင်ခံရလား ခြင်္သေ့။
ရုတ်တရက်ကြီး မြှားခွင်းခံရ
ရုတ်တရက်ပဲ သေဆုံးသွား
ကိုယ်သေဆုံးတာလည်းကိုယ်မသိ
ကိုက်မယ်ဖြဲမယ်ဆိုတာချည်းပဲ
သွေးနထင်ဆောင့် ခေါင်းပြတ်တစ်လုံး
ကိုယ်လုံးနဲ့ အိုးစားကွဲတာတောင်မှ
အာခံတွင်းထဲ မိုးချုန်းသံကိုကြိတ်ဝါး
ကြုံးဝါးလို့ကောင်းတုန်းလား ခြင်္သေ့။  ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts